Saturday, April 20, 2024

MSME လုပ်ငန်းများဖြင့် ပြည်နယ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်မည်


ဗညားဦး

အရောင်းပြခန်းများ စုစည်းပြသရောင်းချ

ထိုကဲ့သို့ ရိုးရာယဉ်ကျေးမှုဓလေ့ စရိုက်များစွာ၊ ဒေသထုတ်ကုန်များစွာ တည်ရှိနေသော ပြည်နယ်ဖြစ်သည့် အတွက် ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်ကို ပေါ်လွင်စေသော မွန်ရိုးရာ အဆို၊ အက၊ အတီးပြိုင်ပွဲများ၊ ဌာနဆိုင်ရာပြခန်းများ၊ ဒေသထုတ်ကုန်များ များစွာပြသထား သော အရောင်းပြခန်းများ၊ ရိုးရာအစား အစာအရောင်းပြခန်းများကို နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ကျင်းပရာ၌ စုစည်းပြသရောင်းချခဲ့ပြီးဖြစ် သည်။






ကျွန်တော်တို့ပြည်နယ်က ရာသီဥတုကောင်းတယ်။ စိုက်ပျိုးရေးထွက်ကုန်တွေ အများကြီးထွက်တယ်။ ရိုးရာလက်မှုလုပ်ငန်းတွေရှိတယ်။ ဒါတွေက ပြည်နယ်ရဲ့ အခြေခံစီးပွားရေးဖြစ်တဲ့အတွက် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရာမှာ ဒီလုပ်ငန်းတွေကိုအခြေခံပြီး ဖွံ့ဖြိုးရေးကို ဦးတည်စဉ်းစားရတယ်။ ဒေသ လုပ်ငန်း အများစုကို ထင်ဟပ်တဲ့ MSME လုပ်ငန်း ဖွံ့ဖြိုးရေးကို ဦးတည်ရတယ်။ ပြည်ပပို့ကုန် ပိုပြီးတင်ပို့နိုင်ရင် ဒေသဝင်ငွေပိုရလာမယ်။ ဒါကြောင့် ပြည်တွင်း သာမက ပြည်ပကို တစ်နှစ်ထက် တစ်နှစ် ပို့ကုန် ပိုမိုတင်ပို့နိုင်ဖို့ MSME နဲ့ ပတ်သက်တဲ့ ထုတ်လုပ်မှုအပိုင်း၊ ထုပ်ပိုးမှုအပိုင်း၊ငွေကြေးရင်းနှီးမြှုပ်နှံမှုအပိုင်း၊ ဈေးကွက်ရရှိမှုအပိုင်း၊ စီမံခန့်ခွဲမှုအပိုင်း စတဲ့ ဆိုင်ရာအပိုင်းအားလုံးကို သက်ဆိုင် ရာဌာနတွေနဲ့ စဉ်ဆက်မပြတ်လုပ်ဆောင် ပေးနေပါတယ်။ ဒီအတွက်ရည်ရွယ်ပြီး ပြည်နယ်နေ့ကျင်းပရာမှာလည်း MSME ကဏ္ဍအတွက် အရောင်းပြခန်းတွေ ထည့်သွင်းကျင်းပခဲ့ပါတယ် ဟု မွန် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက ပြောကြားသည်။

၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ အခမ်းအနားကျင်းပခဲ့ရာတွင် လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးတို့ အပြင် ပညာရေးပြခန်း၊ ကျန်းမာရေးပြခန်း၊ အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ထုတ်ကုန်ပြခန်းနှင့် ဒေသထွက် သစ်သီးဝလံပြခန်း၊ ရိုးရာအစားအစာ အရောင်းပြခန်းများကို မတ်လ ၁၇ ရက် နေ့မှ ၁၉ ရက်နေ့အထိ သုံးရက်တာ အောင်အောင်မြင်မြင် စည်စည်ကားကား ပါဝင်ပြသနိုင်ခဲ့ပြီးဖြစ်သည်။

လုပ်ငန်းရှင်များ စိတ်ဝင်တစားလေ့လာ

ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ပညာပေးပြခန်းတွင် ပြည်နယ်အတွင်းမှထွက်ရှိသည့် ရေချို၊ ရေငန် ငါး/ပုစွန်များ ကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် ၏ လမ်းညွှန်မှုအရ တိုင်းရင်းငါးဖယ်အောင်းနှင့် ငါးဖယ်မျိုးစိတ်နှစ်မျိုးကို စမ်းသပ်သားဖောက် မွေးမြူပြသရန်အတွက် ကြိုတင်ဆောင်ရွက်မှုလုပ်ငန်းများကိုလည်းကောင်း၊ ပြည်နယ်အတွင်း ရှိ အအေးခန်းများမှ ရေထွက်ကုန်ကြမ်း များကို အေးခဲပြုပြင်မွမ်းမံပြီး ရန်ကုန်မြို့ မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့နေ မှုများကိုလည်းကောင်းပြသခဲ့ရာ MSME လုပ်ငန်းရှင်များ စိတ်ဝင်တစားလေ့လာ ခဲ့သည့် ပြခန်းတစ်ခုဖြစ်ခဲ့သည်။

ပြည်နယ်သည် ရေထွက်ကုန်များစွာ ထွက်ရှိသည့်အတွက် ရေထွက်ကုန်ပစ္စည်းများအား ငါးမုန့်ခြောက်၊ ငါးခြောက်၊ ပုစွန်ခြောက်တို့အဖြစ် ထုတ်လုပ် ရောင်းချမှုအပြင် အသေးစား၊ အငယ်စား အိမ်တွင်းမှု ပြုပြင်မွမ်းမံခြင်းလုပ်ငန်း များမှ အသင့်စားသုံးနိုင်သည့် တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင် ရန် ပြည်နယ်အစိုးရအနေဖြင့် အားပေး ဆောင်ရွက်လျက်ရှိသည်။ ပြည်နယ် အတွင်းမှ ရေထွက်ကုန်ပစ္စည်းများကို အခြေခံထုတ်လုပ်ထားသည့် ငါးနှပ် ခြောက်(အသင့်ချက်)၊ ငါးတံခွန်ခြောက် (အသင့်ချက်)၊ ငါးမုန့်ခြောက်၊ ပုစွန် ခြောက်၊ ဗာလချောင်ကြော်၊ ငါးမီး တံသွယ်ခြောက်(အသင့်ချက်/ကြော်)၊ ငါးပိရေကျို (ကျိုက်ထို)တို့ကို ပြခန်းတွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခဲ့ရာ အထူးရောင်းချခဲ့ရသည်။

ပြခန်းများပြသရာတွင် မွန်ပြည်နယ် ၏ ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region One Product) ထုတ်ကုန်များ ဖြစ်သော ရော်ဘာလုပ်ငန်းမှ RSS-1,2,3,4,5၊ MSR-10-20 ၊ TSR-20၊ ရော်ဘာ သားရေကွင်း၊ ပူဖောင်း၊ မွန်ရိုးရာအဝတ်အထည်များ၊ မုဒုံစောင်နှင့် ရက်ကန်း ထည်များ၊ သစ်သီးယိုမျိုးစုံများ၊ ဝါးနှင့် ပတ်သက်သော လက်မှုပစ္စည်းထည်များ၊ သစ်သားပန်းပုလုပ်ငန်းနှင့် ဆားလုပ်ငန်းတို့ ပါဝင်ပြသခဲ့သည်။

သွင်းကုန်အစားထိုးထုတ်ကုန်များ

ထို့အတူ မွန်ပြည်နယ်၏ သွင်းကုန်အစားထိုး ထုတ်ကုန်များဖြစ်သည့် အရိုးမြေဩဇာ၊ ရွှေဇီဝသဘာဝမြေဩဇာနှင့် လနတ်သားဂျစ်ဆမ်သဘာဝကျောက် မှုန့်မြေဩဇာတို့ကိုလည်းပါဝင်ပြသခဲ့သည်။ မွန်ပြည်နယ်၏ ပြည်ပပို့ကုန်ဖြစ်သော ခရမ့်ရော်ဘာများ၊ ရော်ဘာသစ်ခွဲသားနှင့် သစ်ပါးလွှာများ၊ ဝဥခြောက်၊ ဝဥမှုန့်နှင့် ဝဥနှင့်ပတ်သက်သော တန်ဖိုးမြှင့်ထုတ်ကုန်များ၊ ကွမ်းသီး ခြောက်နှင့် ကွမ်းသီးနုပေါင်းတို့ကိုလည်း ပြသရောင်းချခဲ့သည့်အပြင် မော်လမြိုင် စက်မှုဇုန်ထုတ် ထုတ်ကုန်များ၊ အသေး စားစက်မှုထုတ်ကုန်များ၊ သမဝါယမအသင်းများ၏ ထုတ်ကုန်များ စသည်ဖြင့် ပြခန်းစုစုပေါင်း ၅၈ ခန်းကို မွန်ပြည်နယ် နေ့ အထိမ်းအမှတ်အဖြစ် အများပြည်သူ သိရှိစေရန် စုစည်းပြသနိုင်ခဲ့သည်။

ဆားလုပ်ငန်းပြခန်းကို ပြည်နယ် နေ့မှာ ပါဝင်ပြသခဲ့ပါတယ်။ ပြည်နယ်ရဲ့ဆားလုပ်ငန်းက ပြည်တွင်း၊ ပြည်ပတင်ပို့နေတဲ့ နာမည်ရပြီးသား MSME လုပ်ငန်းတစ်ခုပါ။ လုပ်ငန်းရှင်ဆိုတာ ကိုယ့်လုပ်ငန်းကို တိုးတက်အောင် လုပ်ရမှာမှန်ပေမယ့် အခုလိုပြည်နယ် အစိုးရအဖွဲ့ကအားပေးတော့ အခွင့်အလမ်းပိုရပါတယ်။ MSME လုပ်ငန်းတွေ က ပြည်နယ်ရဲ့လုပ်ငန်းအားလုံးကို ခြုံငုံမိတယ်။ ဒါကြောင့် MSME ဖွံ့ဖြိုးရေးကို ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လုပ်ဆောင်နေတာကို ကြိုဆိုပါတယ်။ ပြည်နယ်ရဲ့ ဆားလုပ်ငန်းကို ပြည်ပကနေ ကမ်းလှမ်းတာရှိတဲ့အတွက် ပိုပြီးတင်ပို့နိုင်ဖို့ မျှော်မှန်းလုပ်ဆောင်နေပါတယ်ဟု တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့ရန် MoU ရေးထိုးထားပြီး ဖြစ်သည့် မွန်ပြည်နယ် ဆားလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးဝင်းထိန်က ပြောကြားသည်။

ဆားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်

မွန်ပြည်နယ်တွင် ပုဂ္ဂလိက နေလှန်း ဆားကြမ်းထုတ်လုပ်သော ဆားတောင်သူ ၉၀၊ အိုင်အိုဒင်းဆားချောထုတ်လုပ်သော လုပ်ငန်းရှင် ၁၅ ဦးနှင့် အပိုဓာတ်ဆား ထုတ်လုပ်သော လုပ်ငန်းရှင်တစ်ဦးတို့ သည် ဆားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

မွန်ပြည်နယ်အတွင်း MSME လုပ်ငန်း စုစုပေါင်း ၁၃၄၉၂ ခုရှိပြီး ရော်ဘာလုပ်ငန်းသည် ပြည်နယ်အတွက် ပြည်ပဝင်ငွေ အဓိကရှာဖွေပေးနေသည့် လုပ်ငန်းတစ်ခု ဖြစ်သည်။ ပြည်နယ်အတွင်း ရော်ဘာ လုပ်ငန်းလုပ်ကိုင်နေသည့် မှိုင်းခံရော်ဘာ စက်ရုံ ၂၆ ရုံ၊ ခရမ့်ရော်ဘာစက်ရုံ ၁၁ ရုံ၊ ပူဖောင်းစက်ရုံ ၁၈ ရုံနှင့် ရော်ဘာသစ်ပါး လွှာ/ ခွဲသားစက်ရုံ ၂၄ ရုံ ရှိသည်။

ဒေသထွက် ရော်ဘာကုန်ကြမ်းကို ကုန်ချောထုတ်လုပ် ရောင်းချလျက်ရှိပါတယ်။ နှစ်စဉ်တန်ချိန်လေးသောင်းခန့်ထွက်ရှိပါတယ်။ တစ်နိုင်ငံလုံးတင်ပို့ ရောင်းချမှုရဲ့ ၃၅ ရာခိုင်နှုန်းလောက်ရှိပါတယ်။ အစိမ်းပြား၊ အထူးပြား၊ အပါးပြား၊ ခွက်ကျန်၊ မှိုင်းခံထုပ်စတဲ့ကုန်ကြမ်းတွေကို ဒေသကနေ ဝယ်ယူထုတ်လုပ် လျက်ရှိပါတယ်။ ဒေသထွက်ကုန်ပေါ်မှာ ထုတ်လုပ်တဲ့ MSME လုပ်ငန်းတစ်ခု ဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေကို လည်း အလုပ်အကိုင်ရရှိစေပါတယ်။ ကျွန်တော်တို့ လုပ်ငန်းမှာဆိုရင် လခစားဝန်ထမ်းနဲ့ နေ့စားဝန်ထမ်းစုစုပေါင်း ၂၀၀ ကျော်ရှိပါတယ်။ ဒေသနဲ့လည်းကိုက်ညီတယ်၊ အလုပ်အကိုင်အခွင့်အလမ်းလည်းရတယ်။ ကျွန်တော်တို့စက်ရုံက ပြည်ပပို့ကုန်အဖြစ် နိုင်ငံတကာ တာယာစက်ရုံတွေကလိုအပ်တဲ့ ခရမ့်ရော်ဘာ MSR10+SBR၊ MSR20+SBR နဲ့ RSSMSR+SBR တို့ကို အရည်အသွေးစံချိန်၊ စံညွှန်းအတိုင်း ထုတ်လုပ်တင်ပို့လျက်ရှိပါတယ်ဟု ရော်ဘာကုန်ချောထုတ်လုပ်သည့် ဖူရှင်း ဘရားသား(စ်)ကုမ္ပဏီမှ စက်ရုံမှူးက ပြောသည်။

မွန်ရိုးရာအထည်များ

မွန်ရိုးရာအထည်များကို မွန်တိုင်းရင်းသားများသာမက ပြည်သူအများနှစ်သက်စွာဝယ်ယူဝတ်ဆင်ကြသည့်အတွက် မွန်ရိုးရာဓလေ့များ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ပြည်နယ်အတွင်း ရိုးရာအထည်ရက်လုပ်ရောင်းချသူများ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရန် ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region One Product) အစီအစဉ်တွင် ထည့်သွင်းကာ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်နယ်အစိုးရက စီမံဆောင်ရွက်လျက်ရှိသည်။

ခေတ်ကာလ ပြောင်းလဲလာတော့ အရင်လိုရက်ကန်းတစ်ခုတည်းအပေါ်မှာ မှီခိုလို့မရတော့ တခြားလုပ်ငန်းတွေ ပြောင်းလဲလုပ်ကိုင်ကြတာမျိုးတွေတော့ ရှိပါတယ်။ အားသာချက်တစ်ခုကဈေးကွက်မှာ နေရာတစ်ခုရှိတဲ့ ရိုးရာဝတ်စုံဖြစ်တဲ့အတွက် ဒီလုပ်ငန်းလုပ်ကိုင် နေတဲ့သူတွေအတွက် အခွင့်အလမ်း တစ်ခုပါ။ ဒီအခွင့်အလမ်းကို လုပ်ငန်းလုပ်ကိုင်သူတွေ ဆုပ်ကိုင်နိုင်ဖို့ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေက ကူညီပေးပါတယ်။ ပြပွဲတွေပြသတိုင်းပါဝင်ပြသဖို့ ဖိတ်ခေါ်တယ်။ နည်းပညာဖွံ့ဖြိုးရေးအတွက် သင်တန်းတွေလည်း ဖွင့်ပေးပါတယ်ဟု မွန်ပြည်နယ်နေ့ အထိမ်းအမှတ် MSME အရောင်းပြခန်းများတွင်ပါဝင်ပြသခဲ့သည့် မော်လမြိုင်မြို့မှ WE-mon မွန်ရိုးရာအထည်လုပ်ငန်း တာဝန်ခံ ဒေါ်မရမ်ယိမ်းနန်က ပြောသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်စီးပွားဖွံ့ဖြိုးရေးဖော်ဆောင်ရာတွင် ပြည်နယ်အတွင်းမှ လုပ်ငန်းအများစုဖြစ်သည့် ပြည်နယ်၏ MSME များ ဖွံ့ဖြိုးရေးကို အလေးပေးကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာ၌ နိုင်ငံတော်အဆင့် အထိမ်းအမှတ်ပြပွဲများ၊ ဈေးရောင်းပွဲတော်များ အပါအဝင်နေ့ထူးနေ့မြတ်များတွင်ကျင်းပသည့် ပွဲတော်များတွင် ပြည်နယ်၏ MSME လုပ်ငန်းများကိုပါဝင်ပြသခြင်း၊ ကူညီအားပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်နယ်အတွင်းမှ MSME ထုတ်ကုန်များ ထုတ်လုပ်မှု၊ ထုပ်ပိုးမှု၊ ဈေးကွက်ရရှိမှုစသည့်ကွင်းဆက် တစ်လျှောက်လုံးအချိုးညီညီဖွံ့ဖြိုးလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြရေးသားလိုက်ရပါသည်။ ။

No comments:

Post a Comment