Friday, May 31, 2024

စက်မှုဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူများ ကျောင်းဝတ်စုံ၊ စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ



နေပြည်တော် မေ ၃၀

စက်မှုဝန်ကြီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူများ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယ ဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိ သူများ၊ ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ အနက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ဝန်ထမ်း သားသမီး ကျောင်းသား ကျောင်းသူ ၆၂၄ ဦးရှိကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် နိုင်ငံ တော်အပေါ် သစ္စာစောင့်သိလျက် ထူးချွန်ထက်မြက်ပြီး တိုင်းပြည်မှ အားကိုးလေးစားပြုရမည့် သားကောင်း၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးစားအားထုတ်သွားကြရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူများကို ကျောင်းဝတ်စုံ၊ စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ရာ ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်များက လက်ခံရယူပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment