ပန်းမြိုင်လယ်စိန်ဝင်း
ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီး၌ ပင်လယ်သမုဒ္ဒရာများ၏ ရေလွှမ်းမိုးမှုက ၇၀ ရာခိုင်နှုန်းဖြစ်ပြီး ကုန်းမြေမှာ ၃၀ ရာခိုင်နှုန်းမျှသာရှိသည်။ ထို ၃၀ ရာခိုင်နှုန်းထဲတွင် သဲကန္တာရကြီးများလည်း ပါဝင်သည်။ ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ဟူသော စကားရပ်သည် အလွန်လိုအပ်သောအရာဖြစ်လာနေသည်။ ဖွံဖြိုးတိုးတက်မှုနှင့်အတူ ကမ္ဘာ့လူဦးရေသည်လည်း ရပ်တန့်နေသည်တော့မဟုတ်ပါ။ နေ့စဉ်နှင့်အမျှ အစဉ်တိုးပွား လာနေပေသည်။
လွန်ခဲ့သော ၁၉၉၀ ပြည့်နှစ်က ကမ္ဘာ့လူဦးရေ သန်း ၁၆၀၀ သာရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်
နိုဝင်ဘာ ၁၅ ရက်တွင် ကုလသမဂ္ဂထုတ်ပြန်ချက်အရ ကမ္ဘာ့လူဦးရေသည် သန်းပေါင်း ၈၀၀၀ ပြည့်ခဲ့ပြီဖြစ်
သည်။ ထိုတိုးပွားလာသည့် လူဦးရေအတွက် စားဝတ်နေရေးပြဿနာသည် ကြီးမားလှချေသည်။ ပညာရှင်တို့၏
တွက်ဆမှုအရ ၂၀၅၀ ပြည့်နှစ်အရောက်တွင် ကမ္ဘာ့လူဦးရေမှာ ၉ ဒသမ ၆ ဘီလီယံ အထိ တိုးပွားလာမည်ဟု
ခန့်မှန်းထားသည်။ ထိုပြဿနာကို ဖြေရှင်းရန်မှာ လူဦးရေနှင့် အချိုးညီစွာ စားရေရိက္ခာအတွက်စိုက်ပျိုးရေးကို
မြေလွတ်မြေရိုင်း၊ ပင်လယ်နှင့် သဲကန္တာရများပါမကျန် စိုက်ပျိုး သီးနှံထုတ်လုပ်နိုင်အောင်
ကြိုးစားကြရပါတော့မည်။
လူတို့၏ လောဘပယောဂကြောင့် ကမ္ဘာ့ဂေဟစနစ်ကြီး ပျက်စီး
သဲကန္တာရများတွင် စားပင်သီးပင်များ စိုက်ပျိုးပြီး သဲကန္တာရကို စိမ်းလန်းစိုပြည်သော
အရပ်ဒေသ အဖြစ် ပြောင်းလဲနိုင်အောင်လည်း ကြံဆောင်ကြရပါမည်။ ဖြစ်နိုင်ပါမည်လားဟု မေးစရာရှိပါသည်။
တိုးတက်လာနေသည့် စက်မှုခေတ်မှသည် နည်းပညာခေတ်သို့ပင် ရောက်ရှိလာပြီဖြစ်ရာ မဖြစ်နိုင်ဟူ
သည် မရှိပါဟုသာ ဖြေရပေလိမ့်မည်။ လူတို့သည် တိုးတက်ပြောင်းလဲမှုဖြင့် ကောင်းမွန်သော
လူနေမှု ဘဝကို ဖန်တီးနိုင်သကဲ့သို့ လူတို့၏ လောဘပယောဂကြောင့်လည်း ကမ္ဘာ့ဂေဟစနစ်ကြီး
ပျက်စီးခဲ့ရသည်။ သယံဇာတ သစ်ပင်၊ သစ်တောများ ပြုန်းတီးခဲ့ရသည်။ ကျောက်မီးသွေးနှင့် လောင်စာသုံး
စက်ရုံအလုပ်ရုံများကား၊ ရထားမီးစက်စသော လောင်စာဆီသုံး အင်ဂျင်စက်များကြောင့် ကာဗွန်ဓာတ်ငွေ့များစွာ
ထုတ်လွှတ်ခဲ့ကြသည်။ ထို့ပြင် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုများကြောင့်လည်း ကမ္ဘာကြီး
ပူနွေးလာပြီး ရာသီဥတုဖောက်ပြန်လာခဲ့ရသည်။ ထိုယိုယွင်းမှုများကို ပြန်လည်ကယ်တင်နိုင်ရန်အတွက်
၁၉၇၅ ခုနှစ် ဇွန် ၅ ရက်မှ ၁၇ ရက်အထိ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအတွက်
ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်များက ပထမဆုံးစတင်ဆွေးနွေးကြသော ကုလသမဂ္ဂလူသားများနှင့်
သဘာဝပတ်ဝန်း ကျင်ညီလာခံမှတစ်ဆင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment
Day) အဖြစ် သတ်မှတ်ခဲ့သည်။ “အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အခမ်းအနားကို
၁၉၇၃ ခုနှစ် ဇွန် ၅ ရက်မှစ၍ ကုလသမဂ္ဂပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ် (UNEP) မှ နှစ်စဉ်
မတူညီသော အထိမ်းအမှတ်ဆောင်ပုဒ်များ သတ်မှတ်၍ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အလှည့်ကျစနစ်ဖြင့်
လက်ခံကျင်းပပေးလျက်ရှိပါ သည်။
ယခု ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာ “သဲကန္တာရ
တိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” (Land
restoration, desertification and drought resilence) ပင်ဖြစ်သည်။ ထိုဆောင်ပုဒ်အရ သဲကန္တာရဖြစ်ထွန်းနေမှု
များကို တိုက်ဖျက်ပစ်ရမည်ဖြစ်သည်။ သဲကန္တာရ ဆိုသည်မှာ စိုက်ပျိုးမြေမဟုတ်သကဲ့သို့ လူနေအပ်
သောအရပ်လည်းမဟုတ်ပါ။ ထို့ကြောင့် သဲကန္တာရများ ထပ်မံဖြစ်ပေါ်မလာအောင် ကြိုတင်ကာကွယ်
ကြရမည်ဖြစ်သည်။ မိုးခေါင်ရေရှားဖြစ်မှုဒဏ်မှ ခံနိုင်ရန် မြေယာများကို ပြန်လည်ပြုပြင်
ဖော်ထုတ် ကြရပါတော့မည်။ ‘ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း’ (United
Nations Convention to Combat Desertification-UNCCD) အဖွဲ့က သဲကန္တာရဖြစ်ထွန်းလာမှု
ဝိသေသလက္ခဏာများကို ဤသို့သတ်မှတ်ထားပါသည်။ မိုးရွာသွန်းမှုပုံစံ မမှန်ခြင်း၊ မိုးရွာသွန်းမှု
အကြိမ်ရေနည်းပါးခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ လေထုနှင့် မြေထု
အပူရှိန်မြင့်မားမှုဒဏ်ကို ကြာရှည်စွာ ခံစားရခြင်း၊ အပူချိန်အတက်အကျ လွန်ကဲခြင်း၊ မြေဆီလွှာရေငွေ့ပြန်မှုနှုန်း
မြင့်မားခြင်း၊ စိုထိုင်းဆနိမ့်ခြင်း၊ မြေဆီခြောက်ခန်းခြင်းနှင့် မြေအရည် အသွေးအဆင့်အတန်း
နိမ့်ကျခြင်း၊ ရေနှင့် လေတိုက်စားမှုကြောင့် အပေါ်ယံမြေဆီလွှာ တိုက်စားမှုများ ခြင်းသည်
သဲကန္တာရဖြစ်ထွန်းစေမည့် အကြောင်းရင်းများပင်ဖြစ်ပါသည်။
သဲကန္တာရဖြစ်ထွန်းခြင်းနှင့် မိုးခေါင်ခြင်း၏အကျိုးသက်ရောက်မှု - သဲကန္တာရ ဖြစ်ထွန်းမှုသည်
အဓိကကျသော ပတ်ဝန်းကျင်ဆိုင်ရာပြဿနာ တစ်ရပ်ဖြစ်သည်။ သစ်နှင့်ထင်းများ အလွန်အကျွံ ထုတ်ယူခြင်း၊
စိုက်ပျိုးမြေများချဲ့ထွင်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ ဆည်တာတမံများ တည်ဆောက်ခြင်း၊ စားကျက်ချခြင်း၊
မြို့ရွာများ တိုးချဲ့တည်ထောင်ခြင်းစသည့်လုပ်ဆောင်ချက်များကြောင့် အပူပိုင်းဒေသသစ်တောများပြုန်းတီးခြင်း၊
မြေဆီလွှာပျက်စီးခြင်းများ ဖြစ်ပေါ်ပြီး အပူပိုင်းဂေဟစနစ် ပျက်စီးကာ သဲကန္တာရဖြစ်ထွန်းလာခြင်းပင်ဖြစ်သည်။
မြေဆီလွှာကပျက်စီး မိုးကခေါင် ပူပြင်းခြောက်သွေ့မှုက လွန်ကဲခြင်းကြောင့် စားနပ်ရိက္ခာများ
မထုတ်လုပ်နိုင် လူဦးရေကလည်း တစ်နေ့တခြား တိုးပွားလာနေခြင်းစသည်တို့ကြောင့် ဒေသနေပြည်သူများ
လူမှုစီးပွားဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်နေကြရတော့သည်။
ကမ္ဘာတစ်ဝန်း စိုက်ပျိုးနိုင်သော မြေအရည်အသွေး ကျဆင်း
ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း၏အဆိုအရ ယနေ့အချိန်တွင် ကမ္ဘာတစ်ဝန်း
စိုက်ပျိုးနိုင်သော မြေဧရိယာ၏ ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ မြေအရည်အသွေး
ကျဆင်းခဲ့ ကြောင်းသိရသည်။ သဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း၏ ထုတ်ပြန်ချက်အရ သဲကန္တာရ
ဖြစ်ထွန်းနိုင်သော အခြေအနေများကြောင့် နောင် ၁၀ နှစ်အတွင်း လူသန်းပေါင်း ၅၀ ကျော်သည်
အပူပိုင်းအရပ်ဒေသမှ အခြားအရပ်ဒေသများသို့ ပြောင်းရွှေ့ကြရမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။
၂၀၅၀ ပြည့်နှစ်တွင် မိုးခေါင်မှုနှင့် ပူပြင်းခြောက်သွေ့မှုအကျိုးဆက်များသည် ကမ္ဘာ့လူဦးရေ၏
လေးပုံသုံးပုံအပေါ် သက်ရောက်နိုင်မည်ဟုလည်း ခန့်မှန်းထားသည်။ အတိတ်ကို အခြေခံ၍ ပြန်ကြည့်ပါလျှင်
၂၀၀၀ ပြည့်နှစ်မှစတင်ပြီး မိုးခေါင်မှုကာလနှင့် အကြိမ်အရေအတွက်သည် ၂၉ ရာခိုင်နှုန်းတိုးလာခဲ့ပြီး
လူပေါင်း ၅၅ သန်းသည် မိုးခေါင်မှုဒဏ်ကို နှစ်စဉ်ခံစားရမည်ဖြစ်ကြောင်း၊ ၂၀၄၀ ပြည့်နှစ်တွင်
ကလေးလေးဦးတွင် တစ်ဦးနှုန်း ရေပြတ်လပ်မှုဒဏ် ခံစားရမည်ဖြစ်ကြောင်း ၁၉၀၀ ပြည့်နှစ်မှ
၂၀၁၉ ခုနှစ်အတွင်း မိုးခေါင်မှု၊ ပူပြင်းခြောက်သွေ့မှုကြောင့် လူပေါင်း ၂ ဒသမ ၇ သန်းအပေါ်
ဆိုးကျိုးသက်ရောက် ခဲ့ပြီး ၁၁ ဒသမ ၇ သန်း အသက်ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။
“အရင်းစစ်သော် အမြစ်မြေက” ဆိုသကဲ့သို့ ထိုသို့ဆိုးကျိုးဖြစ်ရခြင်းမှာ သစ်ပင်သစ်တောများ
ပြုန်းတီးခြင်းကြောင့်ပင်ဖြစ်သည်။ “ဥတုရာသီ တောကိုမှီ၏” “တောတောင်စိမ်းမှ စမ်းရေရ၏”
“ကျေးငှက်သားရဲ တောမှာမြဲ၏” “ကန္တာရသဲမြေ စိမ်းမြဝေစေ အိုအေစစ်နှင့် စိမ်းလန်းဖြစ်စေ
ရေကြည်အိုင်နှင့် ပနံတင့်စေ” ဟူသော ရည်မှန်းချက်ဖြင့် ကန္တာရမြေကို အခက်စိမ်းလန်း အရွက်ဝေဆာအောင်
ဆောင်ရွက်ကြရပါမည်။ သစ်ပင်သစ်တောကို ထိန်းသိမ်းကြရပါမည်။ “သစ်ပင်ခုတ်တော့ ဘာဖြစ်လဲ”
ဟု စောဒကတက်သူများကိုတော့ ဤဆရာဇော်ဂျီ၏ ကဗျာတို့ကို ရွတ်ပြချင်ပါသည်။
“တောပင်ကို တော်တော်ခုတ်ကြ၊ တောပြုတ် လိမ့်နောက်နောင်၊ တောပြုတ်လို့ တောပြောင်၊
မိုးခေါင်တော့မှာပဲ၊ မိုးခေါင်လို့ရေမကြွယ်၊ သဲပင်လယ် ဖြစ်လိမ့်မလွဲ…” အလွန်ပင်မှန်ကန်ပါသည်။
သစ်တောများသည် လူသားတို့အတွက် သစ်၊ ထင်း၊ ဝါး၊ ဆေး၊ အဝတ်အထည်၊ ပရိဘောဂ၊ အစားအစာအစရှိသည့်
သစ်တောထွက်ပစ္စည်းများသာမက ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ရေနှင့် လေကောင်းလေသန့်ရရှိစေရန်
သန့်စင်ပေးခြင်း၊ ကမ္ဘာ့လေထုကို ပူနွေးစေပြီး ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်သည့်
ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကို စုပ်ယူသိုလှောင်ပေးခြင်း၊ သဲကန္တာရဖြစ်ထွန်းမှုအား
တားဆီးခြင်း၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်းစသည့် ပတ်ဝန်း ကျင်ဆိုင်ရာ ဝန်ဆောင်မှုများကိုစဉ်ဆက်မပြတ်
အထောက်အပံ့ ပြုလျက်ရှိပါသည်။ ဆရာဇော်ဂျီ၏ သတိပေးကဗျာက ရိုးရှင်းပါသည်။ သစ်ပင်သစ်တော
များ မရှိတော့ဘူးဆိုပါလျှင် သဲပင်လယ်ဖြစ်ရမည်မှာ မလွဲပါဟု သတိပေးခေါင်းလောင်းသံဖြင့်
စပ်ဆိုထား ပါသည်။ သဲကန္တာရ၏ ဖြစ်တည်မှုအခြေအမြစ်ကို သေချာအောင် ဆန်းစစ်ဖွေလှစ်ကာ ဗဟုသုတအဖြစ်
လေ့လာကြည့်မိပါသည်။
“သဲကန္တာရများ ဖြစ်ပေါ်လာမှုအကြောင်းရင်း” အာဖရိကတိုက် မြောက်ပိုင်းရှိ ဆာဟာရ
(Sahara ) သဲကန္တာရသည် ကမ္ဘာပေါ်တွင် အကြီးဆုံး သဲကန္တာရဖြစ်သည်။ အတ္တလန္တိတ်သမုဒ္ဒရာမှ
ပင်လယ်နီဒေသအထိ မိုင်ပေါင်း ၃၂၀၀ ရှည်၍ မိုင် ၁၄၀၀ ကျယ်ပြီးလျှင် စတုရန်းမိုင် ၃၅၀၀၀၀၀
ကျယ်ဝန်း၏။ အတွင်းပိုင်း၌ ပေ ၇၀၀၀ မှ ပေ ၉၀၀၀ အထိမြင့်သော ကုန်းမြင့်မြေများရှိ၏။ ဥရောပတိုက်
နီးပါးမျှရှိသော ဤသဲကန္တာရကြီးသည် ရှေးအခါက အာဖရိကတိုက်၏ မြောက်ဘက်နံရံကြီးသဖွယ်ဖြစ်ခဲ့၏။
ထိုသဲကန္တာရကြီးကို ဖြတ်ကျော်သွားရန်ပင် ခဲယဉ်းလှသဖြင့် ဥရောပတိုက်သားတို့သည် အာဖရိကတိုက်အကြောင်း
နှစ်ပေါင်းများစွာ မသိရှိကြဘဲ နေခဲ့ကြရဖူးသည်။ ဆာဟာရသဲကန္တာရကြီးသည် နေ့အခါ၌ ဖာရင်ဟိုက်
ဒီဂရီ ၁၅၀ ကျော်အထိ ပူပြင်း၏။ ညအခါတွင်မူ လွန်လွန်ကဲကဲအေး၍လာပြန်ရာ ပြဒါးချိန်သည် ရေခဲအမှတ်ဒီဂရီအောက်သို့ပင်
ကျဆင်းသွားတတ်သည်။ ဤသို့ အပူအအေးလွန်ကဲစွာ ကွာခြားသောကြောင့် ကျောက်များသည် အပူအအေးပြောင်းလဲမှုဒဏ်ကို
မခံနိုင်ကြဘဲ ကွဲအက်ပြီး သဲမှုန်များဖြစ်လာကာ ကာလအကြာတွင် သဲကန္တာရကြီး ဖြစ်လာခဲ့တော့၏။
(ဆက်လက်ဖော်ပြပါမည်)

No comments:
Post a Comment