Friday, May 17, 2024

မဲနယ်တောင်တန်းပေါ်မှ ဖွံ့ဖြိုးရေးလမ်းကွန်ရက်များ ( ၁ )

 


ဝ ထ က လ သ(နတလ)

မတ်စောက်မြင့်ခေါင်၊ ကျောက်ချွန်တောင်သည်

ပြာမှောင်မည်းဘိ၊ ထည်လွန်းဘိ

ဖြူအိဆွတ်လွှ၊ ငွေပြားချသို့

နှင်းစဆောင်းအုပ်၊ ထွတ်ခေါင်းချုပ်နေ

ဤမြေတောတွင်၊ သင်ဘုရင်။ ။

ထီလာစစ်သူ

လွယ်မိုင်းတောင်

“လွယ်မိုင်းတောင်”သည် မဲနယ်တောင်ကြောတွင်တည်ရှိ၏။ ၈၂၆၃ ပေမြင့်၏။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၈၀၀၀ ကျော်မြင့်သော တောင်တန်းဖြစ်သည်နှင့်အညီ မြူခိုးတွေ၊ နှင်းဝေဝေတွေ အမြဲမှိုင်းဝေအုပ်ဆိုင်း အလှဆင်နေတတ်သည်။ ဤတောင်ထိပ်၌ ဆောင်းတွင်းကာလတွင် တောင်ဇလပ်နီနီများလည်း လှပခမ်းနားစွာပွင့်လေ့ရှိသည်။ တိမ်တွေ အဆုပ်လိုက်အဆုပ်လိုက် ပုံသဏ္ဌာန်မျိုးစုံနှင့် ရွေ့လျားနေသည့် တိမ်ပင်လယ်များက အပြည့်နေရာယူတတ်ပြန်သည်။

 



 



တကယ်တော့ရှမ်းဘာသာ “လွယ်မုဲင်း”ကို မြန်မာဘာသာအသံထွက်ဖြင့် “လွယ်မိုင်း”ခေါ်ခြင်းဖြစ်သည်။ ပအိုဝ်းဘာသာဖြင့်မူ “မုဲင်းကောင်” (မိုင်းကောင်)ဟု ခေါ်ပါသည်။ ရှမ်းဘာသာဖြင့် “လွယ်” ဆိုသည်က “တောင်”၊ “မိုင်း”ဆိုသည်က “တစ်သီးတစ်သန့်၊ ထီးထီးဖြစ်သော”ဖြစ်သည်။ ထို့ကြောင့် မဲနယ်တောင်တန်းပေါ်ရှိ “တစ်ကိုယ်တည်း ထီးထီးရှိနေသောတောင်” ဟု အဓိပ္ပာယ်ရပေလိမ့်မည်။

တောင်နှင့်မြောက်လမ်းနှစ်သွယ်

တောင်ကြီး-ဟိုပုံး-မိုင်းပွန်-လွိုင်လင် ပြည်ထောင်စုကားလမ်းမကြီးသည် အနောက်မှအရှေ့သို့ အစဉ်အတိုင်း တည်ရှိနေသည်။ ထိုလမ်းမကြီးမှာ မဲနယ်တောင်ကြောဒေသ၏ မြောက်ဘက်နယ်နိမိတ်ဖြစ်၏။ လမ်းမကြီးမှသည် မဲနယ်တောင်တန်းတောင်ကြောများဆီသို့ တောင်နှင့် မြောက်သွယ်တန်းဖြတ်ကျော် ကွန်ရက်ယှက်နွယ်၍ လမ်းနှစ်သွယ်ဆက်သွယ်ထားသည်။ မဲနယ်တောင်တန်းနှင့် လွယ်မောတောင်တန်းတို့သည်ကား တစ်ဆက်တည်းရှိနေသည့် ညီနောင်တောင်တန်းများပင်ဖြစ်၏။ မဲနယ်တောင်တန်းဒေသသည် အရှေ့ဘက်တွင် ပွန်ချောင်း၊ အလယ်တွင် မဲနယ်တောင်ကြော၊ လွယ်မောတောင်ကြောနှင့် အနောက်ဘက်တွင် ဟိုပုံး- ဆီဆိုင်ကားလမ်းတို့ အတွင်းဝယ်တည်ရှိနေပါသည်။

ပထမလမ်းကြောင်း

မဲနယ်တောင်ကြောသို့ ဖြတ်ကျော်သည့် လမ်းကြောင်းတစ်ခုမှာ ရွာသစ်- ခိုခြံ- စငေါ-စံဖူး-ကျောက္ကချား - နောင်ခုံ-ပချားကလို့ - ပန်လဲ- နားအွန်း- ဖက်နမ် စသည့်ကျေးရွာများသို့ဖြတ်သန်း ဆက်သွယ်ထားသည့် လမ်းကြောင်းဖြစ်သည်။

ဟိုပုံးဘက်မှ ထန်ဆန်းဂူသို့လာလျှင် ကိုရင်လေးကျောင်းကို ဖြတ်ရသည်။ ထို့နောက် “ဖွားကောင်းစံ” ကြက်ကင်ဆိုင်ကိုရောက်သည်။ ထိုနေရာမှ “ရွာသစ်” ဆိုသောနေရာတွင် မဲနယ်တောင်ကြောဘက်သို့ ဝင်ရောက်သည့်လမ်းကြောင်း ရှိပါသည်။

ကမ္ဘာကျော်ရွာလေးများတည်ရှိ

ဤလမ်းကြောင်းပေါ်တွင် နာမည်ကျော်ကြားလှပြီး နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် ကျေးရွာလေးများကလက်ညှိုးထိုးမလွဲ တည်ရှိနေပါ၏။

ပအိုဝ်းရိုးရာပျဉ်ထောင်အိမ်လေးများနှင့် သွပ်မိုးဟောင်းလေးများသည် ကျောက္ကချားတစ်ရွာလုံးလိုလို ဆင်တူတည်ရှိနေသည်။ ထိုသို့ရိုးရှင်းစွာ ခမ်းနားလှပနေသည့် မြင်ကွင်းများကြောင့် ကျောက္ကချားရွာသည်လည်းနာမည်ကြီးလှပါသည်။ ထိုကျောက္ကချားတွင် နှစ်ရာချီသက်တမ်းရှိသော ရှေးဟောင်းအငွေ့အသက်အပြည့်နှင့် နမ့်ဟုတ်ဘုန်းတော်ကြီးကျောင်းရှိပါသည်။

ထိုမှဆက်သွားလျှင် စံဖူးရွာသို့ရောက်၏။ စံဖူးရွာတွင် မူလတန်းကျောင်းလေးတစ်ကျောင်းရှိသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်(ဟောင်း) Mr. Ban Ki-moon (ဘန်ကီမွန်း) ထိုစံဖူးရွာစာသင်ကျောင်းလေးသို့ ၂၀၁၄ ခုနှစ်က ရောက်ရှိခဲ့ပါသည်။ သူသည်ထိုကျောင်းလေးတွင် ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေးအခမ်းအနားကျင်းပခဲ့ပြီး အမှတ်တရ နှစ်ရှည်သစ်ပင်များ စိုက်ပျိုးသွားခဲ့ပါသေးသည်။ ယနေ့တိုင်ရှင်သန်နေဆဲဖြစ်၏။ ထိုမည်သော စာသင်ကျောင်းလေး၏ အရှေ့ဘက်တွင်မူ “လွယ်မိုင်းတောင်” က မိုးမိုးမတ်မတ်နှင့် ထီးထီးတည်ရှိနေပါသည်။

တစ်ဖန်စံဖူးမှ ဆက်သွားလျှင် စငေါကို ဖြတ်သန်းရသည်။ ပအိုဝ်းစကားဖြင့် “စငေါ”၏အဓိပ္ပာယ်မှာ “ရင်ခုန်စိတ်လှုပ်ရှားစေသောအရပ်”ဟုပင်ဖြစ်သည်။ စငေါတွင် View Point ရှိသည်။ ထိုအရပ်အား အပေါ်စီးမှကြည့်လျှင် မဲနယ်တောင်ကြောမှ စီးဆင်းလာသော စိမ့်စမ်းရေချောင်းလေးများ၊ စိမ်းလန်းသောတောင်ကြားများ၊ လယ်ကွင်းအကန့်အကွက်လေးများ၊ ပအိုဝ်းရိုးရာနေအိမ်လေးများနှင့် ဒေသ၏လှပမှုကို ရင်သပ်ရှုမောဖွယ်မြင်နေရသည်။ ရှုခင်းများတော်တော်လှသည့် ကြည်နူးဖွယ်ရွာလေးပင်တည်း။

ဤရွာလေးတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခုဖြစ်သော မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေးခဲ့ပါသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စငေါကျေးရွာ၌ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ (၃၃/၁၁)ကေဗွီ၊ (၅) အမ်ဗွီအေ ဓာတ်အားခွဲရုံတည်ဆောက်ပေးခဲ့သည်။ ဓာတ်အားခွဲရုံ တည်ဆောက်ပြီးဖြစ်သော်လည်း ဓာတ်အားလိုင်းများ မဆွဲရသေး၍ မီးအလင်းရောင်ရရှိရန် အချိန်စောင့်ရပေဦးမည်။

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ထိုသို့ ဒေသမီးလင်းရေးအတွက်မြေပြင်တွင် လိုအပ်သည့် ၃၃ ကေဗွီ ဓာတ်အားလိုင်းအစား ၁၁ ကေဗွီဓာတ်အားလိုင်းဖြင့် ပြောင်းလဲတည်ဆောက်ပေးခြင်းအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၂၀ ဒသမ ၄ မိုင်နှင့် ၄၀၀ ဗွီ ဓာတ်အားလိုင်း ၁၈ ဒသမ ၅ မိုင်အထိ တိုးချဲ့သွယ်တန်းပေးနိုင်ခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်ပေးခဲ့သည့်အတွက် ယခင်တွက်ချက်မှုအရ ကျေးရွာ ၁၄ ရွာသာ လျှပ်စစ်ဓာတ်အားရရှိနိုင်မည်ဖြစ်သော်လည်း ယခုအခါ မဲနယ်တောင်တန်းဒေသရှိ စငေါကျေးရွာအုပ်စုနှင့် စံဖူးကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း ၂၀ မှာ အမှောင်ခွင်းသည့် အလင်းရောင်များဖြင့် ထိန်ထိန်လင်းခဲ့ပေပြီ။ ဒေသခံများ အလွန်ပျော်ရွှင်ဝမ်းမြောက်ခဲ့ကြရပါသည်။

ဒုတိယလမ်းကြောင်း

မဲနယ်တောင်ကြောပေါ်မှ ဒုတိယတောင်ကြောလမ်းမှာ ထန်ဆန်းဂူကျော်သွားပြီးနောက် မိုင်းပွန်မြို့မရောက်မီ “ဟွေ့ရေခေါက်”ဟူသော ရွာလေးရှိသည်။ ထိုနေရာကမှစ၍ တောင်ကြောလမ်းပေါ် စတက်ရသည်။ တောင်ကြောလမ်းတစ်လျှောက် ဟွေ့ရေခေါက်၊ ဖွေလုံ၊ ဖက်ရမ်းလေး၊ ပင်လုံ၊ ဖက်ရမ်းကြီး၊ ဒုံလီတန်၊ နောင်လိုင်၊ ဝမ့်စောင်း၊ နားလုံ၊ မူဖိတ်၊ ဟိုင်းနွဲ့၊ သီဟိုး၊ ပန်ဟိုင်း၊ ဝမ်တီး၊ နားခိုက်၊ လပ်တိုင်ရွာများ အစဉ်လိုက်တည်ရှိနေသည်။

ဖော်ပြပါလမ်းနှစ်သွယ်ကို “နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန”မှ ဆောင်ရွက်ပေးခဲ့သည့် လပ်တိုင်-ပင်အွန် ဖွံ့ဖြိုးရေးကတ္တရာလမ်းက တောင်ဘက်နယ်နိမိတ်အဖြစ် အနားသတ်ထားပါသည်။

ပြည်ထောင်စုဝန်ကြီးခရီးစဉ်

မဲနယ်တောင်တန်းဒေသတွင် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးနိုင်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဲနယ်တောင်တန်းဒေသသို့ ၁၃-၁၂-၂၀၂၃ ရက်နေ့တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ အဆိုပါခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများလည်းပါရှိ၏။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ မဲနယ်တောင်ကြောဒေသသို့ ဝင်ရောက်သည့် လမ်းကြောင်းမှာ ရွာသစ်- ခိုခြံ- စငေါ-စံဖူး-ကျောက္ကချား-နောင်ခုံ-ပချားကလို့-ပန်လဲ-နားအွန်း-ဖက်နမ် စသည့် ကျေးရွာများသို့ ဆက်သွယ်သည့် လမ်းကြောင်းအတိုင်းဖြစ်ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှေးဦးစွာ ကောင်းကလွန်း-လွယ်မိုင်းတောင် (ပွိုင့် ၈၂၆၃)နှစ်မိုင် ခြောက်ဖာလုံမြေလမ်းသစ်ဖောက်လုပ်ခြင်းနှင့် မြောင်းကူးတံတား လေးစင်းတည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပါသည်။ တာဝန်ရှိသူများက လမ်းလုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေများကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

“ဇွန်” မိုးသည်းနှင့်အတူ

လွယ်မိုင်းတောင်ပေါ်လုပ်ငန်းခွင်မှ ဒေသတစ်ခုလုံး၏ ရှုမျှော်ခင်းများကို ငေးကြည့်ရင်းအတိတ်က ဖြစ်စဉ်တစ်ခုကို သတိရမိသည်။

ဤလွယ်မိုင်းတောင်ကြော၌ပင် မြန်မာ့လေကြောင်း လေယာဉ်ပျက်ကျမှု နာမည်ကျော်ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ဖူးပါသည်။ ၁၉၈၇ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ဖြစ်ပါသည်။ ယခုဆို နှစ်ပေါင်း ၃၆ နှစ် ကျော်ခဲ့လေပြီ။

ထိုနေ့က တစ်နေကုန် မဲနယ်တောင် တစ်ကြောလုံးတွင် မိုးတွေကသဲသဲမဲမဲရွာနေ၏။ မိုးတွေမည်းမှောင်လွန်းသဖြင့် ရွာလေး၏ အရှေ့ဘက်က လွယ်မိုင်းတောင်မြင်ကွင်းသည် မိုးမြူတွေထဲ၌ ပျောက်ကွယ်နေသည်။ ညနေပိုင်း၌ “အုန်းခနဲ” မည်သံကိုတော့ တစ်ရွာလုံးကြားလိုက်ရသည်ဟုဆိုပါသည်။ ဒေသခံများလည်း ခါတိုင်းကဲ့သို့ပင်တောင်ပေါ်ဒေသမို့ မိုးကြိုးပစ်သည်ဟု ထင်နေကြသည်။

တကယ်တော့ ဟဲဟိုးမှ မိုင်းဆတ်သွား မြန်မာ့လေကြောင်းပိုင် ခရီးသည်တင် Fokker လေယာဉ်သည် လွယ်မိုင်းတောင်ထိပ် ကမ်းပါးစွန်းနှင့် လေယာဉ်ဝမ်းဗိုက် ရှပ်တိုက်မိရာမှထွက်ပေါ်လာသည့် အသံကြီးဖြစ်ပါသည်။ လေယာဉ်သည်လျှိုထဲသို့ ပျက်ကျသွားခဲ့ပြီး လေယာဉ်မှူး၊ လေယာဉ်မယ်၊ ခရီးသည် ၄၅ ယောက်တို့၏ အသက်များဆုံးရှုံးခဲ့ရပါသည်။ နိုင်ငံအတွက် “အိပ်မက်ဆိုး” တစ်ခု ဖြစ်ခဲ့ရလေသည်။

အကွေ့အကောက်များနှင့် မတ်စောက်သည့် ကျောက်တောင်ငယ်၊ တောင်စောင်းနံရံများ၊ တောင်ကမ်းပါးကွေ့များရှိနေသည့် ကျဉ်းမြောင်းသော ကျောက်ကြမ်းလမ်းများအတိုင်းသည်းထိတ်ရင်ဖို သွားရသော ဒေသလည်းဖြစ်၊ မငြိမ်းချမ်းသေးသော နယ်မြေလည်းဖြစ်သဖြင့် ကယ်ဆယ်ရေးအဖွဲ့များ ခရီးဖင့်ခဲ့ရသည်။ ကယ်ဆယ်ရေးအချိန်မီမရောက်နိုင်ခဲ့။ ရက်အတော်ကြာမှ လေယာဉ်ပျက်ကို လျှိုအတွင်းရှာဖွေတွေ့ရှိခဲ့သည်။ လျှိုမှာနက်လွန်းလှပြီး အတက်အဆင်းခက်ခဲလှသဖြင့် ယနေ့တိုင်လျှိုထဲမှာ လေယာဉ်ပျက်အစိတ်အပိုင်းများ ကျန်ရှိနေသေးသည်ဟု ဒေသခံများက ပြောကြပါသည်။

ထိုစဉ်အချိန်များကသာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခဲ့မည်ဆိုပါက ကယ်ဆယ်ရေးများ အချိန်မီရောက်ရှိနိုင်ပြီး ကယ်သင့်သလောက်ကယ်တင်နိုင်ပေလိမ့်မည်။ တောင်တက်တောင်ဆင်း၊ တောတောင်လျှိုမြောင်ထူထပ်၊ လူသွားလမ်းသာရှိခဲ့ဖူးသည့် မဲနယ်တောင်တန်းဒေသအတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန် လိုအပ်ခဲ့သည်မှာ လွန်ခဲ့သောနှစ်ပေါင်း ၃၆ နှစ် ကျော်ကာလများကပင်ဖြစ်ခြေ၏။

ယခုအချိန်တွင်မူ မဲနယ်တောင်တန်းဒေသ၌ အဟောင်းအဟောင်းတို့နေရာတွင် အသစ်အသစ်တို့ ဖြစ်တည်တိုးတက်ဖွံ့ဖြိုးလျက်ရှိနေပေပြီ။ ဖြစ်တည်လာသောအသစ်တို့သည် သပ်ရပ်သစ်လွင်မှု၊ ခိုင်ခံ့မှုတို့ဖြင့် ဒေသကိုအလှဆင်လျက်ရှိနေပေပြီ။ ငြိမ်းချမ်းရေး၏ အကျိုးများပင်တည်း။

ငြိမ်းချမ်းခြင်း၏အကျိုး

မွန်းကျပ်လွန်းသောကာလများကို ဖြတ်သန်းပြီးနောက် ၁၉၉၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ တွင် ဦးအောင်ခမ်းထီ ဦးစီးသည့် PNO (ပအိုဝ်းအဖြူအဖွဲ့)သည်လည်းကောင်း၊ ၁၉၉၄ ခုနှစ်၊ အောက်တို ဘာလ ၉ ရက်နေ့တွင် ဦးတာကလယ်ဦးစီးသည့် ရလလဖ(ပအိုဝ်းအနီအဖွဲ့)သည်လည်းကောင်း တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ကြသည်။ ထိုအချိန်မှစ၍ ဤဒေသသည် နယ်မြေများ တည်ငြိမ်အေးချမ်းကာ ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များ ဝေဆာခဲ့ခြင်းဖြစ်ပေသည်။ တစ်ချိန်က ကြမ်းတမ်းမှုတွေရှိခဲ့ဖူးသော ပအိုဝ်းဒေသ၊ ယခုတော့ငြိမ်းချမ်းခဲ့ပြီ၊ ထာဝရငြိမ်းချမ်းရေးကို ရှင်သန်စွာတည်ဆောက်နိုင်ခဲ့ပြီ။

ဤသို့သော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုများကြောင့်သာ အင်နှင့်အားနှင့် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ်မှစ၍ ဤနယ်မြေအပါအဝင် ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ် စသည့် မြို့နယ်များကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ခဲ့ပါသည်။ ယခုအခါငြိမ်းချမ်းရေး၏ အကျိုးရလဒ်ထင်ဟပ်ပေါ်လွင်စေခဲ့သော ဒေသတစ်ခုအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်ခဲ့ပြီးဖြစ်ပါသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပြီး နောက်ပိုင်းတွင်လည်း ဒေသ၏တိုးတက်မှု အကြောင်းအရာများသည် ရပ်တန့်မသွားဘဲ အရှိန်အဟုန်ဖြင့် ပို၍သာ၍ ဖွံ့ဖြိုးလာခဲ့ပေသည်။

သိသာသောဖွံ့ဖြိုးတိုးတက်မှုများ

နယ်စပ်ရေးရာဝန်ကြီးဌာနသည် ဤမဲနယ်တောင်တန်းဒေသတွင် လမ်း/တံတားလုပ်ငန်းများ၊ လျှပ်စစ်မီးလင်းရေးကိစ္စများ၊ စိမ့်စမ်းရေသွယ်ယူရေးလုပ်ငန်းများ၊ နိပွန်ဖောင်ဒေးရှင်း(Nippon Foundation)၏ ရန်ပုံငွေဖြင့် စေတနာအဖွဲ့က တည်ဆောက်ပေးသော စာသင်ကျောင်းများ၊ ကျန်းမာရေးနှင့် ပညာရေးလုပ်ငန်း စသည့်လူမှုစီးပွားဘဝ အခြေခံတိုးတက်စေရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့၊ ဆက်လက်ပေးနေဆဲပင်ဖြစ်သည်။

မဲနယ်တောင်တန်းနှင့် ပွန်ချောင်းဒေသ၌ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အထိ မြေသားလမ်း ၆၃ မိုင်၊ ကျောက်လမ်း (၄၇/၇) မိုင်၊ ကတ္တရာလမ်း (၅/၄)မိုင်၊ ၇၂ ပေ ကွန်ကရစ်တံတားသုံးစင်း၊ ရွာသစ်- ကျောက္ကချား လျှပ်စစ်မီးသွယ်တန်း ခြင်းလုပ်ငန်းတစ်ခုတို့ကို စုစုပေါင်းခွင့်ပြုရန်ပုံငွေ ကျပ် ၃၆၄၄ ဒသမ ၀၄၁ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြင့် လမ်းပန်းဆက်သွယ်ရေးတိုးတက်လာခဲ့ပြီး ထောပတ်၊ သနပ်ဖက်၊ ကော်ဖီတို့ကို စီးပွားဖြစ် စိုက်ပျိုးနိုင်ခဲ့ပေပြီ။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်လည်း မြေသားလမ်း(၁၆/၆)မိုင်၊ လမ်းတာချဲ့ခြင်း(၂၀/၄)မိုင်၊ ကျောက်ရောမြေအမာခံလမ်း(၇/၅) မိုင်၊ ကွန်ကရစ်တံတားခြောက်စင်း၊ မြောင်းကူးတံတား ၂၂ စင်း၊ ရေပြွန်တံတား ၄၂ စင်းတို့ကို စုစုပေါင်းကျပ် ၂၉၃၂ ဒသမ ၇၁၃ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထိုက်တန်သောဆုလာဘ်

ဤမဲနယ်တောင်ကြောသည် တစ်ချိန်တုန်းက ဘိန်းစိုက်ခင်းများ များစွာရှိခဲ့ဖူးပါသည်။ ယခုအချိန်တွင်မူ “ဘိန်းစိုက်ပျိုးမှုပပျောက်ရေး အစားထိုးစီမံကိန်း”များ အကောင်အထည်ဖော်ပေးမှုကြောင့် “ထောပတ်ပင်၊ သနပ်ပင်၊ လက်ဖက်ပင်နှင့် အခြားသီးပင်စားပင်များ စိုက်ပျိုးအောင်မြင်ကြသည်မို့ ကြည့်လေရာရာ စိမ်းစိုလန်းဆန်းလျက် အလွန်လှပသာယာသော တောင်ကြောကြီးဖြစ်၍နေပေပြီ”။

မဲနယ်တောင်ကြောဒေသအတွင်း အရှေ့မှအနောက်သို့၊ တောင်မှမြောက်သို့၊ တောင်ပေါ်မှ တောင်အောက်သို့၊ တောင်အောက်မှ တောင်ပေါ်သို့ ဆက်သွယ်ဖောက်လုပ်ထားသည့် အသွယ်သွယ်သော မြေသားလမ်း၊ ကျောက်ခင်းလမ်း၊ ကတ္တရာလမ်းများဖြင့် လမ်းကွန်ရက်များကား ရင်သပ်ရှုမောဖွယ်ဖြစ်နေလေပြီ။ ငြိမ်းချမ်းသောဒေသများအတွက် ထိုက်တန်သော ဆုလာဘ်များဟုပင် ဆိုရပေလိမ့်မည်။ ။

No comments:

Post a Comment