မေချိုးဖြူ
“မေမေရေမေမေ တီဗွီထဲမှာ သမီးတို့အရွယ်ကလေးလေးတွေ ရေဘူးလေးတွေနဲ့ အများကြီးပဲ။ ဘာလုပ်တာလဲဟင်။ နောက်ပြီးတော့ အဝေးကြီးပဲ လမ်းလျှောက်သွားနေတာ။ တန်းစီနေကြတာ အများကြီးပဲ ရေပိုက်လေးနားမှာ။”
တီဗွီကလာတဲ့ နိုင်ငံတကာသတင်းထဲက ရေရှားပါးတဲ့နိုင်ငံတွေအကြောင်း သတင်းလာချိန်
သမီးငယ်ရဲ့အမေးစကားသံ။
မေမေ။ ။အဲဒါ သူတို့ဆီမှာ ရေမရှိလို့ ရေရှိတဲ့နေရာအထိ ရေသွားခပ်ရတဲ့အကြောင်း လာနေတာ
လေ။ အဲဒီလို ရေလေးတစ်ပုံးရဖို့ မနက်အစောကြီးကတည်းက လမ်းလျှောက်သွားပြီး ရေကိုတန်း စီပြီး
စောင့်၊ ကိုယ့်အလှည့် ရောက်မှ ရေယူပြီး အဝေးကြီးပြန်သွားရတာပေါ့။
သမီး။ ။သမီးတို့ဆီမှာ အဲဒီလို ရေမရှားလို့ တော်သေးတယ်နော်။ သမီးကတော့ ရေမရှိရင်မနေနိုင်
လောက်ဘူးထင်တယ်။
မေမေ။ ။ ဟုတ်တာပေါ့ သမီးရဲ့ “ထမင်းအသက်
ခုနစ်ရက်၊ ရေအသက်တစ်မနက်”တဲ့ ထမင်းသာ မစားဘဲနေလို့ရတာ။ ရေကျတစ်မနက် လောက်တောင် မသောက်ဘဲနေလို့မရဘူးလို့
ဆိုထားတာကိုး သမီးရဲ့။
သမီး။ ။ ဟုတ်တယ်နော်။ ဒါနဲ့မေမေ သူတို့ဆီမှာ ဘာလို့ရေမရှိတာလဲဟင်။
မေမေ။ ။ သစ်ပင်သစ်တောတွေမရှိလို့ပေါ့။ သစ်ပင်သစ်တောတွေမရှိရင် ရာသီဥတုတွေလည်း
မမှန် တော့ဘူး။ ရာသီဥတုမမှန်ရင် မြစ်တွေ၊ ချောင်းတွေလည်း ရေခန်းလာရော။ မြစ်တွေ၊ ချောင်းတွေ
မရှိရင် ကမ္ဘာ့မြေမျက်နှာပြင်ပေါ်က ရေတွေမရှိနိုင်တော့သလို မြေအောက်ရေလို့ခေါ်တဲ့ တွင်းတူးပြီး
ယူလို့ရတဲ့ ရေလည်းမရနိုင်တော့ဘူးလေ။ အဲဒါကြောင့် အခုလိုရှိနေတဲ့ရေကို တန်ဖိုးထားရမယ်၊
စည်းကမ်းတကျသုံးစွဲရမယ် လို့ ပြောတာပေါ့။
သမီး။ ။ ဟုတ်ပြီ ဟုတ်ပြီ သမီးသိပြီ။ အဲဒါကြောင့် မေမေက မျက်နှာသစ်ရင်လည်း ရေခွက်နဲ့သစ်၊
သွားတိုက်ရင်လည်း ရေပိုက်ဖွင့်ပြီးမထားနဲ့၊ ရေပိုက်ဖွင့်ရင်လည်း စောင့်ကြည့်နေပြီး
ရေမလျှံခင် ပိတ်ခိုင်းတာမို့လား။
မေမေ။ ။ ဟုတ်တာပေါ့။ သမီးကတော်လိုက်တာ။
အဲဒီအချက်တွေကို သေချာလိုက်နာပြီး တစ်သက် လုံး မှတ်ထားရမယ်နော်။
သမီး။ ။ ဟုတ်ကဲ့ပါ မေမေရယ်။ သမီး သေချာမှတ်ထားပါ့မယ်။ နောက်ပြီးကျန်သေးတယ်နော်
မေမေ။
မေမေ။ ။ ဘာလဲသမီးရဲ့။
သမီး။ ။ ရေပိုက်တွေ ဖွင့်ပြီးရင် သေချာပိတ်ရမယ်။ ရေတစ်စက်တစ်စက်ကျမနေရဘူးလို့လည်း
ဖေဖေကပြောသေးတယ်။
မေမေ။ ။ ဟုတ်ပါပြီရှင်။ နောက်ပြီးတော့ရော
သမီးဖေဖေက ဘာတွေမှာထားသေးလဲ ပြောပါဦး။
သမီး။ ။ အင်း … နောက်ပြီးတော့ရေတင်လို့ လျှံကျတဲ့ရေတွေကိုလည်း အလကားမဖြစ်အောင်
ပုံးနဲ့ ခံထားရမယ်တဲ့။ အဲဒီရေတွေနဲ့ မေမေစိုက်ထားတဲ့ သစ်ခွပင်ကို လောင်းလို့ရတယ်တဲ့။
နောက်ပြီး အဲဒီသစ်ခွပင်ကို ရေလောင်းလို့ကျလာတဲ့ ရေတွေကို အောက်မှာရှိတဲ့ နှင်းဆီပန်းအိုးလေးတွေနဲ့
ခံထားတာလည်း ရေကိုချွေတာတာပဲတဲ့။ ဟုတ်တယ်မဟုတ်လား ဖေဖေ။
ဖေဖေ။ ။ မှန်တာပေါ့ဗျာ။ ငါ့သမီးက သိပ်တော်တာပဲ။
သမီး။ ။ ဒါပေမဲ့ သမီးတို့ကသာ အဲဒီလိုလုပ်နေတာ။ သူများတွေက မလုပ်ရင်ရော ဘယ်လိုလုပ်မလဲ
ဖေဖေ။
ဖေဖေ။ ။ ဒါကတော့ သမီးရယ်။ တစ်ယောက်အစ
တစ်ရာအဆုံး သိရှိနားလည်အောင် ကြိုးစားရ မှာပေါ့။ အခုပဲကြည့်လေ တီဗွီမှာ အခုလို ရေရှားတဲ့
သတင်းတွေပါလာတော့ သမီး လေးတောင် သတိထားမိလာတယ်မို့လား။ ဖေဖေတို့ မေမေတို့က ရေနဲ့ပတ်သက်တဲ့
စည်းကမ်းတွေကို ပြောပြ ထားတော့ သမီးလေးက လိုက်လုပ်တယ်။ ဒါဆို သုံးယောက်လိုက်နာပြီးသားဖြစ်သွားပြီ။
ဒီလိုနဲ့ မိသားစုလေးတွေတစ်စုတစ်စုတိုးသွားရင် အများကြီးဖြစ်လာမှာပေါ့။ အဲဒီလိုပဲ ရေကိုလည်း
နည်းနည်းပါလို့ ဂရုမထားဘဲ အလေအလွင့်ဖြစ် အောင်ထားရင် ကြာရင်များသွားပြီး တီဗွီထဲက ကလေးတွေလို
ကိုယ့်မျက်နှာသစ်ဖို့၊ သုံးဖို့ ရေလေးတစ်ပုံးရဖို့ ခရီးအဝေးကြီး လမ်းလျှောက်သွားပြီး
သယ်ရတဲ့ဘဝ ကို ရောက်မှာစိုးလို့ ပြောနေရတာပေါ့ သမီးရဲ့။
သမီး။ ။ ဒါနဲ့ ဖေဖေ သမီးတို့နိုင်ငံမှာရော အဲဒီလိုရေရှားတဲ့နေရာတွေ ရှိလားဟင်။
သမီးတို့နိုင်ငံမှာ ကန်ကြီးတွေရော၊ မြစ်ကြီးတွေရော ရှိတယ်လို့ မေမေပြောဖူးတယ်။ ဒါဆို
သမီးတို့နိုင်ငံက ရေမရှားတော့ဘူးပေါ့နော်။
ဖေဖေ။ ။ ဖေဖေတို့ နိုင်ငံမှာလည်း ရွှေကိုမလို၊
ငွေကိုမလို ရေကိုသာလိုပါသည်ဆိုတဲ့ နေရာဒေသ တွေရှိတာပေါ့သမီးရဲ့။ မြစ်တွေ၊ ချောင်းတွေရှိတဲ့
နေရာတွေရှိသလို မြစ်ချောင်း မရှိတဲ့နေရာတွေလည်း ရှိတယ်လေ။ နောက်ပြီးတော့ ရေတိုင်းကလည်း
သောက်လို့၊ သုံးလို့မရဘူးလေ။ ဥပမာ ပင်လယ်ရေဆိုလည်း ငန်လို့ သောက်သုံးဖို့မဖြစ်နိုင်ဘူး။
မြေအောက်ရေ လို့ခေါ်တဲ့ တွင်းတူးလို့ထွက်တဲ့ရေဟာလည်း နေရာတိုင်းက မထွက်နိုင်သလို ထွက်တဲ့ရေက
ငန်နေရင်လည်း သောက်သုံးလို့ မရပြန်ဘူး။ နောက်ပြီး ရေထဲမှာ အမှိုက်တွေ၊ အညစ်အကြေးတွေ၊
ဓာတုဓာတ်ကြွင်းတွေရှိနေ၊ ပျော်ဝင်နေရင်လည်း အဲဒီရေကို သုံးစွဲလို့မရပြန်ဘူး။ ဒါကြောင့်
ရေကောင်း၊ ရေသန့်တွေရရှိသုံးစွဲနိုင်တဲ့ ဖေဖေတို့ စည်းကမ်းရှိရှိ၊ စနစ်တကျနဲ့ မသုံးစွဲသင့်ဘူးလား။
သမီး။ ။ ဟုတ်ကဲ့။ သမီးသဘောပေါက်ပါပြီဖေဖေ။
မေမေ။ ။ ဟုတ်တယ်သမီးရဲ့။ နောက်ပြီး အဲဒီလိုရေကို
စနစ်တကျ ချွေတာသုံးစွဲသင့်သလို ရေရရှိရာ အရင်း အမြစ်တွေကိုလည်း တန်ဖိုးထားရမယ်။ မြစ်တွေ၊
ချောင်းတွေ၊ မြောင်းတွေ၊ ကန်တွေထဲကို အမှိုက်ပစ်တာမျိုး၊ စွန့်ပစ်ရေတွေ စွန့်ထုတ်တာမျိုးတွေ
မလုပ်ရဘူး သမီးရဲ့။ ပလတ်စတစ် အမှိုက်တွေဆိုလည်း ဆွေးမြည့်ပျက်စီးဖို့မလွယ်လို့ ရေစီးတွေနဲ့အတူ
ပင်လယ်သမုဒ္ဒရာတွေ ထဲအထိ ရောက်သွားလို့ ရေနေသတ္တဝါတွေအတွက် အန္တရာယ်ဖြစ်၊ သေကျေ ရတာတွေရှိတယ်
သမီးရဲ့။
ဖေဖေ။ ။ ဟုတ်တာပေါ့၊ နောက်ပြီး ရှိသေးတယ်။ အဲဒီမြစ်တွေ၊ ကန်တွေ၊ ချောင်းတွေ၊
ပင်လယ်သမုဒ္ဒရာတွေထဲကရေတွေရော ဘယ်ကရတယ်လို့ သမီးထင်လဲ။
သမီး။ ။ မိုးရွာလို့ရတာပေါ့။
ဖေဖေ။ ။ အင်း.. ဟုတ်တယ်။ မိုးက ရောဘယ်ကရွာတာလဲ။
သမီး။ ။ ဟာ ဖေဖေကလည်း မိုးတိမ်တွေက ရွာတာပေါ့။
ဖေဖေ။ ။ အဲဒီမိုးတိမ်တွေရော ဘယ်က ရတာလဲ။
သမီး။ ။ အင်း … အဲဒါတော့ မိုးရွာချင်လို့ဖြစ်တာနေမှာပေါ့။
ဖေဖေ။ ။ ဟားဟားဟား။ ဟုတ်ပါပြီ။ ဒီလိုသမီးရဲ့
မိုးတိမ်တွေ ဖြစ်ဖို့ဆိုရင် နေအပူရှိန်ကြောင့် ရေပြင် တွေကနေ ရေခိုးရေငွေ့တွေအဖြစ်
အငွေ့ ပြန်တက်သွားရတယ် သမီးရဲ့။
သမီး။ ။ ဟင်ဒါဆို မိုးရေရဖို့ ရေပြင်တွေ၊ ကန်တွေရှိရမှာပေါ့ နော်။
ဖေဖေ။ ။ သိပ်ဟုတ်တာပေါ့။ ဖေဖေတို့ ငယ်ငယ်တုန်းက
ကျောင်းမှာသင်ခဲ့ရတဲ့ ကဗျာလေးကို သမီးကိုပြောပြမယ်။ အဲဒါဆို သမီး ရေအကြောင်းသိသွားမယ်။
သမီး။ ။ ဘာကဗျာလဲ ဖေဖေ။
“ရေသံသရာ”
- ကောင်းကင်တခို ပြိုမလို
တိမ်ညိုဘာကြောင့် မှိုင်းပါတယ်၊
မိုးရွာလိုလို့ မှိုင်းပါတယ်။
-မြည်ဟည်းထစ်ကြိုး၊ မာန်ဟုန်ဖြိုး
ရွှေမိုးဘာကြောင့် ရွာရတယ်၊
ရေခိုးပါလို့ ရွာရတယ်။
- တစိမ့်စိမ့်မိုး၊ ရွာသွန်းဖြိုး
ရေခိုးဘယ်က ရပါတယ်၊
ပင်လည်ရေက ရပါတယ်။
- အပြောဝန်းကျယ်၊ ငွေပင်လယ်
သင်ရေ ဘယ်ကရပါတယ်၊
- ချောင်းရေတွေက ရပါတယ်။
စီးကျတွေတွေ ရဂုံဘွေ
ချောင်းရေဘယ်က ရပါတယ်၊
မိုးရေကျလို့ ရပါတယ်။
-ရွာသွန်းဖြိးစွေ လျှပ်ပန်းဝေ
မိုးရေဘာကြောင့် ကျရတယ်
တိမ်ညိုမှိုင်းလို့ ကျပါတယ်။” တဲ့
သမီး။ ။ ဟာဟုတ်တယ်နော် ဖေဖေ။ နောက်ဆုံးကျတော့ အစကို ပြန်ရောက်သွားပြီ။ တကယ့်ကိုပဲ
သံသရာ လည်နေတာပဲနော်။
ဖေဖေ။ ။ ဟုတ်တယ်။ ဒါကြောင့် မိုးရွာဖို့၊
ရာသီဥတုမှန်ဖို့၊ ရေ တွေမခန်းခြောက်ဖို့ သစ်တောသစ်ပင် တွေကို ထိန်းသိမ်းရမယ်။ ရှိနေတဲ့
ရေကောင်းရေသန့်နဲ့ သဘာဝပတ်ဝန်း ကျင်ကိုလည်း ဂရုတစိုက်တန်ဖိုးထားပြီး စနစ်တကျ သုံးစွဲရမယ်။
အမှိုက်တွေကိုလည်း စည်းကမ်းတကျစွန့်ပစ်ရမယ်။ အဲဒီလိုလုပ်မှ ရေရှားပါးမှုဘေး၊ ရာသီဥတုမမှန်တဲ့ဘေး၊
တခြားသဘာဝဘေး အန္တရာယ်တွေကနေ ရှောင်လွှဲနိုင်မှာပေါ့ သမီးရဲ့။
သမီး။ ။ ဟုတ်ကဲ့ပါ။ သမီးလည်း ရေကိုစည်းကမ်းရှိရှိသုံးစွဲပါ့မယ်။ နောက်ပြီး ကျောင်းရောက်ရင်
လည်း သူငယ်ချင်းတွေကို ပြောပြရဦး မယ်။ ဒီအကြောင်းတွေကို။
ဖေဖေ။ ။ တော်လိုက်တဲ့ သမီး။ ။
No comments:
Post a Comment