Saturday, May 11, 2024

ကျောင်းသား ကျောင်းသူများအနေဖြင့် တီထွင်ဖန်တီးမှုများနှင့် သုတေသနလုပ်ဆောင်မှုများကို ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် လက်တွေ့ကျကျအကျိုးပြုနိုင်ရေး ဦးတည်ဆောင်ရွက်

 


နေပြည်တော် မေ ၁၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ မေ ၉ ရက်မှ ၁၀ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးရှိ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ ရန်ကုန် နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ မေ ၉ ရက်မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ပါမောက္ခချုပ်က ကျောင်းဆိုင်ရာ အချက်အလက်များနှင့် ပင်မခြောက်ထပ်ဆောင် တည်ဆောက်နေမှုများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး သုတေသနလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်စေရန်၊ အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူမှုများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်ခြင်းဖြင့် သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လူ့အဖွဲ့အစည်းကို ပံ့ပိုးကူညီရန်၊ သင်ကြားသင်ယူမှုနှင့် သုတေသနပတ်ဝန်းကျင်ဖြစ်အောင် ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျောင်းသား ကျောင်းသူများ Project ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများအနေဖြင့် တီထွင်ဖန်တီးမှုများနှင့် သုတေသနလုပ်ဆောင်မှုများသည် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် လက်တွေ့ကျကျ အကျိုးပြုနိုင်ရေး ဦးတည်ဆောင်ရွက်ကြရန် မှာကြားသည်။

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ပါမောက္ခချုပ်က ကျောင်းဆိုင်ရာအချက်အလက်များတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက အရည်အချင်းပြည့်ဝသော အင်ဂျင်နီယာပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာရှင်များ၊ သုတေသနပညာရှင်များဖြစ်လာစေရန် ကျောင်းသား ကျောင်းသူများကို စနစ်တကျ သင်ကြားလေ့ကျင့်ပေးရန်၊ စာတွေ့သာမက လက်တွေ့ကျသည့် သင်ခန်းစာများဖြင့် သင်ကြားပေးပြီး လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ သုတေသနဆိုင်ရာကိစ္စရပ်များ၊ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ကြရန် မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တက္ကသိုလ် ဘောလုံးကွင်းပြုပြင်တည်ဆောက်မည့် မြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ်သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များမှာကြားပြီး ပင်မသုံးထပ်စာသင်ဆောင် သစ်တည်ဆောက်နေမှု၊ စာသင်ခန်း၊ Lab ခန်း၊ စာကြည့်တိုက်၊ အားကစားရုံများနှင့် ဘောလုံးကွင်းသစ်တည်ဆောက်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်း၊ စက်ပစ္စည်းများ၊ စာကြည့်တိုက်၊ အလုပ်ရုံများ၊ အားကစားရုံနှင့်အားကစားကွင်းများ၊ ကျောင်းသား ကျောင်းသူများ၏ အိပ်ဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment