နေပြည်တော် ဒီဇင်ဘာ ၁၀
(၇၅) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊
ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊
တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊
မြန်မာနိုင်ငံဆိုင်ရာ ပြည်ပသံရုံးများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ
ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင်
မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင်
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ကြောင်း၊ ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံတွင်
ပြုလုပ်ခဲ့သည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အတည်ပြုထုတ်ပြန်ရေးအတွက် မဲခွဲဆုံးဖြတ်ရာတွင်
မြန်မာနိုင်ငံက ထောက်ခံမဲပေးခဲ့ကြောင်း၊ မဲခွဲဆုံးဖြတ်ချက်အရ ကုလသမဂ္ဂအထွေထွေညီလာခံက
လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights - UDHR) ကို အတည်ပြုထုတ်ပြန်သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ
လူ့အခွင့်အရေးနေ့” အဖြစ် သတ်မှတ်ခဲ့ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် လူ့အခွင့်အရေးကို
လေးစားတန်ဖိုးထား
ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးတွင်
ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (၇၅) နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ် “အပြည်ပြည်ဆိုင်ရာ
လူ့အခွင့်အရေးနေ့အထိမ်းအမှတ် အခမ်းအနား”များကို ကျင်းပလျက်ရှိကြကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း
လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားပြီး ကုလသမဂ္ဂ၏ ပြဋ္ဌာန်းချက်များနှင့်အညီ တစိုက်မတ်မတ်
ပါဝင်ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် နိုင်ငံတကာအသိုက်အဝန်းနည်းတူ ယခုလိုအထိမ်းအမှတ်အခါသမယကို
ပါဝင်ကျင်းပခြင်း ဖြစ်ကြောင်း။
ကုလသမဂ္ဂက ကမ္ဘာကြီးအတွက် လူ့ဂုဏ်သိက္ခာ၊
လွတ်လပ်ခွင့်နှင့် တရားမျှတမှုများကို အခြေခံထားပြီး လူသားများအတွက်
လူ့အခွင့်အရေးစံနှုန်းများ ပါဝင်သည့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်းကို ၁၉၄၈
ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အတည်ပြုထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါကြေညာစာတမ်းတွင်
အပိုဒ်ပေါင်း (၃၀) ပါရှိပြီး လူ့အခွင့်အရေးအားလုံး၏ အခြေခံများ၊ ပြည်သူ့ရေးရာနှင့်
နိုင်ငံရေးအခွင့်အရေးများ၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများနှင့်
လူသားများ၏ တာဝန်ဝတ္တရားများ အကြောင်းတို့ကို ဖော်ပြပါရှိကြောင်း။
ယင်းကြေညာစာတမ်းသည် လူသားအားလုံး၏
ဂုဏ်သိက္ခာနှင့် တန်းတူညီမျှရှိမှုတို့ကို အသိအမှတ်ပြုထားသည့် ကြေညာစာတမ်းကြီးဖြစ်၍
ကမ္ဘာကြီးတွင် အဆိုပါကြေညာစာတမ်းကို လူသားအားလုံး ကျယ်ကျယ်ပြန့်ပြန့် သိရှိကြစေရန်အတွက်
ဘာသာပြန်ဆိုကြရာတွင် ဘာသာ စကားပေါင်း (၅၀၀) ကျော် ဘာသာပြန်ဆိုပြီးဖြစ်သည့်အတွက် ဘာသာပြန်ဆိုမှုအများဆုံး
ဂင်းနစ်စံချိန်ဝင်လည်းဖြစ်သည်ဟု သိရှိရကြောင်း။
ကမ္ဘာကြီးတွင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းပေါင်း
(၁၂၀) ရှိ
ကမ္ဘာပေါ်ရှိ နိုင်ငံများအနေဖြင့်
မိမိတို့နိုင်ငံရှိ နိုင်ငံသူ၊ နိုင်ငံသားများ လူ့အခွင့်အရေးများ ရရှိခံစားနိုင်ကြစေရန်နှင့်
ကာကွယ်ပေးနိုင်စေရန် နိုင်ငံအတွင်း လူ့အခွင့်အရေးအဖွဲ့အစည်းများ စနစ် တကျ ဖွဲ့စည်းကြရန်လိုအပ်ကြောင်း
သိမြင်လာသည့်အတွက် နိုင်ငံအသီးသီးတွင် လူ့အခွင့်အရေးအဖွဲ့အစည်းများ တည်ထောင်နိုင်ရေး
ကြိုးပမ်းခဲ့ကြကြောင်း၊ ၁၉၉၁ ခုနှစ်က ပြင်သစ်နိုင်ငံ ပါရီမြို့တွင်
အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ တည်ထောင်ခြင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်
ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါဆွေးနွေးပွဲတွင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ
ဖွဲ့စည်းတည်ထောင်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့်
“အခြေခံမူများ”ကိုလည်း သတ်မှတ်ရေးဆွဲခဲ့ကြကြောင်း၊ ယနေ့ကမ္ဘာကြီး တွင် အဆိုပါအခြေခံမူများအရ
ဖွဲ့စည်းတည်ထောင်ထားရှိပြီးဖြစ်သည့် အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းပေါင်း
(၁၂၀) ရှိနေပြီဟု သိရှိရကြောင်း။
မိမိတို့မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၀၈ ခုနှစ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို
ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်နှင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ
လူ့အခွင့်အရေးများကို နိုင်ငံသားများ ခံစားရရှိနိုင်ရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို
ဖွဲ့စည်းတည်ထောင်ပေးခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ၁၂ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊
လူ့အခွင့်အရေးစံနှုန်းများကို လေးစားလိုက်နာခြင်း၊ ပြဋ္ဌာန်းဖြည့်ဆည်းပေးခြင်းအားဖြင့်
ငြိမ်းချမ်းသာယာသည့် လူ့အဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရေးနှင့် ကဏ္ဍအသီးသီးတွင် မညီမျှမှုများ၊
ခွဲခြားဆက်ဆံမှုများမရှိစေရေးကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အပါအဝင်
အခြားသက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့နှင့်အတူ ချိတ်ဆက်ပူးပေါင်းလုပ်ဆောင်
လျက်ရှိကြောင်း။
မြန်မာနိုင်ငံအနေဖြင့် စာချုပ်ပါပြဋ္ဌာန်းချက်များအတိုင်း
လိုက်နာဆောင်ရွက်လျက်ရှိ
မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များဖြစ်သည့် စီးပွားရေး၊
လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်၊
ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်
ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ
သဘောတူစာချုပ်များတွင် စာချုပ်ဝင်နိုင်ငံအဖြစ် ပါဝင်ချုပ်ဆိုခဲ့ပြီး အဆိုပါစာချုပ်များနှင့်ဆက်စပ်သည့်
နောက်ဆက်တွဲစာချုပ်အချို့ကိုလည်း ပါဝင်ချုပ်ဆိုကာ စာချုပ်ပါပြဋ္ဌာန်းချက်များအတိုင်း
လိုက်နာဆောင်ရွက်လျက်ရှိကြောင်း။
ယနေ့အချိန် ကမ္ဘာကြီးတွင် စစ်မက်ဖြစ်ပွားမှုနှင့်
မငြိမ်းချမ်းမှုများ၊ နိုင်ငံအချင်းချင်း အားပြိုင်မှုများနှင့် စွက်ဖက်ခြယ်လှယ်ကျူးကျော်လိုမှုများ၊
ကပ်ရောဂါများ၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များနှင့်
ယင်းတို့၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် လူသားများ၏ အခြေခံလူ့အခွင့်အရေးများ
ထိပါးခံနေကြရသည် ကို အားလုံးအသိပင်ဖြစ်ကြောင်း။
ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
လူ့အခွင့်အရေးတို့သည် အပြန်အလှန် ပတ်သက် ဆက်နွှယ်မှုရှိနေကြောင်း၊
ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရှိမှသာ လူသားများ အေးအေးချမ်းချမ်းနှင့်
အဆင်ပြေပြေ အသက်ရှင်ရပ်တည်နိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝမြင့်မားကာ အခြေခံ
လူ့အခွင့်အရေးများကိုလည်း ပိုမိုရရှိခံစားနိုင်ကြမည်ဖြစ်ကြောင်း၊
နိုင်ငံသူနိုင်ငံသားများ အခြေခံအခွင့်အရေးများကို ခံစားရရှိပြီး
လူမှုဘဝမြင့်မားတိုးတက်လာစေရေးအတွက် နိုင်ငံတစ်ဝန်းလုံးတွင် တည်ငြိမ်အေးချမ်းမှုရှိရေးသည်
အဓိကကျကြောင်း။
မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်
အဆိုပါအချက်ကို ကောင်းစွာ သိရှိနားလည်သည့်အတွက် နိုင်ငံအတွင်း
ဆူပူအကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများ လျော့နည်းပပျောက်ပြီး
ငြိမ်းချမ်းမှုများရရှိအောင် အားထုတ်ကြိုးပမ်းလျက်ရှိကြောင်း၊ နိုင်ငံတော်နှင့်
တိုင်းရင်းသားပြည်သူများ၏ ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်၊ ကောင်းမွန်သည့် ပစ္စုပ္ပန်ကို
မျှော်မှန်းတည်ဆောက်လျက်ရှိပြီး နိုင်ငံရေးရည်မှန်းချက်အဖြစ်
စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်
ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊
လူ့အခွင့်အရေးမြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်းသည် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့်
ထိန်းသိမ်းခြင်းကို အထောက် အကူဖြစ်စေသလို ငြိမ်းချမ်းရေးသည်လည်း နိုင်ငံသားများ လူ့အခွင့်အရေးများ
အပြည့်အဝ ခံစားခွင့်ရရှိရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်း။
တည်ငြိမ်အေးချမ်းမှု ပျောက်ဆုံးနေလျှင် လူ့အခွင့်အရေးများသည်လည်း
မှေးမှိန်အားနည်းနေမည်
လူ့အခွင့်အရေးကို ရိုသေလေးစားကြရန်နှင့်
အခြေခံလူ့အခွင့်အရေးများရရှိရန် မည်မျှပင် တိုက်တွန်းကြိုးပမ်းကြသော်လည်း
တည်ငြိမ်အေးချမ်းမှု ပျောက်ဆုံးနေလျှင်၊ ဆူပူအကြမ်းဖက်မှုများ လက်နက်ကိုင်တိုက်ပွဲများဖြစ်နေမည်ဆိုလျှင်
အဆိုပါဒေသများတွင် လူ့အခွင့်အရေးများသည်လည်း မှေးမှိန်အားနည်းနေမည်ကို သတိထားကြရမည်ဖြစ်ကြောင်း၊
နိုင်ငံတော်က တိုင်းရင်းသားပြည်သူများ၏ အခွင့်အရေးများ တန်းတူညီမျှရေးနှင့်
အမျိုးသားစည်းလုံးညီညွတ်ရေးကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နေရာတွင် တိုင်းရင်းသားပြည်သူအားလုံးက
ပါဝင်ဆောင်ရွက်ကြမှသာ ငြိမ်းချမ်းသာယာဝပြောသည့် လူ့ဘောင် တွင် လူ့အခွင့်အရေးများ
ရှင်သန်နေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိမှသာလျှင်
နိုင်ငံသားအားလုံး၏အကျိုးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် နိုင်ငံအတွင်း
တည်ငြိမ်အေးချမ်းမှုရှိရန် သက်ဆိုင်သူ အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း။
မိမိတို့အစိုးရအနေဖြင့် ပြည်သူများ၏
လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ဦးစားပေးဆောင်ရွက်နေသကဲ့သို့
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို အားပေးခြင်း၊ နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ
ရရှိစေရန် ဖော်ဆောင်ပေးခြင်း၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်
ဖော်ဆောင်ခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
ထိုသို့ဆောင်ရွက်ပေးခြင်းသည် ပြည်သူများ၏ လူ့အခွင့်အရေးကို တိုးမြှင့်
ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ထိခိုက်နစ်နာဆုံးရှုံးမှုများကို ကာကွယ်ပေးရာရောက်ကြောင်း။
လူ့အခွင့်အရေးသည် လူသားအားလုံး
ရပိုင်ခွင့်ရှိသည့် မွေးရာပါအခွင့်အရေးဖြစ်
ယခုနှစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဆောင်ပုဒ်က
“Dignity, Freedom and
Justice for all” “လူ့ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် အားလုံးအတွက်
တရားမျှတမှု” ဖြစ်ကြောင်း၊ “လူသားတိုင်း လွတ်လပ်စွာ မွေးဖွားလာကြပြီး လူ့ဂုဏ်သိက္ခာနှင့်
အခွင့်အရေးများ တန်းတူရည်တူရှိကြသည်” ဟု ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းတွင်
ဖော်ပြထားသကဲ့သို့ လူ့အခွင့်အရေးသည် လူသား အားလုံး ရပိုင်ခွင့်ရှိသည့် ပစ်ပယ်၍မရသော
မွေးရာပါအခွင့်အရေးဖြစ်ကြောင်း၊ သို့သော် မိမိတို့၏ အခွင့်အရေးကို ရရှိခံစားရာတွင်
သူတစ်ပါး၏ အခွင့်အရေးများကိုလည်း လေးစားတန်ဖိုးထားပြီး
ထိခိုက်ဆုံးရှုံးနစ်နာမှုမရှိအောင် ကျင့်သုံးမှသာ လူ့အခွင့်အရေးဆိုသည့် အနှစ်သာရနှင့်
အဓိပ္ပာယ်သည် ပေါ်လွင်နေမည်ဖြစ်ကြောင်း၊ မတူကွဲပြားမှုများစွာနှင့်
ပေါင်းစည်းတည်ထောင်ထားသည့် မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း
နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများအနေဖြင့်လည်း တစ်ဦးနှင့်တစ်ဦး အချင်းချင်း
အပြန်အလှန်လေးစားမှုနှင့် လူ့ဂုဏ်သိက္ခာကို အလေးထားကာ အခွင့်အရေးနှင့် လိုက်နာဆောင်ရွက်ရမည့်တာဝန်များကို
သိမြင်ကျင့်သုံး ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ
ဦးပေါ်လွင်စိန်က လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ဒုတိယဥက္ကဋ္ဌ
ဒေါက်တာ နန္နာမွှန်းက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ်
ကုလသမဂ္ဂက ရည်ညွှန်းဖော်ကျူးထားသော ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (၇၅) နှစ်ပြည့်
မှတ်တမ်းဗီဒီယို နှင့် ၂၀၂၃ ခုနှစ် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့်
ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အဖြစ် နာဂတိုင်းရင်းသားဘာသာ (၈) မျိုးနှင့် ကချင် (လော်ဝေါ်)
တိုင်းရင်းသားဘာသာ များသို့ ဘာသာပြန်ဆိုသော ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းစာအုပ်များကို
စတင်မိတ်ဆက် သည့် မှတ်တမ်းဗီဒီယိုကို ပြသသည်။
ဂုဏ်ပြုအမှတ်တရလက်ဆောင် ပေးအပ်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်အား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက
ဂုဏ်ပြုအမှတ်တရလက်ဆောင်ကို လက်ရောက် ပေးအပ်သည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “(၇၅) နှစ်မြောက် လူ့အခွင့်အရေးနေ့ ဂုဏ်ပြုတေး”
သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည်
အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏
လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများနှင့် ပုံနှိပ်ထုတ်ဝေဖြန့်ချိလျက်ရှိသော
လူ့အခွင့်အရေးဆိုင်ရာ စာအုပ်စာတမ်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း
သတင်းရရှိသည်။



No comments:
Post a Comment