မောင်အောင်
“အေး...ကိုအောင်ရေ၊ မင်းကို သတင်းလေးတစ်ခု မှန်၊ မမှန် သိချင်လို့ဖုန်းဆက်နေတာ။ မင်းဖုန်းက လည်း မကိုင်တာက များနေတယ်”
သည်ရက်တွေမှာ အစည်းအဝေးတွေများနေ၍ ဖုန်းကို ကျွန်တော် အသံပိတ်ထားသည်။ အစည်း အဝေးတွင်
အာရုံစိုက်နေရ၍ ဖုန်းလာသည်ကို ကျွန်တော်သတိမထားမိ။ အစည်းအဝေးပြီး ပြန်တော့ လည်း ဖုန်းပိတ်ထားသောအသံကို
ပြန်၍မဖွင့်မိ။ သည်တော့ အစ်ကိုကြီး၏ ငြိုငြင်သံက ပေါ်လာသည်။
“ဟုတ်တယ် အစ်ကိုကြီး။ ကျွန်တော် အစည်းအဝေးတွေများနေလို့ ဖုန်းအသံပိတ်ထားမိတာပါ။
ဒါနဲ့ အစ်ကိုကြီးက ဘာများအရေးတကြီး သိချင်နေလို့လဲ”
“အရေးကြီးတာပေါ့ကွ။ အရေးကြီးသမှ တို့တောင်သူတွေအတွက် အရေးကြီးတဲ့သတင်း။ တို့နိုင်ငံက
ကောက်ရိုး ရိုးပြတ်တွေမီးရှို့လို့ လေထုတွေ ညစ်ညမ်းပြီး စင်ကာပူလေယာဉ်ကွင်းမှာ မီးခိုးမှောင်
တွေပိတ်နေလို့ သူတို့လေယာဉ်တွေ အဆင်း၊ အတက်ခက်နေတဲ့အကြောင်းနဲ့ ထိုင်းဘက်ကလည်း ပြောသတဲ့၊
ကောက်ရိုး ရိုးပြတ်တွေ မီးရှို့တဲ့နိုင်ငံက လယ်ယာထွက်ကုန်ပစ္စည်းတွေ သူတို့မဝယ်ဘူး
ဆိုတဲ့အကြောင်း။ အဲဒါရော ဟုတ်သလား။ အထူးသဖြင့် ပြောင်းတို့၊ ပဲတို့ပေါ့ကွာ။ အဲဒါဆို
တို့တောင်သူတွေအတွက် ဈေးကွက်ပျက်တော့ ခက်သပေါ့ကွာ။ ဝင်ငွေရဖို့ ခက်တာပေါ့ကွာ။ အဲဒီကိစ္စ
မင်းကို ငါမေးချင်နေတာ”
အစ်ကိုကြီးက ပြောရင်းနှင့် အားပါလာပုံရသည်။ သူ့အသံက ပြင်းထန်လှသည်။
“အဲဒီသတင်းက ဟုတ်လည်း ဟုတ်တယ်။ မဟုတ်လည်း မဟုတ်ဘူး အစ်ကိုကြီး”
“မင်းအဖြေက ဘာလဲကွ။ ဟုတ်ရင်လည်း ဟုတ်တယ်။ မဟုတ်ရင်လည်း မဟုတ်ဘူး။ ရှင်းရှင်း
ပြောစမ်းပါ။”
“ဒီလို အစ်ကိုကြီးရဲ့။ ဟုတ်တယ်ဆိုတာက ကောက်ရိုး ရိုးပြတ်တွေမီးရှို့လို့ လေထုညစ်ညမ်းပြီး
မီးခိုးမြူတိမ်တွေ ဖြစ်လာတယ်။ လေယာဉ်တွေ အဆင်းရ၊ အတက်ရခက်လာတယ်ဆိုတာ ဟုတ် တယ်။ မဟုတ်ဘူးဆိုတာက
ကျွန်တော်တို့နိုင်ငံက ကောက်ရိုး ရိုးပြတ်တွေ မီးရှို့လို့ဖြစ်လာတဲ့ မီးခိုးမြူတိမ်တွေချည်းတော့မဟုတ်ဘူး။
ကျွန်တော်တို့နိုင်ငံမှာ အရင်တုန်းကတော့ လယ်သမားအတော်များများက ကောက်ရိုး ရိုးပြတ်တွေကို
မီးရှို့ကြတာမှန်တယ်။ အဲဒီလိုပဲ ကျွဲစာ၊ နွားစာရှားတဲ့အရပ်က လူတွေက အသုံးမလိုတဲ့ လယ်သမားတွေပုံထားတဲ့ကောက်ရိုးကို
လှည်းတွေ၊ ကားတွေနဲ့ လာဝယ်ပြီး ကိုယ့်အိမ်က ကျွဲ၊ နွားတွေကို ကျွေးကြရတယ်။ အခုအချိန်မှာတော့
ကျွန်တော်တို့ နေပြည်တော်ကောင်စီမှာရော တိုင်းဒေသကြီးနဲ့ပြည်နယ် အတော်များများမှာပါ
ကောက်ရိုး ရိုးပြတ်တွေ မီးမရှို့ဖို့ အမိန့်ထုတ်ထားတယ်။ မီးရှို့တာတွေ့ရင်လည်း တားဆီးတယ်။
စင်ကာပူလေယာဉ်ကွင်းမှာ မီးခိုးမြူမှောင်ပိတ်ရတာ ကျွန်တော်တို့နိုင်ငံကြောင့် မဟုတ်ဘူး။
အဓိကက အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းတို့ဘက်က တောမီးတွေလောင်ပြီး ထွက်လာတဲ့
မီးခိုးမြူတိမ်တွေကြောင့်ဖြစ်ရတာ။ ဒါကို သက်သက်တိုက်ခိုက်ချင်၊ သွားပုပ်လေလွင့်ပြောချင်တော့
ကျွန်တော်တို့ နိုင်ငံကြောင့် ဖြစ်ရတယ် ဘာညာလျှောက်ပြောနေတာ။ မီးခိုးမြူတိမ်ပိတ်တယ်ဆိုတာ
ဖြစ်ချင်းဖြစ် ကျွန်တော်တို့နိုင်ငံမှာ အရင်ဖြစ်ရမှာပေါ့ မဟုတ်ဘူးလား အစ်ကိုကြီးရ။”
“အဲ...ထားပါတော့။ ဒါကမင်းပြောတဲ့ ဟုတ်လည်းဟုတ်တယ်ဆိုတာ။ ဒီတော့မဟုတ်လည်း မဟုတ်ဘူး
ဆိုတာကရော ဘာလဲ။”
အစ်ကိုကြီးက ကျွန်တော်ပြောသည့် စကားများကို မှတ်ထားပြီး ချက်ကျလက်ကျပြန်ပြီး
မေးလာ ခြင်းဖြစ်သည်။
“ပြောပြီးပြီလေ အစ်ကိုကြီးရ။ ဟုတ်တယ်ဆိုတာက မီးခိုးမြူတိမ်တွေကြောင့် လေထု ညစ်ညမ်းတာ။
ဒါကလည်း ကောက်ရိုးတစ်မျိုးတည်း မီးရှို့လို့ဖြစ်တာတော့ မဟုတ်ဘူး။ အမှိုက်တွေ၊ သစ်ရွက်ခြောက်တွေ၊
ပလတ်စတစ်တွေမီးရှို့ရင်လည်း မီးခိုးမြူတိမ်တွေဖြစ် လေထုညစ်ညမ်းပြီး အခုလို ဖြစ်ရတာ။
တောမီးလောင်ရင်လည်း မီးခိုးမြူတိမ်တွေ ဖြစ်တာပဲ။ ဒါကြောင့် ကျွန်တော်တို့ ဝန်ကြီးဌာန
စိုက်ပျိုးရေးဦးစီးဌာနက သစ်ရွက်ခြောက်တွေ၊ သစ်ရွက်ဆွေးတွေကို မီးမရှို့ဘဲ သဘာဝ မြေဩဇာ၊
သစ်ရွက်ဆွေးမြေဩဇာလုပ်ဖို့ စည်းရုံးပညာပေးနေတာပေါ့။ သစ်ရွက်ဆွေးမြေဩဇာ လုပ်ရင် ဓာတ်မြေဩဇာဖိုး
ကုန်ကျမှုသက်သာတဲ့အပြင် မြေကြီးအတွက်လည်း ရေရှည်မြေဩဇာ ကောင်းစေတာကြောင့် တကယ်လုပ်သင့်တဲ့အလုပ်ပဲ။”
“အေး ထားပါတော့။ မင်း ငါမေးတဲ့မေးခွန်းတစ်ခုဖြေဖို့ကျန်သေးတယ်လေကွာ။ ကောက်ရိုး
မီးရှို့တဲ့နိုင်ငံကထွက်တဲ့ ပြောင်းတို့၊ ပဲတို့၊ သစ်သီး၊ ဟင်းသီးဟင်းရွက်တို့ကို အိမ်နီးချင်းနိုင်ငံတွေက
မဝယ်ဘူးလို့ ပြောတဲ့ကိစ္စ။ အဲဒါတကယ်ပဲလား။”
“ရိုးပါ့ အစ်ကိုကြီးရယ်။ ကျွန်တော့်အစ်ကိုကြီးရယ်လို့ မပြောချင်တော့ဘူး။ ဒီနိုင်ငံတွေက
ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး သက်သက်လှည့်ဖြားတာ။ ကျွန်တော်တို့ နိုင်ငံကလူတွေ ကုန်သည်ရော၊
လယ်သမားရော၊ ပြည်သူတွေကရော ရိုးတယ်။ တစ်ယောက်ယောက်က လှည့်ကွက်ဆင်လာရင် ယုံလွယ်တယ်။
သူတို့ ဘာကြောင့် ဒီလိုပြောသလဲ။ တရားဝင်ကုန်သွယ်မှု လုပ်ရင် အစိုးရချင်းရောင်းကြ၊ ဝယ်ကြတာမို့
ဈေးနှိမ်လို့ မရဘူး။ ကမ္ဘာ့ပေါက်ဈေးပေးရမယ်။ အခွန်အခ ဆောင်ရမယ်။ အဲဒါကြောင့် မဝယ်ဘူးတို့၊
ဘာတို့ အခုလိုပြောလိုက်ရင်၊ အသံလွှင့်လိုက်ရင် ကျွန်တော် တို့ ကုန်သည်တွေက အောက်လမ်းကရောင်းတယ်။
ဈေးမှန်မရတော့ဘူး။ ဈေးနှိမ်ပြီးဝယ်တယ်။ ကျွန်တော်တို့ဘက်က ကုန်သည်အစုအဖွဲ့က ဒါကိုသဘောမပေါက်ဘူး။
ကျွန်တော်တို့တောင်သူတွေဆီက ဈေးနှိမ်ပြီးဝယ်တယ်။ အောက်ဈေးနဲ့ မှောင်ခိုထုတ်ကြတယ်။ အဲဒီတော့
တစ်ဖက်နိုင်ငံက ကုန်သည်တွေက အောက်ဈေးရတယ်။ အဲဒီအကွက်ကို ဒီလူတွေက ဆင်ကြတာ။”
“နောက်ပြီး အစ်ကိုကြီးလည်း သိသားပဲ။ နိုင်ငံတိုင်းက ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို
ကျင့်သုံးတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေက နိုင်ငံငယ်တွေကို အနိုင်ကျင့်ချင်ကြတယ်။
အထူးသဖြင့် သူတို့နိုင်ငံတွေနဲ့ နိုင်ငံရေးမူဝါဒမတူရင် ပိတ်ဆို့ကြတယ်၊ တားဆီးကြတယ်။
အစ်ကိုကြီး ပြန်ပြီးစဉ်းစားကြည့်ရင် ကျွန်တော်တို့နိုင်ငံက ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရတယ်။
ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးခဲ့တယ်။ ဒါပေမဲ့ လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ အချိန်ကတည်းက
ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်ကို ဆိုရှယ်လစ်စနစ်ကျင့်သုံးဖို့ ရည်ရွယ်ခဲ့တယ်။ လွတ်လပ်ရေးရတဲ့အချိန်မှာ
ဗိုလ်ချုပ်ကျဆုံးသွားပြီးဖြစ်တာကြောင့် အဲဒီအချိန်က နိုင်ငံ့ခေါင်းဆောင်တွေက ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးခဲ့တယ်။
အဲဒီမှာ ၁၉၄၇ ခုနှစ်က လက်မှတ်ရေးထိုးခဲ့တဲ့ ပင်လုံစာချုပ်မှာ ဖက်ဒရယ်မူဆိုတာပါခဲ့တယ်။
အဲဒီဖက်ဒရယ်မူကြောင့် တိုင်းရင်းသားပြည်နယ်တချို့က ပြည်မကနေ ခွဲထွက်ဖို့ပြောလာကြတယ်။
တိုင်းပြည်ပြိုကွဲဖို့ ဖြစ်လာတဲ့အခြေအနေကြောင့် ၁၉၆၂ ခုနှစ်မှာ တော်လှန်ရေးကောင်စီက
တိုင်းပြည်တာဝန်ကို ယူခဲ့ရတယ်။”
“အဲဒါတွေက ငါသိပြီးသားပါကွာ၊ မင်းပြောချင်တာက အဓိကဘာလဲ။ ဘာကိုပြောချင်တာလဲ။”
အစ်ကိုကြီးက စိတ်မရှည်သံဖြင့် ကြားဖြတ်ပြောလိုက်ခြင်းဖြစ်သည်။
“အဲဒီ တော်လှန်ရေးကောင်စီက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို တည်ထောင်ပြီး တစ်ပါတီစနစ်နဲ့
အုပ်ချုပ်ခဲ့တယ်။ ၁၉၇၄ ခုနှစ်မှာ အခြေခံဥပဒေရေးဆွဲပြီး ပြည်သူ့လွှတ်တော်နဲ့ ပြည်သူ့ကောင်စီအဆင့်ဆင့်ကို
တည်ထောင်ခဲ့တယ်။ ကျွန်တော်ပြောချင်တာက အဲဒီဆိုရှယ်လစ် တစ်ပါတီစနစ်ခေတ်မှာလည်း ကျွန်တော်တို့နိုင်ငံကို
နိုင်ငံကြီးတွေက ဝိုင်းပြီးကြဉ်ကြတယ်။ စီးပွားရေး ပိတ်ဆို့ခဲ့ကြတယ်။ နိုင်ငံ့ခေါင်းဆောင်တွေက
ကိုယ့်ပြည်တွင်းအားကို အားကိုးပြီး ကိုယ့်နိုင်ငံ တိုးတက်အောင် လုပ်ခဲ့ကြတယ်။ ၁၉၈၈
ခုနှစ်ရောက်တော့ စီးပွားရေးကျပ်တည်းတာရယ်၊ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ထိုးနှက်ချက်ရယ်၊
ပြည်ပနိုင်ငံတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ပြည်သူတွေ အုံကြွပြီး အရေးအခင်းဖြစ်ခဲ့တယ်။
အစိုးရ အုပ်ချုပ်မှုပျက်ယွင်းခဲ့ရတယ်။ ပြည်ပနိုင်ငံကြီးက ကျူးကျော်လာပြီး တိုင်းပြည်ပြိုကွဲတော့မယ့်
အခြေ အနေကြောင့် တပ်မတော်က တိုင်းပြည်ကို ပြန်လည်တာဝန်ယူခဲ့ရတယ်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့
ဖွဲ့စည်းပြီး ပြိုကွဲတော့မယ့် တိုင်းပြည်ကြီးကို တာဝန်ယူခဲ့ရတယ်။”
“အဲဒီတုန်းက အစိုးရလက်ထဲမှာ နိုင်ငံခြားငွေ အတော်လေးနည်းတယ်။ နိုင်ငံခြားတိုင်းပြည်တွေ
က အစိုးရပြုတ်ကျမယ်လို့ ယူဆကြတယ်။ ကျွန်တော်တို့တိုင်းပြည်ကို ဝိုင်းပြီး စီးပွားရေးပိတ်ဆို့ကြတယ်။
အဲဒီအခြေအနေတွေကို တပ်မတော်ခေါင်းဆောင်တွေက ကြံ့ကြံ့ခံပြီး ပြည်သူတွေလိုလားတဲ့ ပါတီစုံစနစ်ကို
ကျင့်သုံးတယ်။ အမျိုးသားညီလာခံခေါ်ယူကျင်းပပြီး ပါတီစုံဒီမိုကရေစီစနစ်နဲ့ လိုက်လျောညီထွေဖြစ်မယ့်
ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုရေးဆွဲ ပေးခဲ့တယ်။ အဲဒီအချိန်မှာ နိုင်ငံတချို့ကပဲ ကျွန်တော်တို့နိုင်ငံကို
အကူအညီပေးပြီး အများစုက စီးပွားရေးပိတ်ဆို့ ထားတယ်။ အစ်ကိုကြီးသိတဲ့အတိုင်း တပ်မတော်အစိုးရက
ကိုယ့်ပြည်တွင်းအားကို အဓိကထားပြီး ဒီနေပြည်တော်ကြီးကို တည်ဆောက်ခဲ့တယ်။ ဝန်ကြီးရုံးတွေ၊
လွှတ်တော်တွေ၊ ဝန်ထမ်းလိုင်းတွေ တည်ဆောက်ပေးခဲ့တယ်။ ၂ဝဝ၈ ခုနှစ်က အမျိုးသားညီလာခံမှာရေးဆွဲခဲ့တဲ့
ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြည်သူ့ဆန္ဒခံယူအတည်ပြုပြီး အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးခဲ့ပြီး အနိုင်ရခဲ့တဲ့ပါတီကို တပ်မတော်ကနေ
စနစ်တကျ အာဏာလွှဲပြောင်းပေးခဲ့တယ်။”
“အဲဒီတော့ မင်းဆိုလိုချင်တာက တို့မြန်မာ့တပ်မတော်ဟာ အရေးပေါ်အခြေအနေဖြစ်လာပြီး
တိုင်းပြည်ပြိုကွဲတော့မယ့်အခြေအနေတိုင်းမှာ တိုင်းပြည်ကို တာဝန်ယူပေးခဲ့တာရယ်၊ ကိုယ့်ပြည်
တွင်းအင်အားကိုသာ အဓိကထားပြီး တိုင်းပြည်ဖွံ့ဖြိုးရေး တည်ဆောက်ပေးခဲ့တာရယ်ပဲမဟုတ် လား။
မင်းဘာကိုပြောချင်လို့ ဒီလောက် နိဒါန်း ချီနေတာလဲ။ ရှင်းရှင်းလင်းလင်း ပြောစမ်းပါ ကွာ။”
ကျွန်တော့်စကားများကြောင့် အစ်ကိုကြီး ခေါင်းရှုပ်သွားပြီး လိုရင်းကို မေးလာခြင်းဖြစ်သည်။
“ဟုတ်တယ်လေ အစ်ကိုကြီးရဲ့။ ၁၉၆၂ ခုနှစ် လောက်ကစပြီး အခုအချိန်အထိ ကျွန်တော်တို့နိုင်ငံက
ပြည်ပနိုင်ငံအတော်များများရဲ့ စီးပွားရေးပိတ်ဆို့မှုကို ခံခဲ့ရပေမယ့် ကျွန်တော်တို့
ပြည်သူတွေ စည်းလုံးညီညွတ်စွာနဲ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ မှန်ကန်တဲ့ ဦးဆောင်မှုအောက်မှာ
လိုက်ပါဆောင်ရွက်ခဲ့တာကြောင့် ဒီအခြေအနေရောက်ခဲ့ပြီပဲ။ အဲဒီတော့ ကောက်ရိုးမီးရှို့တဲ့
နိုင်ငံတွေက ထွက်ရှိတဲ့ ပြောင်းတို့၊ ပဲတို့ စတဲ့ထွက်ကုန်တွေကို သူတို့မဝယ်ဘူး ပြောလည်း
ပူစရာမရှိပါဘူး။ ဒီလိုပြောလို့ ကောက်ရိုးကို မီးရှို့ဖို့ ပြောနေတာမဟုတ်ဘူး။ ကောက်ရိုးကို
မီးမရှို့အောင်လည်း ကျွန်တော်တို့ ကြေညာချက်ထုတ်တယ်။ တားဆီးနေတယ်။ တစ်ဖက်ကလည်း ကောက်ရိုးကနေ
ဝင်ငွေရဖို့ အလုပ်တွေ ကျွန်တော်တို့တောင်သူတွေကို ပညာပေးနေပါတယ် အစ်ကိုကြီးရဲ့။”
“ဟုတ်လား။ ဘာတွေများ ပညာပေးနေလဲ။ ပြီးတော့ ကောက်ရိုးက ဘယ်လောက်များ ထွက်ရှိလို့
မင်းတို့က ပညာပေးလုပ်ငန်းတွေ လုပ်နေရတာလဲ။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်ကရော ညွှန်ကြား
ထားတာရှိလား။”
အစ်ကိုကြီးက သူသိလိုတာကို စေ့စေ့စပ်စပ် မေးလာသည်။
“ရှိတာပေါ့ အစ်ကိုကြီးရ။ ကောက်ရိုးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၁၆-၂-၂ဝ၂၄ ရက်နေ့က
နိုင်ငံတော်အကြီးအကဲက စိုက်ပျိုးရေးနဲ့ မွေးမြူရေးဖွံ့ဖြိုးတိုးတက်ဖို့ ကျွန်တော်တို့
ဝန်ကြီး ဌာနက တာဝန်ရှိသူတွေကိုခေါ်ပြီး ဆွေးနွေးတယ်၊ မေးတယ်။ အဲဒီတွေ့ဆုံပွဲမှာ နိုင်ငံတော်အကြီးအကဲ
က တစ်နှစ်ကို ကောက်ရိုးဘယ်လောက်ထွက်လဲ။ အဲဒီကောက်ရိုးကို ပျော့ဖတ်လုပ်ပြီး စက္ကူလုပ်ဖို့၊
ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ စက္ကူစက်ရုံတွေကို ပျော့ဖတ်ပေးသွင်းဖို့နဲ့ ကောက်ရိုးကို
အကျိုးရှိရှိ အသုံးချဖို့ ညွှန်ကြားခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မိုးစပါးရော
နွေးစပါးပါ တစ်နှစ်ကို စိုက်ဧက ၁၇ သန်းခန့်ရှိပါတယ်။ စပါးတစ်ဧကက ကောက်ရိုးနှစ်တန်နှင့်
သုံးတန်ကြားရရှိတာကြောင့် တစ်နှစ်ကို ကောက်ရိုးတန် ၃၅ သန်းနှင့် တန် ၅ဝ ကြား ရရှိပါတယ်။
အဲဒီတော့ အဲဒီကောက်ရိုးကို နွားစာအဖြစ် ကျွေးတဲ့အပြင် ကောက်ရိုးကို အသုံးပြုပြီး ပျော့ဖတ်ကတစ်ဆင့်
စက္ကူထုတ်လုပ်မယ်၊ အာဟာရ ဖြည့်နွားစာတုံးပြုလုပ်မယ်၊ ကောက်ရိုးမှို မွေးမြူမယ်၊ ကောက်ရိုးနဲ့
စပါးခွံကိုအသုံးပြုပြီး တီကျစ်စာ မြေဆွေးပြုလုပ်လို့ရပါတယ်။”
“နေစမ်းပါဦး၊ မင်းတို့ပဲပြောကြတာ ကောက်ရိုးကျွေးရင် နွားတွေမှာ အာဟာရသိပ်မဖြစ်ဘူးဆို၊
ဗိုက်သာပြည့်တယ် အလကားဆို၊ မြက်စိုလောက် အာဟာရဓာတ်မပြည့်ဝဘူးလို့ ပြောကြတယ် မဟုတ်လား။”
ကျွန်တော့်အစ်ကိုကြီးက စကားတစ်ခုကို အလွယ်နှင့်လက်မခံ။ ပြန်ပြီးစူးစမ်းမေးမြန်းတတ်သည်။
“ဟုတ်ပါတယ် အစ်ကိုကြီး၊ ကောက်ရိုးမှာပါတဲ့ လစ်ဂနင် (Lignin) ဆိုတဲ့ဓာတ်က ကျွဲ၊
နွား တွေရဲ့ အစာအိမ်က ချေဖျက်လို့မရတာကြောင့် ကျွေးသလောက်အကျိုးမရှိတာပါ။ အဲဒီလစ်ဂနင်ကို
ယူရီးယားနဲ့ ချေဖျက်လို့ရပါတယ်။ အဲဒါလည်း သိပ်ပြီးခက်တာတော့ မဟုတ်ပါဘူး။ ကောက်ရိုး
တစ်ကီလိုဂရမ်အတွက် ရေတစ်လီတာနဲ့ ယူရီးယား ၅ဝ ဂရမ်နှုန်းဖျော်ပြီး ဖျန်းပေးရမှာဖြစ်ပါတယ်။
“အရေးကြီးတာက ကောက်ရိုးကို သေချာသိပ်ဖို့၊ ဖျန်းတဲ့ ယူရီးယားအရည်နှံ့စပ်ဖို့နဲ့
လေလုံအောင် ဖုံးအုပ်ထားဖို့ပါပဲ။ အဲဒီလို လေလုံအောင်ဖုံးထားပြီး နှစ်ပတ်၊ သုံးပတ်ကြာတဲ့အခါမှာ
အဲဒီပြုပြင်ပြီး ကောက်ရိုးဟာ ကျွဲ၊ နွားကျွေးဖို့ အသင့်ဖြစ်ပါပြီ။ ဒါပေမဲ့ မကျွေးမီ
(၂-၆) နာရီကြား လေသလပ်ခံဖို့ လိုပါတယ်။ ဒီလိုယူရီးယားနဲ့ ကောက်ရိုးပြုပြင် ကျွေးမွေးမှုကို
သမံတလင်းခင်းထားတဲ့အခန်း၊ ကျင်း၊ သံပုံး၊ ပလတ်စတစ်ပုံးကြီးတွေနဲ့ လုပ်လို့ရပါတယ်။ အရေးကြီးတာက
စောစောက ပြောသလို ယူရီးယားဖျော်ရည်နှံ့အောင်ဖျန်းဖို့၊ သေချာနင်း သိပ်ဖို့နဲ့ လေလုံအောင်
ရက်သတ္တနှစ်ပတ်၊ သုံးပတ် လောက်ဖုံးအုပ်ဖို့ပါပဲ။ အဲဒီလို ယူရီးယားနဲ့ ပြုပြင်တဲ့ ကောက်ရိုးကို
ကျွဲ၊ နွားတွေကိုကျွေးရင် ပိုပြီး စားတဲ့အပြင် ကြီးထွားနှုန်းကောင်းတာ၊ ရောဂါခံနိုင်ရည်
စွမ်းအားရှိတာ ဖြစ်စေပါတယ်။ ဒီအတွက်ကြောင့် လွယ်ကူတဲ့ ဒီနည်းကို ကျွန်တော်တို့ တောင်သူတွေ
လုပ်ကြဖို့လိုပါတယ်။”
“အေး... ကောင်းပါပြီ။ စောစောက မင်းပြောတဲ့ ယူရီးယားပြုပြင်ကျွေးမွေးတဲ့အပြင်
အာဟာရဖြည့် နွားစာတုံးဆိုတာကရော ဘာလဲ။ ဘယ်လိုလုပ်တာလဲ။”
“အာဟာရဖြည့်နွားစာတုံးဆိုတာက ကောက်ရိုးနဲ့ ပဲဖတ်၊ နှမ်းဖတ်၊ ကစီဓာတ်နဲ့ ဆားရောပြီး
အတုံး လုပ်ထားတာပါ။ အဲဒီအာဟာရဖြည့်နွားစာတုံးမှာ ကောက်ရိုး ၈၅ ရာခိုင်နှုန်း၊ ပဲဖတ်၊
နှမ်းဖတ် ၄ ဒသမ ၅ ရာခိုင်နှုန်း၊ ကစီဓာတ်(ကော်မှုန့်) ၇ ဒသမ ၅ ရာခိုင်နှုန်း၊ ဆားတစ်ရာခိုင်နှုန်းနဲ့
အာဟာရစုံ နှစ် ရာခိုင်နှုန်းထည့်ပြီး လုပ်ထားတာပါ။ ကျွဲ၊ နွားတွေ ပင်ပန်းပြီး အားအင်ကုန်ခန်းတဲ့အခါ
ကျွေးမွေးဖို့၊ ခရီးသွားတဲ့အခါ အလွယ်တကူသယ်ယူနိုင်ဖို့ လုပ်ထားတာပါ။ ဒါ့အပြင် ကျွန်တော်စောစောက
ပြောသလို ကောက်ရိုးကနေ ပျော့ဖတ်ကတစ်ဆင့် စက္ကူလုပ်တာ၊ ကောက်ရိုးအသုံးပြုပြီး ကောက်ရိုး
မှိုစိုက်တာ၊ တီကျစ်မြေဩဇာထုတ်တာ၊ ယုတ်စွအဆုံး ကောက်ရိုးကိုမီးရှို့ပြီး လျှပ်စစ်စွမ်းအားထုတ်တာ
(Gasifier)အထိ လုပ်လို့ရပါတယ်။ အဲဒါကြောင့် ကောက်ရိုးက ကျွဲ၊ နွားတွေအတွက် အစားအစာဖြစ်တဲ့အပြင်
စနစ်တကျအသုံးချမယ် ဆိုရင် ကျွန်တော်တို့လူသားတွေအတွက် ရွှေဖြစ်မှာ ဖြစ်တဲ့အတွက် “ရွှေကောက်ရိုး”
ပါ။
“မင်းမှ အပြောကောင်း ‘ရွှေကောက်ရိုး’ ရယ်လို့။” ကျွန်တော့်စကားကို အစ်ကိုကြီးက
မှတ်ချက် ချလိုက်ခြင်းဖြစ်ပါသည်။ ။

No comments:
Post a Comment