မော်ကျွန်း - မြင့်အောင်
လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ကောင်းမွန်ခြင်းသည် နိုင်ငံတိုင်းအဖို့ အရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်အောင်လည်း နိုင်ငံတိုင်းက အလေးထား ကြိုးပမ်းစွမ်းဆောင်လျက်ရှိနေကြသည်။
နိုင်ငံတစ်နိုင်ငံသည်
လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာပါလျှင် ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊
လူမှုရေးနှင့် ကုန်စည်စီးဆင်းမှုများလည်း တိုးတက် ကောင်းမွန်လာမည် ဖြစ်ပါသည်။
ဤသို့ဆိုလျှင် လမ်းပန်းဆက်သွယ်ရေး
ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ နိုင်ငံစီးပွားရေးသည်လည်း လိုက်ဖက်ညီစွာ ဖွံ့ဖြိုးတိုးတက်လာမည်မှာ
ဧကန်မလွဲဖြစ်ပေသည်။
လမ်းပန်းဆက်သွယ်ရေး
ဖွံ့ဖြိုးတိုးတက်မှုမရှိလျှင် ကဏ္ဍပေါင်းစုံ နောက်ကျကျန်နေမည်
နိုင်ငံအတွက် အရေးပါသော
လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက် မှုမရှိပါလျှင် မည်သည့်နိုင်ငံမဆို ဖွံ့ဖြိုးတိုးတက်မှုမရရှိနိုင်ပါ။
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုမှာလည်း ကဏ္ဍပေါင်းစုံတို့တွင် နောက်ကျကျန်နေမည်သာ ဖြစ်ပေသည်။
စာရေးသူတို့ မြန်မာနိုင်ငံတွင်လည်း
လမ်းပန်းဆက်သွယ်ရေးတွင် အရေးပါသော လမ်း၊ တံတားများကို နိုင်ငံတစ်ဝန်း အကြားအလပ်မရှိရအောင်
အလေးထားတည်ဆောက်ပြုပြင် ဆောင်ရွက်လျက်ရှိနေကြသည်။
သို့ဖြစ်ပေရာ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ
ပြည်နယ်နှင့် တိုင်းဒေသကြီးတွင်လည်း လမ်း၊ တံတားများကို တည်ဆောက်ပေးလျက်ရှိရာ ဒေသဖွံ့ဖြိုးအလှတိုးလျက်ရှိနေကြသည်။
မြန်မာပြည်တစ်ဝန်း ရောင်စုံအလှပန်းများဖြင့် ဖူးပွင့်ဝေဆာလျက်ရှိနေကြပေသည်။
ယခင်က မြစ်ချောင်းများပေါများသဖြင့်
လမ်းပန်းဆက်သွယ်ရေး မလွယ်ကူသော ဧရာဝတီတိုင်းဒေသကြီးပင်လျှင် ယခုအခါ လမ်းပန်းဆက်သွယ်ရေး
ဖွံ့ဖြိုးတိုးတက်သွားပြီ ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကုန်းလမ်းခရီး မပေါက်သော
မြို့နယ်ဟူ၍ မရှိ။ မြို့နယ် တိုင်း၊ မြို့နယ်တိုင်းတွင် တစ်မြို့နယ်မှ တစ်မြို့နယ်သို့
အချိန်မရွေး၊ အခါမရွေး ဆက်သွယ်သွားလာ နိုင်ကြသည်။ ကျေးရွာချင်းဆက် မြို့သို့တက်ဆိုသည့်အတိုင်း
လမ်းမကြီးများနှင့် ချိတ်ဆက်၍ မြို့သို့ အချိန်မရွေး ကုန်းလမ်းခရီးဖြင့် လာရောက်နိုင်ကြသည်။
ရောင်းဝယ်ဖောက်ကားနိုင်ကြသည်။ မြို့ပေါ်ဈေးကွက်များသို့ ဒေသထွက်ကုန် အမယ်စုံကို အချိန်မီအခါမီ
တင်ပို့ရောင်းချနိုင်ကြသည်။
ဤသို့လျှင် လမ်းပန်းဆက်သွယ်ရေးတိုးတက်ကောင်းမွန်ခြင်း၏
အကျိုးကျေးဇူးများကြောင့် ကျေးရွာများလည်း ယခင်ကကဲ့သို့မဟုတ်တော့ဘဲ ခေတ်မီဖွံ့ဖြိုးတိုးတက်လာကြသည်။
လမ်းပန်း ဆက်သွယ်ရေးသည် ဤမျှလောက်အထိ အရေးပါအရာရောက်လျက် ရှိနေပါတော့သည်။
သို့ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ
မြို့နယ်များသည် မြို့တော် ပုသိမ်မြို့သို့ အကြောင်းကိစ္စအမျိုးမျိုးဖြင့်သော်လည်းကောင်း၊
ရုံးကိစ္စများနှင့်သော်လည်းကောင်း ဆက်သွယ်သွားလာကြရသည်။ ယခင်ကဆိုလျှင် ဧရာဝတီတိုင်းဒေသကြီး
အရှေ့ခြမ်းမြို့နယ်များ ဖြစ်ကြသော မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ဖျာပုံ၊ ကျိုက်လတ်နှင့်
ဒေးဒရဲမြို့နယ်များသည် ပုသိမ်မြို့သို့ သွားရောက်လိုပါက ပထမဆက်သွယ်ရေးခရီးလမ်းကြောင်းဖြစ်သော
မအူပင် မြို့မှတစ်ဆင့် ပုသိမ်မြို့သို့ သွားရောက်ကြရသည်။ မော်လမြိုင်ကျွန်းမှ ပုသိမ်မြို့
သို့ အနည်းဆုံး ခုနစ်နာရီ ခရီးသွားရ သည်။ ပုသိမ်မြို့သို့ ရောက်လျှင်လည်း လုပ်ငန်းလုပ်ရန်
အလုပ်ချိန် သိပ်မရှိ တော့။ ခပ်သွက်သွက်၊ ခပ်မြန်မြန် လှုပ်ရှားသွားလာကြရသည်။
လမ်းကွန်ရက်ဖြင့်
ဒေသဖွံ့ဖြိုး အလှတိုးရန် လမ်း၊ တံတားများ တည်ဆောက်ပေး
ယခုတော့ မော်လမြိုင်ကျွန်းမြို့
အပါအဝင် ဧရာဝတီတိုင်းဒေသကြီး အရှေ့ခြမ်းရှိမြို့နယ်များ ပုသိမ်မြို့သို့ သွားလာ ဆက်သွယ်ရေး
အဆင်ပြေချောမွေ့စေရေးအတွက် မြစ်ဝကျွန်းပေါ်လမ်း ကွန်ရက်ဖြင့် ဒေသဖွံ့ဖြိုးအလှတိုးရန်
လမ်း၊ တံတားများ တည်ဆောက်ပေးလိုက်သောအခါ လမ်းပန်းဆက်သွယ်ရေး တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်သွားသည်။
ပုသိမ်မြို့သို့ ဧရာဝတီတိုင်းဒေသကြီး အရှေ့ခြမ်းမှ မြို့နယ်များဖြစ်သော မော်လမြိုင်ကျွန်း၊
ဘိုကလေး၊ ဖျာပုံ၊ ကျိုက်လတ်နှင့် ဒေးဒရဲမြို့နယ်များလည်း ဒုတိယဆက်သွယ်ရေးလမ်းကြောင်းဖြင့်
အချိန်တိုတို နေ့ချင်းပေါက်ခရီးဖြင့် ဆက်သွယ်သွားလာနိုင်ကြပြီဖြစ်ပေသည်။
သို့ဖြစ်ရာ ပုသိမ်မြို့သို့
ရှေးရှုဦးတည် သွာရောက်ရာတွင် ပထမဆက်သွယ်ရေးလမ်းကြောင်း မအူပင်နှင့် ဒုတိယဆက်သွယ်ရေးလမ်းကြောင်း
မော်လမြိုင် ကျွန်း ဝါးခယ်မ - မြောင်းမြ - ပုသိမ် ဆက်သွယ်ရေးလမ်းကြောင်းမှာ ခရီးသွားရချိန်
ကွာခြားချက်များရှိပါသည်။ မော်လမြိုင်ကျွန်းမြို့မှ ပုသိမ်မြို့သို့ မအူပင်မှတစ်ဆင့်သွားပါက
ခုနစ်နာရီ ခရီးဖြစ်သော်လည်း မော်လမြိုင်ကျွန်းမှ ဒုတိယဆက်သွယ်ရေးလမ်းကြောင်းဖြင့် ပုသိမ်မြို့သို့သွားပါလျှင်
သုံးနာရီခရီးမျှသာ ဖြစ်ပေသည်။
သို့သော် ၂၀၂၂ ခုနှစ်၊
၂၀၂၃ ခုနှစ် မတ်လဆန်းအထိ မော်လမြိုင်ကျွန်း- ဝါးခယ်မ - မြောင်းမြ - ပုသိမ်ဆက်သွယ်ရေးလမ်းကြောင်းတွင်
အဓိက အဆီးအတားတစ်ခုမှာ မော်လမြိုင်ကျွန်း - မြောင်းမြ - ပုသိမ်လမ်းပေါ်ရှိ ကျုံသွတ်မှ
မြင်းကဆိပ်သို့ ဆက်သွယ်သော မြစ်ကူးတံတား မရှိခြင်းပင် ဖြစ်သည်။ မော်လမြိုင်ကျွန်း
- ပုသိမ် သုံးနာရီဟုဆိုသော်လည်း ကျုံသွတ်မှ မြင်းကဆိပ်သို့ ဇက်ရေယာဉ်ဖြင့် မြစ်ကူးသွားရသဖြင့်
ဇက်ကူးချိန်၊ ဇက်စောင့်ချိန်၊ လူစီး မော်တော်ကားနှင့် ကုန်တင်မော်တော်ယာဉ်များ အတင်အချ
နှစ်ဖက်အချိန် ပေါင်းလိုက်လျှင် အနည်းဆုံး နှစ်နာရီမျှ အချိန်ကြာညောင်းကြသည်။ ဇက်ကူးပြီးမှ
ပုသိမ်မြို့သို့ ဆက်မောင်းလျှင် နာရီဝက်ခရီးမျှဖြင့် ပုသိမ်မြို့သို့ ရောက်ရှိပေသည်။
ဤလမ်းခရီးတွင် စာရေးသူလည်း
၂၀၂၂ ခုနှစ် မတ်လ ၈ ရက်နေ့က မော်လမြိုင်ကျွန်းမှ ပုသိမ်မြို့သို့ ဒုတိယဆက်သွယ်ရေးလမ်းကြောင်းဖြင့်
ခရီးသွားရောက်ခဲ့ရာ ဇက်တစ်စင်းတည်းဖြင့် အသွားအပြန် ကူးသန်းပို့ဆောင်ပေးနေရသဖြင့် အချိန်
နှစ်နာရီခန့် ကြာခဲ့ပါ ကြောင်း ကိုယ်တွေ့ကြုံခဲ့ရဖူးပါသည်။
ယခုတော့ ဤသို့မဟုတ်ပြီ။
ကျုံသွတ် - မြင်းကဆိပ်ခရီးကို ဇက်ကူးရန် မလိုတော့ပေ။ ခံ့ညားထည်ဝါလှ သော ကျုံသွတ် -
မြင်းကဆိပ် မြစ်ကူးတံတားကြီးက ခံ့ညားလှပစွာ ပေါ်ထွက် လာပြီဖြစ်သည်။ ၂၀.၃.၂၀၂၃ ရက်နေ့က
ပမ္မဝတီတံတား (မြင်းကဆိပ်) ဖွင့်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပေသည်။
ပုသိမ်မြို့သို့
အချိန်တိုတိုဖြင့် လိုရာခရီး သွားရောက်နိုင်ကြ
ဤပမ္မဝတီတံတား (မြင်းကဆိပ်)
ဖွင့်လှစ်ခဲ့သည်မှာ ယခု ၂၀.၃.၂၀၂၄ ခုနှစ်ဆိုလျှင် တစ်နှစ် ပြည့်မြောက်ပြီဖြစ်သည်။ ယင်းပမ္မဝတီတံတား
(မြင်းကဆိပ်) ဖွင့်လှစ်နိုင်ခဲ့သောကြောင့် ဧရာဝတီတိုင်းဒေသကြီးမှ ပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ
ပြည်သူများ ဇက်ကူးရန် မလိုတော့ဘဲ ပုသိမ်မြို့သို့ အချိန်တိုတိုဖြင့် လိုရာခရီးသွားရောက်နိုင်ကြပြီဖြစ်သည်။
ဝမ်းမြောက်ကြည်နူးဖွယ် ဆက်သွယ်ရေးခရီးလမ်း၏ မင်္ဂလာသတင်းစကားများပင် ဖြစ်ပေသည်။
စာရေးသူသည် ၂၀၂၃
ခုနှစ် မတ်လ ၂၀ ရက်နေ့က ဖွင့်လှစ်သော ဧရာမြေမှ ပမ္မဝတီတံတား (မြင်းကဆိပ်)၏ ဖွင့်ပွဲသတင်းဓာတ်ပုံများကို
နေ့စဉ်ထုတ်သတင်းစာများနှင့် မြန်မာ့ရုပ်မြင်သံကြားတို့မှ ကြည့်ရှုခွင့်ရလိုက်သောအခါ
အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါသည်။ ပြည်သူတို့ ဇက်ကူးရန် မလိုတော့ဘဲ ရွှင်လန်းချမ်းမြေ့ပျော်ရွှင်စွာ
ဖြတ်သန်းသွားလာနိုင်ကြပြီဖြစ်ပေသည်။ ဤသို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်း၏ အကျိုးဆက်ကို
ပြည်သူများ ခံစားနိုင်ကြခြင်း ဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းလျှင် ကောင်းသလို
ဒေသဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်ကြမည်ဖြစ်ပေသည်။
ယခင်က မော်လမြိုင်ကျွန်း
- မအူပင်- ပုသိမ် ပထမဆက်သွယ်ရေးလမ်းကြောင်း ထက် ဒုတိယဆက်သွယ်ရေးလမ်း ကြောင်းက အချိန်
လေးနာရီ ပိုမိုသက်သာပြီး ခရီးမိုင်အားဖြင့် ၇၇ မိုင် သက်သာသွားခြင်း ဖြစ်ပေသည်။
ဤသို့ ခရီးလမ်းအချိန်သက်သာသွားရန်အတွက်
မြစ်ဝကျွန်းပေါ် လမ်းကွန်ရက်အတွင်း ပါဝင်သော အရေးပါသည့် မြစ်ကူးတံတားများ တည်ဆောက်ပေးခဲ့သဖြင့်
သွားလာမှု အဆင်ပြေခဲ့သည်။ ယင်းမြစ်ကူးတံတားများမှာ စော်ကဲမြစ်ကူး တံတား - အရှည် ပေ
၂၄၆၀၊ ကျွန်းပြဿဒ် မြစ်ကူးတံတား- အရှည်ပေ ၂၃၆၀နှင့် ကျွန်းကုန်းမြစ်ကူး တံတား အရှည်
၇၈၇ ပေ၊ ၅ လက်မတို့ ဖြစ်ကြသည်။
အနှစ်ချုပ်တင်ပြရလျှင်
မော်လမြိုင်ကျွန်း - မြောင်းမြ - ပုသိမ်လမ်းပေါ်မှ အရေးပါသော ပမ္မဝတီတံတား (မြင်းကဆိပ်)
ဖွင့်လှစ်ဆောင်ရွက်နိုင်ခြင်းသည် ဧရာဝတီတိုင်းဒေသကြီး၏ အောင်ပွဲ၊ ပြည်သူများ၏ အောင်ပွဲနှင့်
လမ်းပန်းဆက်သွယ်ရေးတိုးတက်မှု အောင်ပွဲများပင် ဖြစ်ပေသည်။
သို့ဖြစ်ပေရာ ပမ္မဝတီတံတား
(မြင်းကဆိပ်) ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး အရှေ့ခြမ်းမှ ပြည်သူများနှင့်
ဧရာဝတီတိုင်းဒေသကြီး အနောက်ခြမ်းမှ ပြည်သူများ “ပေါင်းကူးယှက်နွှယ်ချစ်ကြိုးသွယ်”ပေးလိုက်သော ဧရာမြေမှ ပမ္မဝတီတံတား (မြင်းကဆိပ်) ပင်ဖြစ်ပါကြောင်း ဂုဏ်ပြုရေးသား
တင်ပြလိုက်ရပေသည်။ ။


No comments:
Post a Comment