Saturday, May 11, 2024

ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 


နေပြည်တော် မေ ၁၀

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း၌ ဆောင်ရွက်လျက်ရှိသည့် Transportation Square စီမံကိန်း၊ Green City အိမ်ရာစီမံကိန်း၊ ကနောင်အိမ်ရာအပိုင်း(၂) စီမံကိန်း၊ ရိုးမရိပ်သာအိမ်ရာစီမံကိန်းနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)ရှိ အောင်မြင့်မိုရ် အိမ်ရာစီမံကိန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် ဆောင်ရွက်လျက်ရှိသည့် သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိပြီး စီမံကိန်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒ)နှင့် ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့က ပြည့်သူ့အငှား အိမ်ရာစီမံကိန်းနှင့်ပတ်သက်သည့် အချက်အလက်များကို Power Point ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုတ်တာများအသင်းချုပ်တို့မှ တာဝန်ရှိသူများက အိမ်ရာတည်ဆောက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ယခုဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်းသည် နိုင်ငံတော်အတွက် အရေးပါသည့်စီမံကိန်းဖြစ်သည့်အတွက် အလေးအနက်ထားဆောင်ရွက်ရန်၊ တိုက်အလုံး ၂၀ အား မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ရန်၊ ပြည်သူ့အငှားအိမ်ရာသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် အခန်းပေါင်း ၁၁၆၈ ခန်းအား ပြည်သူများနေထိုင်နိုင်ရေးအတွက် အခန်းနေရာချထားပြီးဖြစ်သဖြင့် ၂၀၂၄ ခုနှစ် ဇွန်လတွင် အခန်းပေါင်း ၈၁၀၊ ဇူလိုင်လတွင် ၈၆၄ ခန်း၊ ဒီဇင်ဘာလတွင် ၂၇၂ ခန်း အခန်း နေရာချထားရေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားပြီး သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်း လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ အငှားအိမ်ရာစီမံကိန်းရှိ တည်ဆောက်ပြီးအိမ်ရာများတွင် နေထိုင်ရန်အခက်အခဲရှိသည့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနှင့် အများပြည်သူများ နေထိုင်နိုင်ရေးအတွက် အိမ်ခန်းနေရာများ ချထားပေးလျက်ရှိသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ဆောက်ရွက်ပြီးစီးခဲ့သည့် ကမ္ဘာအေးကုန်းမြေရှိ ရွှေဟင်္သာကျောင်းဆောင် ခြောက်ဆောင်သို့ သွားသည့်လမ်းအား ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် တစ်ပါးထိုင်ကျောင်းဆောင် ခြောက်ဆောင် မွမ်းမံပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment