တက္ကသိုလ်မြတ်သူ
မြန်မာနိုင်ငံသည် ရှေးပဝေသဏီကတည်းက ဂန္ထဝင်မြောက်စံတင်လောက်သော ရသစာ၊ သုတစာ၊ တရားဓမ္မစာများ ရေးသားသော ရဟန်းစာဆို၊ လူစာဆို၊ နန်းတွင်း စာဆို၊ နန်းပြင်အရပ်ဘက်စာဆို၊ အမျိုးသားစာဆို၊ အမျိုးသမီးစာဆိုများ ထွန်းကားခဲ့သည်။ ဘာသာတရားဆိုင်ရာ လောကုတ္တရာစာပေ၊ ပိဋကတ်စာပေ၊ ပရိယတ်စာပေများလည်း ထွန်းကားခဲ့သည်။ စက္ကူ၊ ကလောင်တံ၊ ဖောင်တိန်၊ ခဲတံ၊ ဘောပင်မပေါ်မီကပင် ပေရွက်ပုရပိုက်၊ စက္ကူပုရပိုက်၊ သစ်သားပုရပိုက်၊ ကျောက်သင်ပုန်းများပေါ်တွင် ကညစ်တံ၊ ကံ့ကူဆံ၊ ခဲတံ၊ ကျောက်တံ စသည်တို့ဖြင့် စာရေးခဲ့ကြသည်။
တရားဓမ္မ၊ ပိဋကတ်စာပေကျမ်းဂန်များကို တစ်နေရာတည်း စုဆောင်းလေ့ရှိသည်ကို ပိဋကတ်တိုက်များဟု
တွင်ခဲ့သည်။ လောကီ-လောကုတ် နှစ်ဖြာသောအကြောင်းအရာများကို ရေးသားသော ပေပုရပိုက်၊ စက္ကူပုရပိုက်၊
စာအုပ်များ စုဆောင်းသိုမှီးထားသည်ကို စာကြည့် တိုက်ဟု တွင်ခဲ့သည်။ ယနေ့ကမ္ဘာ့နိုင်ငံများစွာနှင့်
မြန်မာနိုင်ငံတို့တွင်လည်း ပိဋကတ်တိုက်၊ စာကြည့်တိုက်များ ပေါများထွန်းကားလာခဲ့သည်။
စာကြည့်တိုက်ဟူသည် ငွေကြေးများ အပ်နှံထားရှိပြီး လိုအပ်သလို ထုတ်ပေးသော၊ ထုတ်ချေး
(ငှား) သော ဘဏ်တိုက်များကဲ့သို့ပင် သုတ၊ ရသစာပေ စာအုပ်မျိုးစုံ စုဆောင်းသိုမှီးထားရာ
နေရာများ ဖြစ်၍ စာပေဘဏ်တိုက်၊ ရသ၊ သုတဘဏ်တိုက်များဟုပင် တင်စားနိုင်ပေသည်။ နယ်ချဲ့အင်္ဂလိပ်တို့
မြန်မာနိုင်ငံကို တတိယအကြိမ် ကျူးကျော်တိုက်ခိုက်ခဲ့သော နယ်ချဲ့စစ်ပွဲအပြီး ၁၈၈၅ ခုနှစ်တွင်
မန္တလေးနန်းတော်အနှံ့နှင့် နိုင်ငံအနှံ့မှ ဘုရားကျောင်းကန်အပါအဝင် စေတီပုထိုး ဌာပနာတိုက်များကိုပါ
ဖောက်ထွင်းပြီး နယ်ချဲ့တပ်မှ စစ်ဗိုလ်၊ စစ်သားများ အဖိုးတန် ရွှေ၊ ငွေ၊ စိန်၊ ကျောက်၊
ပတ္တမြားရတနာများ အလုအယက်အပြိုင်ရှာယူခဲ့ကြသည်။ နန်းတွင်းမှ မှူးမတ်သေနာပတိ တို့၏ နန်းတွင်းညီလာခံတက်၊
လွှတ်ရုံး တက်ဝတ်စုံ၊ ဘောင်းနားဋောင်း၊ ရွှေ စလွယ်များကိုလည်း အလုအယက်ရှာဖွေ၍ ကိုယ်ရကိုယ်ယူလုပ်ခဲ့ကြသည်။
ဝန်ကြီးမှူးမတ်တို့၏ ဝတ်စုံ၊ ရွှေစလွယ် စသည့်အဆောင်အယောင်များကို ရှာဖွေယူကြရုံမက အနှောင့်များတွင်
ရွှေချထားသော ဓမ္မသတ်ကျမ်း ပုရပိုက်များ၊ စာကဗျာပုရပိုက်များကို ရွှေပြားများထင်ပြီး
အလုအယက်ယူကြပြီးမှ ရွှေပြားပုရပိုက်မဟုတ်မှန်းသိ၍ လမ်းပေါ်အမှိုက်ပစ်သလို ပစ်ထားလိုက်ကြသည်။
ပုရပိုက်များကို လှည်းအစီး ၄၀ ဖြင့် သယ်ထုတ်ယူခဲ့ရ
ထိုသို့ မွှေနှောက်ဖျက်ချိုးပစ်ချထားသော အနှောင့်ရွှေချပေပုရပိုက်များကို လုယက်ပွဲအပြီး
မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ၁၀ ရက်ကြာ မီးရှို့ဖျက်ဆီးရာတွင် မီးမသင့်ကျန်ရစ်သော ပုရပိုက်များကို
ပုဂံဝန်ထောက်မင်း ဦးတင်တို့က စုစည်းသိမ်းကျုံးပြီး လှည်းအစီး ၄၀ ဖြင့် သယ်ထုတ်ယူခဲ့ရသည်ကိုလည်း
မှတ်တမ်းများ၌ တွေ့ရပေသည်။ ဤသည်မှာ ရှေးရှေးမြန်မာများမှအစ စာများ၊ ပေများကို တန်ဖိုးထားမြတ်နိုးသိမ်းဆည်းကာ
ဖတ်ရှုလေ့လာသော အလေ့အထ ပိုကြီးထွားလာခဲ့သည်။ ထိုပုရပိုက်ကျန်ကောင်းကျန်ရာများသည် နောက်ဆုံးမြန်မာတို့၏
အမျိုးသားစာကြည့်တိုက်သို့ ရောက်တန်သရွေ့ရောက်လာခဲ့၍ ပုဂံဝန်ထောက်မင်း ဦးတင်တို့ကို
ကျေးဇူးတင်ရသေးသည်။
ထိုမှနောက် အထက်အညာကျေးရွာများ၊ သစ်တောကြိုးဝိုင်းများအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊
စာပေဝါသနာရှင် အစုအဆောင်းကောင်းသူများထံတွင် ရှေးရှေးဂန္ထဝင် မြန်မာစာပေပုရပိုက်များတွေ့ရှိရ၍
စာကြည့်တိုက်များ တိုးတက်ဖွင့်လှစ်လာကြသည်။ ရေ၊ မီး၊ ခိုးသူ၊ လေ စသည့် ရန်အန္တရာယ်များ
ဝါးမျိုဖျက်ဆီးခံရသော စာပေများ၊ စစ်ဒဏ်၊ ဗုံးဒဏ်၊ အမြောက်ဒဏ်တို့ဖြင့် မီးလောင်ပျက်စီးခဲ့ရသော
မြန်မာ့ဂန္ထဝင်စာပေစာအုပ်များ၊ ပုရပိုက်များလည်း မနည်းလှပေ။ သို့တိုင် အမျိုးသားစာကြည့်တိုက်၊
တက္ကသိုလ်စာကြည့်တိုက်၊ စာပေ ဗိမာန်စာကြည့်တိုက်၊ ရုံးဌာနစာကြည့်တိုက်၊ ရပ်ကွက်၊ မြို့ရွာအလိုက်
စုပေါင်း ဖွင့်ကြသော စာကြည့်တိုက်၊ စာပေကို မြတ်နိုးတန်ဖိုးထားပြီး စုဆောင်းသူတို့၏
ကိုယ်ပိုင်စာကြည့်တိုက်များ တိုးပွားလာခဲ့ပေသည်။ ယင်းရှိသမျှ စာကြည့်တိုက်များမှ စာအုပ်စာပေများ၊
သတင်းစာ၊ သတင်းလွှာများ ဖတ်ရှုလေ့လာ၍ ရေးသားပြုစုသော သုတေသီတို့၏ စာအုပ်များ၊ စာရေးဆရာ၊
သတင်းစာဆရာတို့၏ စာအုပ်စာတမ်းများ၊ ကျောင်းသား ကျောင်းသူ၊ သင်တန်းတက်သူတို့၏ လေ့လာပြုစုသော
စာတမ်း (စာအုပ်များ) လည်း တိုးပွားလာခဲ့သည်။
ဝေဿန္တရာစာဘဏ်တိုက်များ
ငွေကြေးဆိုင်ရာ ဘဏ်တိုက်များသည်ကား စာရင်းသေ၊ စာရင်းရှင် ငွေစုဘဏ်စာရင်းစာအုပ်တို့၏
အပ်နှံထားသော ငွေကြေးများကို လုံခြုံစိတ်ချရစွာ ထိန်းသိမ်းပေးထားပြီး လိုအပ်သလို ထုတ်ယူနိုင်၊
သွင်းအပ်နိုင်၊ ချေးယူနိုင်ကြသဖြင့် နိုင်ငံတို့၏ ငွေကြေးလည်ပတ်မှု ယန္တရားများ အရှိန်ကောင်းခဲ့ပေသည်။
ထိုဘဏ်ငွေများမှာ ကိုယ်အပ်ထားသောငွေကို အလွယ်တကူပြန်လည်ထုတ်ယူနိုင်ခြင်း၊ ဘဏ်မှသတ်မှတ်ထားသော
အတိုးရငွေများ တိုးပွားလာခြင်း၊ စည်းမျဉ်းစည်းကမ်းအရ ဘဏ်တိုးပေး၍ ထုတ်ချေး အသုံးပြုနိုင်ကြပေသည်။
သုတ၊ ရသစာပေဘဏ်ဟုဆိုရသည့် စာကြည့်တိုက်များ၌ ကိုယ်စာအုပ်စာတမ်းပေးလှူထားခြင်း (ပေးအပ်ထားခြင်း)
မရှိသူများပင်လျှင် စည်းကမ်းတကျ ကြိုက်ရာစာအုပ်ကို ငှားယူဖတ်ရှုနိုင်ကြပေသည်။ ထိုဘဏ်တိုက် (ဝါ) စာကြည့်တိုက်များကို ဝေဿန္တရာ
စာဘဏ်တိုက်များဟုပင် ဆိုနိုင်ပေသည်။
စာဖတ်လျှင် စာ၏အရသာ (စာဖတ်၍ ရရှိသောခံစားမှုအရသာ) ကိုလည်း ခံစားနိုင်သည်။ မသိသေးသော
(သိသော်လည်း မေ့လျော့နေသော) အထိ၊ အတွေ့အကြောင်းခြင်းရာတို့ကို စာဖတ်သူတို့ အကျိုးအမြတ်ရယူနိုင်ပေသည်။
စာမျိုးစုံသည် ရသမျိုးစုံပါရှိ၏။ သုတမျိုးစုံပါရှိ၏။ တွေးစရာ၊ သိစရာ၊ ဆင်ခြင်စရာ၊ ရှောင်ရန်
ဆောင်ရန် အကြောင်းအရာအချက်အလက်များ ပါရှိ၏။
ထိုသို့ စာမှရရှိသော စာသိများသည် ပညာအသိမြင်လာပေရာ ပညာအသိကိုယ်စီရှိခဲ့ကြလျှင်
မကောင်းမှုမှန်သမျှ အနိဋ္ဌာရုံမှန်သမျှ ရှောင်နိုင်ကြသည်။ ကောင်းမှုမှန်သမျှ ဣဋ္ဌာရုံမှန်သမျှ
ရယူ အသုံးပြုနိုင်ကြပေမည်။
၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့မှစ၍ နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး
(မြစ်ဝကျွန်း ပေါ်) မှ မြို့နယ်များ၊ ရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ်များစွာ ထိခိုက်ပျက်စီးခဲ့သည်။
မိုးလေဝသဌာနမှ နာဂစ်မုန်တိုင်းအခြေအနေကို အချိန်နှင့်အမျှ ကြေညာခဲ့၊ သတိပေးခဲ့သည်။
နိုင်ငံပိုင်သတင်းမီဒီယာများ (သတင်းစာ၊ အသံလွှင့်ရေဒီယိုသတင်း၊ ရုပ်မြင်သံကြားသတင်း)တို့မှ
ကြေညာပေးခဲ့သည်။ ရေဒီယိုသတင်း၊ ရုပ်မြင်သံကြားသတင်းများကိုလည်း နားမထောင်(နားမဝင်)၊
သတင်းစာများကိုလည်းမဖတ် (မသိကျိုးကျွန်ပြုခဲ့ကြ၍) ပျက်စီးသင့်သည်ထက် အဆများစွာသော အိုးအိမ်အဆောက်အအုံများ၊
လှေသမ္ဗန်မော်တော်များ ပျက်စီးခဲ့သည်။ သတင်းကို ကျောခိုင်းထား၍ မသေသင့်ဘဲ သေဆုံးရသူ
တစ်သိန်းကျော်ခဲ့သည်။
ဤသည်မှာ ထင်ရှားသော သတင်းအသိဟူသည် မသိမဖြစ် သတင်းနားထောင်ခြင်း၊ သတင်းကို ဖတ်ရှုခြင်း
(အလေးပေးခြင်း) မပြု၍ မသေသင့်ဘဲသေ၊ မပျက်စီးမဆုံးရှုံးသင့်ဘဲ ပျက်စီး ဆုံးရှုံးခဲ့ရသော
သင်ခန်းစာကား အလွန်တရာအဖိုးတန်ပေသည်။ ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်းသတင်းများကိုကား သတင်းမီဒီယာများက
ကြိုတင်သတိပေးကြေညာ ခဲ့ပေသည်။ နိုင်ငံတော်အစိုးရအကြီးအကဲများက ထိုသတင်းကို မသိသိအောင်
ပေးခဲ့၊ ကြိုတင်ကာကွယ်ရေးလုပ်ခဲ့သဖြင့် လူအသေအပျောက် အလွန်တရာလျော့နည်းခဲ့သည်။ ကြိုတင်ကာကွယ်
ပြင်ဆင်လှုပ်ရှားမှု၊ မုန်တိုင်းနှင့်အပြိုင် ကယ်ဆယ်စောင့်ရှောက်မှု၊ မုန်တိုင်း ဒဏ်သင့်မြို့ရွာများကို
မူလအနေအထားထက်ပင် ပိုမိုသာလွန်ကောင်းမွန်စေရမည်ဟူသော သန္နိဋ္ဌာန်ဖြင့် အားကြိုးမာန်တက်ကြီးကြပ်ဆောင်ရွက်ပေးမှု၊
စေတနာရှင်ပြည်သူများနှင့် ပြင်ပမိတ်ဆွေနိုင်ငံများ၏ ထောက်ပံ့ရိုင်းပင်းကူညီမှုကြောင့်
စစ်တွေအပါအဝင် မိုခါမုန်တိုင်းဒဏ်သင့်နေရာဒေသ၊ ရွာများ၊ မြို့များ ပြန်လည်တင့်တယ်သစ်လွင်စွာ
ပေါ်ထွန်းလာခဲ့သည်မှာလည်း အကောင်းဘက်မှ သင်ခန်းစာပင်ဖြစ်သည်။
စာအုပ်စာပေလူ့မိတ်ဆွေ၊ အလိမ္မာ စာမှာရှိစသော ကြွေးကြော်သံဆောင်ပုဒ်များ၊ ရှေးရှေးရဟန်းစာဆို၊
လူစာဆိုတို့၏ စာသိ သိရန်၊ ပညာသိ သိရန် စာပေများ ဖတ်ရှုသင့်ကြောင်း ညွှန်ပြသော၊ ဆုံးမသွန်သင်သော
ပျို့လင်္ကာ၊ စကားပြေများတွင် စာဖတ်ရန် လူသားမှန်သမျှ နိုင်ငံသားပြည်သူမှန်သမျှကို
လမ်းပြခဲ့ကြသည်မှာ များလှချေသည်။ စာပေဟူသည် ပေပုရပိုက်ခေတ်ကတည်းက စတင်ထွန်းကားသော ဂန္ထဝင်မြန်မာပျို့ကဗျာ၊
လင်္ကာများ၊ ဇာတ်ဝတ္ထုများ၊ ပြဇာတ်များ၊ သုတကျမ်းများ၊ လောကသာရပျို့၊ ပုတ္တောဝါဒပျို့၊
စာနကျနိတ စသည့် လောကီသုတစာများမှာသာမက ဘုရားဟောတရားဓမ္မ ပိဋကတ်စာပေများကပါ လမ်းကောင်းညွှန်ပြဒုစရိုက်
အကုသိုလ်၊ ပါပလုပ်ရပ်များရှောင်၍ သုစရိုက် ကုသိုလ်အခြေပြုသော လုပ်ရပ်များ ညွှန်ပြပေသည်။
ဓမ္မပဒတရားဆောင်ပုဒ် ကောက်နုတ်ချက်များကို ဖတ်လျှင်ပင် အလိမ္မာတိုးနိုင်ကာ ပညာဉာဏ်အမြော်အမြင်၊
အသိပညာတိုးတက်နိုင်သည်။ နေ့စဉ်သတင်းများ နားထောင်၊ ဖတ်ရှုလျှင် မိမိတို့နေထိုင်ရာ မြို့ရွာ၊
ရပ်ကွက်အပါအဝင် မိမိတို့နိုင်ငံ ဒီနေ့ဘာတွေဖြစ်၊ ဘာတွေက သတင်းကောင်း၊ ဘာတွေက သတင်းဆိုး
ခွဲခြားသိမြင် ဆင်ခြင်နိုင်ကြပေမည်။ အလားတူ နိုင်ငံတကာသတင်းများကို မျက်ခြည်မပြတ် ဖတ်ရှု၊
နားထောင်လေ့လာလျှင် ယနေ့ နိုင်ငံတကာ(ကမ္ဘာ)မှာ ဘာဖြစ်နေသည်။ ဘယ်သတင်းက အကောင်း၊ ဘယ်သတင်းက
အဆိုး၊ ဘယ်သတင်းဆိုးမျိုး မိမိတို့နိုင်ငံတွင် မဖြစ်ရန် ကြိုတင်ကာကွယ်ပြင်ဆင်နိုင်
ကြလျှင်၊ ဘယ်သတင်းက မိမိတို့အားကျအတုယူရမည့် သတင်းကောင်းဖြစ်နေလျှင် မိမိတို့နိုင်ငံ၊
မိမိတို့မြို့ရွာရပ်ကွက် အလိုက်၊ လမ်းအလိုက် တစ်အိမ်ချင်းအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်
ရမည်ဟူသော အသိများရပေမည်။
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment