Saturday, May 11, 2024

ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် စက္ကူစက်ရုံ(ရေနီ) ကြည့်ရှုစစ်ဆေး

 


နေပြည်တော် မေ ၁၀

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ(ရေနီ)သို့ ရောက်ရှိပြီး စပါးစိုက်ပျိုးတောင်သူများ၊ MSME လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက်၍ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးရေးလုပ်ငန်းမှ ထွက်ရှိသည့် ကောက်ရိုးမှပျော့ဖတ်များ တစ်ပိုင်တစ်နိုင် ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်ခွဲခန်းသုံးပစ္စည်းများဖြင့် ကောက်ရိုးမှပျော့ဖတ် ထုတ်လုပ်သည့်လုပ်ငန်းစဉ်အဆင့်ဆင့်၊ စမ်းသပ် ထုတ်လုပ်သည့် ပျော့ဖတ်အရည်အသွေးတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးက စပါးစိုက်ပျိုးတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းမှ ထွက်ရှိသည့် ကောက်ရိုးများကို တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုခြင်းနှင့် သဘာဝမြေဩဇာများအဖြစ်သာ အသုံးပြုလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် ကောက်ရိုးမှပျော့ဖတ်ဖြစ်သည်အထိ တစ်ပိုင်တစ်နိုင် ထုတ်လုပ်နိုင်မည်ဆိုပါက ဝင်ငွေတိုးတက်ပြီး လူနေမှုအဆင့်အတန်းလည်း မြင့်မားလာမည့်အပြင် နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP)လည်း တိုးတက်လာမည်ဖြစ်ကြောင်း။

ယခုဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များသည် ဓာတ်ခွဲခန်းသုံးပစ္စည်းများဖြင့်သာ သုတေသနပြုဆောင်ရွက်နေခြင်းဖြစ်၍ စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်းများ၏ ဒီဇိုင်းပုံစံများကိုလည်း စနစ်တကျရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကောက်ရိုးမှ ပျော့ဖတ်ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရသည့် နည်းစဉ်အဆင့်ဆင့်တို့ကိုလည်း မှတ်တမ်းတင်ထားရမည်ဖြစ်ကြာင်း၊ နိုင်ငံတကာတွင် အသုံးပြုနေသည့် ကောက်ရိုးမှပျော့ဖတ် ထုတ်လုပ်သည့်နည်းစဉ်များကိုလည်း လေ့လာမှီငြမ်း ကိုးကားကြရမည်ဖြစ်ကြောင်းနှင့် ဓာတ်ခွဲခန်းအတွင်းရှိ အသေးစားစက္ကူစက်အား အမြန်ဆုံးကောင်းမွန်အောင် ပြန်လည်ပြင်ဆင်ဆောင်ရွက်ရန်မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တန် ၂၀ ကတ်ထူစက္ကူစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေးအတွက် စက်ပစ္စည်းများ စစ်ဆေးပြုပြင်ထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံအား သတ်မှတ်ရက်တွင် ပြန်လည်လည်ပတ်နိုင်ရေးအတွက် စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများကို အချိန်ဇယားများရေးဆွဲ၍ စနစ်တကျဆောင်ရွက်ရန်၊ စက္ကူထုတ်လုပ်သည့် ခေတ်မီနည်းစနစ်များကို ဝန်ထမ်းများ သိရှိနိုင်စေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးရန်၊ စက်ရုံမှထုတ်လုပ်မည့် ထုတ်ကုန်ပစ္စည်းများသည် ပြည်ပသွင်းကုန်အစားထိုးပစ္စည်းများဖြစ်၍ လုပ်ငန်းတာဝန်များကို အလေးအနက်ထားပြီး ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment