Monday, March 18, 2024

တာချီလိတ်နယ်စပ်ဒေသတွင် တင်သွင်း/တင်ပို့လုပ်ငန်းများနှင့်ဆက်စပ်သည့် အကောက်ခွန်ဆိုင်ရာ ကုန်ပစ္စည်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှစ၍ MACCS စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်

 

၁။ အကောက်ခွန်ဦးစီးဌာနသည် ရန်ကုန်ဧရိယာ၊ မြဝတီနယ်စပ်ဒေသ၊ မူဆယ်နယ်စပ်ဒေသနှင့် ချင်းရွှေဟော်နယ်စပ်ဒေသတို့တွင် မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ်(Myanmar Automated Cargo Clearance System)ကို အသုံးပြုလျက်ရှိပြီး ယခုအခါ တိုးချဲ့ဒေသအဖြစ် တာချီလိတ်နယ်စပ်ဒေသတွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှစတင်၍ အသုံးပြုသွားမည်ဖြစ်ပါသည်။

၂။ တာချီလိတ်နယ်စပ်ဒေသတွင် MACCS စနစ် အောင်မြင်စွာ အသုံးပြုနိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကုန်သွယ်မှုဆက်စပ်ဌာနများ၊ တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်း၊ တာချီလိတ်မြို့ရှိ ကုန်ပစ္စည်းတင်သွင်း/ တင်ပို့သည့် ကုမ္ပဏီများနှင့် အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းတို့၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ခဲ့ရာ ကုန်သွယ်မှုဆက်စပ်ဌာနများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်း၊ MACCS User များအတွက် စနစ်အသုံးပြုမှုဆိုင်ရာ စာတွေ့လက်တွေ့သင်တန်းများ ဖွင့်လှစ်ပို့ချခြင်းနှင့် စနစ်စမ်းသပ်အသုံးပြုခြင်း (Running Test) တို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

၃။ အကောက်ခွန်ဦးစီးဌာနသည် တာချီလိတ်နယ်စပ်ဒေသနှင့်ဆက်စပ်သည့် ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက်ရှိ စစ်ဆေးရေးစခန်းများတွင် တင်သွင်း/တင်ပို့လုပ်ငန်းများနှင့် ဆက်စပ်သည့် အကောက်ခွန်ဆိုင်ရာ ကုန်ပစ္စည်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို MACCS စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်သဖြင့် တာချီလိတ်နယ်စပ်ဒေသတွင် တင်သွင်း/တင်ပို့လုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့် အကောက်ခွန်ဝန်ဆောင်မှုဆောင်ရွက်သူများအနေဖြင့် အကောက်ခွန်ဆိုင်ရာ ကုန်ပစ္စည်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို (၂၂-၃-၂၀၂၄) ရက်နေ့မှစ၍ MACCS စနစ်ဖြင့် ဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

အကောက်ခွန်ဦးစီးဌာန

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

No comments:

Post a Comment