ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ
နှစ် (၅၀) ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်
သဝဏ်လွှာ
(၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်)
ချစ်ကြည်လေးစားအပ်ပါသော မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမ
များခင်ဗျား
ယနေ့ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့တွင် ကျရောက်သည့် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် မွန်ပြည်နယ်နေ့ မင်္ဂလာနေ့ထူးနေ့မြတ်အခါသမယ၌ မွန်ပြည်နယ်နှင့် ဒေသအသီးသီးတွင် ရောက်ရှိနေကြသော မွန်တိုင်းရင်းသား သွေးချင်းညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာသုခချမ်းသာကြ၍ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝလျက် ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
မွန်တို့ဌာနေ ရာမညမြေဖြစ်သော မွန်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်မှာ ၂၀၂၄ ခုနှစ်၊
မတ်လ(၁၉) ရက်နေ့တွင် နှစ် (၅၀) ပြည့်မြောက်ပြီဖြစ်ပါသဖြင့် ရွှေရတုအထိမ်းအမှတ်နှစ်အဖြစ်
သမိုင်းဝင်မော်ကွန်းတင်ပြီး အောင်လံစိုက်ထူ ကမ္ပည်းရေးထိုးနိုင်ခဲ့ပြီဖြစ်ပါသည်။
မွန်ပြည်နယ်ဟု သတ်မှတ်ခေါ်ဝေါ်ခြင်းမပြုမီ ယခင်က မွန်ပြည်နယ်၏ နယ်မြေများဖြစ်သည့်
မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့ကို တနင်္သာရီတိုင်း အမှတ် (၁) အဖြစ်လည်းကောင်း၊
ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့ကို တနင်္သာရီတိုင်း အမှတ် (၂) အဖြစ်လည်းကောင်း သတ်မှတ်ဖွဲ့စည်းခဲ့ကြပါသည်။
လွတ်လပ်ရေးရရှိပြီး ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ
တနင်္သာရီတိုင်း အမှတ် (၁) အား မွန်ပြည်နယ်အဖြစ် ကမ္ပည်းတင်ရေးထိုးခဲ့သည့် မတ်လ (၁၉)
ရက်နေ့ကို မွန်ပြည်နယ်နေ့အဖြစ် သတ်မှတ်ကာ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများဖြင့်
နှစ်စဉ်ဂုဏ်ပြုကျင်းပပြုလုပ်ခဲ့သည်မှာ ရွှေရတုကာလတိုင် နှစ် (၅၀) ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
မွန်တိုင်းရင်းသားများသည် မြန်မာနိုင်ငံအတွင်းသို့ အစောဆုံးဝင်ရောက်နေထိုင်သော
လူမျိုးများဖြစ်ပြီး ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မမူမီကာလကတည်းက သထုံဒေသဝန်းကျင်တွင်
သုဓမ္မဝတီနိုင်ငံအဖြစ်တည်ရှိခဲ့ကာ ဘာသာ၊ သာသနာ၊ စာပေ၊ ယဉ်ကျေးမှု၊ အနုသုခုမပညာများပြန့်ပွားခဲ့ပြီး
ယနေ့အထိ ထိန်းသိမ်းလျက်ရှိသည့် သမိုင်းကောင်းများမှာ ပြည်နယ်အတွက် ဂုဏ်ယူဖွယ်ရာများဖြစ်ပါသည်။
မွန်ပြည်နယ်သည် ထင်ရှားကျော်ကြားသည့် သာသနာပြုမင်းကောင်းမင်းမြတ်များ၊ ရဟန်းပညာရှိများ၊
လူပညာရှိများ၊ ကျမ်းဂန်တတ်စာပေပညာရှင်များ၊ သူရသတ္တိထက်မြက်သည့် သူရဲကောင်းများ ထွန်းကားခဲ့သော
သမိုင်းအစဉ်အလာရှိခဲ့သည့် ပြည်နယ်ဖြစ်သည့်အပြင် မွန်လူမျိုးတို့၏ ဘာသာစာပေ၊ ယဉ်ကျေးမှု
အနုပညာများ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည့် အစဉ်အလာကောင်းသော ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။
မွန်ပြည်နယ်သည် ပထဝီအနေအထားအရ နိုင်ငံ၏တောင်ဘက်၊ တနင်္သာရီကမ်းမြောင်ဒေသ၏ မြောက်ပိုင်းတွင်တည်ရှိပြီး
အရပ်လေးမျက်နှာတွင် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ဘင်္ဂလားပင်လယ်အော်၊
မုတ္တမကွေ့နှင့် ထိုင်းနိုင်ငံတို့ဖြင့် ဆက်စပ်လျက်ရှိပြီး ရေလမ်း၊ ကုန်းလမ်းဆုံရာ
အချက်အချာနေရာတွင် တည်ရှိသော ပြည်နယ်တစ်ခုပင်ဖြစ်ပါသည်။
မွန်ပြည်နယ်သည် ရာသီဥတုကောင်းမွန်မျှတပြီး တောတောင်မြစ်ချောင်းများ၊ စိမ်းလန်းစိုပြည်သောသစ်တောများ၊
သမိုင်းယဉ်ကျေးမှု အမွေအနှစ်များရှိသည့်အပြင် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းနှင့်
ထိစပ်လျက်ရှိသည့်အတွက် မြေသယံဇာတများ၊ ရေသယံဇာတများ၊ စက်မှုကုန်ကြမ်းထွက်ကုန်များကြွယ်ဝပြီး
ဂုဏ်ယူဖွယ်ရာ သာယာလှပသည့် ပြည်နယ်တစ်ခုလည်း ဖြစ်ပါသည်။
မွန်ပြည်နယ်အတွင်း အံ့ချီးဖွယ်ရာ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီ တော်မြတ်ကြီးအပါအဝင်
ရှေးဟောင်းတန်ခိုးကြီးဘုရားများစွာတည်ရှိပြီး သာသနာပြုပုဂ္ဂိုလ်များနှင့် ရှင်အရဟံမထေရ်မြတ်ကြီးတို့က
စစ်မှန်သော ဗုဒ္ဓသာသနာတော်တည်တံ့ပြန့်ပွားထွန်းကားရေး အတွက် ကြိုးပမ်းအားထုတ်ခဲ့ကြသဖြင့်
သုဝဏ္ဏဘူမိဒေသသည် ဗုဒ္ဓဘာသာ စတင်ထွန်းကားပြန့်ပွားရာဒေသဖြစ်ခဲ့သည်ကိုလည်း သမိုင်းမှတ်တမ်းများအရ
အထင်အရှားသိမြင်နိုင်မည်ဖြစ်ပါသည်။
ချစ်ကြည်လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူညီအစ်ကို မောင်နှမများခင်ဗျား
ယခုအခါ မိမိတို့နိုင်ငံသည် ပြည်သူများ၏ လိုလားချက်နှင့်အညီ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊
တန်းတူညီမျှခြင်းဟူသည့် လောကပါလတရားများထွန်းကားရာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့်နိုင်ငံအဖြစ်သို့
စတင်လျှောက်လှမ်းနေချိန်ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် နိုင်ငံသားအားလုံးအနေဖြင့်
စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းရှိခြင်း၊ တရားဥပဒေကို လေးစားလိုက်နာခြင်းတို့သည် မရှိမဖြစ်လိုအပ်ပါသည်။
သို့သော်လည်း လက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ၊ အာဏာထူထောင်လိုမှုများ၊
သွေးခွဲသပ်လျှိုမှုများ၊ စည်းလုံးညီညွတ်မှုလျော့နည်းလာမှုများ၊ နိုင်ငံ့အကျိုးကို လျစ်လျူရှု၍
ကိုယ်ကျိုးစီးပွားရှာဖွေမှုများ၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်အားနည်းမှုများ၊ နိုင်ငံ့အရင်းအမြစ်များကို
ပျက်စီးအောင် ဖျက်ဆီးနေမှုများကြောင့် နိုင်ငံနှင့်ပြည်သူများသည် တည်ငြိမ်အေးချမ်းမှု
ကင်းမဲ့ကာ ဆင်းရဲဒုက္ခများ ကြုံတွေ့နေကြရသည်ကို သတိထားရှုမြင်သုံးသပ်ဆင်ခြင်ကြရမည့်အချိန်
ကျရောက်နေပြီဖြစ်ပါသည်။
နိုင်ငံတော်ကိုတည်ဆောက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအင်အားစုများအကြား
စည်းလုံးညီညွတ်စွာ ပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည့်အစား ကွဲပြားနေသောနိုင်ငံရေးအင်အားစုတို့၏
ငါတကောကောမှုများ၊ ဖဲ့ထုတ်စည်းရုံးမှုများသည် နိုင်ငံအကျိုးနှင့် ပြည်သူတစ်ရပ်လုံး၏
အကျိုးစီးပွားအတွက် မြော်မြင်မှုကင်းမဲ့စွာဖြင့် နိုင်ငံကို ထိခိုက်နစ်နာစေသည့် လုပ်ဆောင်မှုများသာဖြစ်ပါသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့တွင်လည်း ခေါင်းဆောင်လုပ်သူတို့က လူမျိုးစုအတွင်း
ကျဉ်းမြောင်းသည့် လူမျိုးရေးမုန်းတီးမှုဝါဒကို ရိုက်သွင်း၍ အလွန်အကျွံလှုံ့ဆော်မှုများ
ပြုလုပ်ခဲ့ ကြပြီး ခြံကြီးထဲတွင် ခြံငယ်ခတ်ရန်၊ လှေကြီးပေါ်တွင် လှေငယ်တင်ရန်၊ ပြည်ထောင်စုကြီးပြိုကွဲပျက်စီးစေရန်
ပိုမိုအားထုတ်လျက်ရှိနေကြသည်ကို သတိတရားဖြင့် ကာကွယ်ထိန်းသိမ်းကြရန် လိုအပ်မည်ဖြစ်ပါသည်။
၂ဝ၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲမသမာမှုများကြောင့် ဖြစ်ခဲ့ရသည့် နိုင်ငံရေးအပြောင်းအလဲအပြီးတွင်
အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသော NUG လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့နှင့် အခြားဒေသအလိုက်
ကာကွယ်ရေးအဖွဲ့အမည်ခံ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အုပ်စုအမျိုးမျိုးတို့ ပေါ်ပေါက်လာခဲ့ပါသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် အချုပ်အခြာအာဏာကို ထိခိုက်ပျက်စီးစေရန်ရည်ရွယ်ပြီး
အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်လျက်ရှိနေပါသည်။
ထို့ကြောင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့က စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ
နိုင်ငံတော်ကို ဝိုင်းဝန်း ကာကွယ်စောင့်ရှောက်ထိန်းသိမ်းသွားကြရန် မဖြစ်မနေ လိုအပ်သည့်အချိန်
ဖြစ်ပါသည်။
တစ်ဖက်တွင်လည်း နိုင်ငံရေးမပြေလည်မှုများကြောင့် လက်နက်ကိုင်လမ်းကြောင်းသို့
ရောက်ရှိနေသည့် အဖွဲ့အစည်းများအနေဖြင့် အစဉ်သဖြင့် ဖွင့်လှစ်ပေးထားသည့် တွေ့ဆုံဆွေးနွေးရေးများဖြင့်
(NCA) လမ်းကြောင်းမှတစ်ဆင့် နိုင်ငံတော်ထာဝရတည်ငြိမ်အေးချမ်း ရေးအတွက် အဖြေရှာကြရန်
လိုအပ်မည်ဖြစ်ပါသည်။
ချစ်ကြည်လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူညီအစ်ကို မောင်နှမများခင်ဗျား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊
အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေး (၃) ပါးကို ဦးထိပ်ထားလျက် စစ်မှန်စည်းကမ်းပြည့်ဝသည့်
ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု
တည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
ပြည်သူလူထု၏ဆန္ဒဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာစေရေး
အခြေခံကျသည့်အုတ်မြစ်မှာ တရားမျှတသော၊ သိက္ခာရှိသော၊ နည်းလမ်းကျနမှန်ကန်မှုရှိသော အထွေထွေရွေးကောက်ပွဲ
ပြန်လည်ကျင်းပနိုင်ရေးဖြစ်ပါသည်။ ထိုကဲ့သို့ ဆက်လက်ဆောင်ရွက်သွားနိုင်ရေးအတွက် အဓိကလိုအပ်ချက်မှာ
တည်ငြိမ်အေးချမ်းမှုရှိရေးဖြစ်သဖြင့် နိုင်ငံသားအားလုံး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက
ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြဖို့ လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လူသားတိုင်း အသက်ရှင်ရပ်တည်နိုင်ရေးအတွက်
စားဝတ်နေရေးမှာ အခြေခံလိုအပ်ချက်များဖြစ်သဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို
အမျိုးသားရေးရည်မှန်းချက် (၂) ရပ်အဖြစ် ချမှတ်ထားရှိပြီး စိုက်ပျိုးရေး တွင် ကာလဒေသနှင့်ကိုက်ညီသော
ထုတ်ကုန်များ ထွက်ရှိလာစေရေး နိုင်ငံသားတိုင်းအကျိုးရှိစေမည့် မွေးမြူရေးလုပ်ငန်းများ
အောင်မြင်အောင် အရှိန်တိုးမြှင့်ဆောင်ရွက်စေရေးတို့အတွက် ပံ့ပိုးဆောင်ရွက်လျက်ရှိပါသည်။
တိုင်းရင်းသားပြည်သူအားလုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးကို
အခြေခံသော ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် လူမှုစီးပွား
ဘဝမြင့်မားရေးတို့အတွက် ဒေသအလိုက် သဘာဝထွက်ကုန်များကို အခြေခံသော အသေးစား၊ အငယ်စားနှင့်
အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတို့ကို ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ပေးခြင်းသည်
နိုင်ငံလူဦးရေအများစုဖြစ်သော ကျေးလက်နေပြည်သူများ၏ဘဝများ တိုးတက်လာစေရန်ဖြစ်သကဲ့သို့
နိုင်ငံ၏ အဓိကကုန်ထုတ်လုပ်ငန်း မြင့်မားလာစေရန်လည်းဖြစ်သည့်အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးမှ
ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်သွားကြရန်ကိုလည်း တိုက်တွန်းလိုပါသည်။
ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရက KG+9 အထိ မသင်မနေရသတ်မှတ်ပြီး ဘက်စုံပညာရေးစနစ်ဖြင့်
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်အတွင်း အခြေခံပညာတတ်မြောက်မှုနှင့် တန်းစဉ်ကူးပြောင်းမှုများ
မြင့်မားတိုးတက်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက
ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်တစ်ခု ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။
ပြည်သူလူထုအသိမှား၊ အမြင်မှား၊ အလုပ်အကိုင်မှားအောင် ကောလာဟလများကိုဖြန့်ချိ၍
အဆိုးမြင်စိတ်ခံစားမှုကို အဆုံးထိ မြှင့်တင်ပေးပြီး ပြည်သူကိုစတေးကာ နိုင်ငံရေးအမြတ်ထုတ်မှုများ
ကိုလည်း အသိဉာဏ်ဆင်ခြင်တုံတရားဖြင့် သတိထားကြရမည်ဖြစ်ပါသည်။ တော်လှန်ရေးဟူ၍ အမည်တပ်ကာ
မိမိတို့အား ထောက်ခံသူများနှင့် မသိနားမလည်သူများ၏ဘဝများကို ရင်းနှီးစတေး၍ အာဏာကို
အချောင်ရယူရန် ကြိုးပမ်းအမြတ်ထုတ်နေကြသူများ၊ ခေါင်းစဉ်အမျိုးမျိုးတပ်၍ လိမ်လည်လှည့်ဖြားကာ
ကိုယ်ကျိုးရှာသူများကိုလည်း ဝိုင်းဝန်းဖော်ထုတ်နိုင်ရေးဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် မွန်ပြည်နယ်မှ မိဘပြည်သူတိုင်းရင်းသားညီအစ်ကိုမောင်နှမများအပါအဝင်
နိုင်ငံနှင့်လူမျိုးကို အမှန်တကယ်ချစ်မြတ်နိုးကြသည့် တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော်
တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊
လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းများတွင်
မိမိတို့ကျရာကဏ္ဍအလိုက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကို
အခြေခံ၍ ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်သွားကြရန် အလေးအနက်ထားဆန္ဒပြုလျက် နှစ် (၅၀) ပြည့်
ရွှေရတုမွန်ပြည်နယ်နေ့သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
No comments:
Post a Comment