ဒီနေ့မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ လားရှိုးမြို့ကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ယာယီနေရပ်စွန့်ခွာပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အောက်တိုဘာ လ ၂၇ ရက်နေ့ကနေစပြီး MNDAA ၊ TNLA ၊ AA နဲ့ PDF အကြမ်းဖက်သောင်းကျန်းသူများက ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာရှိတဲ့ မြို့ရွာတွေကို တိုက်ခိုက်ခဲ့တာတွေ၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်အောင် လမ်း၊ တံတားတွေကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တာတွေ၊ မူဆယ် (၁၀၅) မိုင်မှာ ကားဝင်းကို တိုက်ခိုက်ခဲ့ပြီး ကျွန်တော်တို့ပြည်သူလူထုပိုင်ဆိုင်တဲ့ယာဉ်များ မီးလောင်ပျက်စီး ခဲ့ရတာတွေရှိပါတယ်။ လားရှိုးမြို့အနီးတစ်ဝိုက်နဲ့ သိန္နီမြို့က အိမ်ထောင်စု ၁၄၂၈ စု၊ လူဦးရေ ၅၀၀၀ ခန့် ယာယီနေရပ်စွန့်ခွာပြုလုပ်နေရပါတယ်။ အဲဒီမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ခရစ်ယာန်ဘာသာရေးကျောင်းတွေ၊ ရုံးတွေ၊ အဆောက်အဦတွေမှာ ယာယီ နေရပ်စွန့်ခွာအဖြစ် နေထိုင်နေရတာဖြစ်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေနဲ့ ငွေကျပ် သိန်းငါးထောင် လှူဒါန်းခဲ့ပါတယ်။ အဝတ်အထည်တွေ၊ ဆန်တွေ၊ စားသောက်ဖွယ်ရာတွေ၊ လှူဖွယ်ရာတွေ ကျွန်တော်တို့လှူဒါန်းခဲ့ ပါတယ်။ ဒီနေရပ်စွန့်ခွာတိုင်းရင်းသားပြည်သူများကို ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံပြီး အားပေးစကားများ ပြောကြားခဲ့ပါတယ်။ မိမိဒေသကို ပြန်လည်ရောက်ရှိချိန်မှာလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူလူထုပူးပေါင်းပြီး ဆောင်ရွက်ကြဖို့လည်း ပြောကြားခဲ့ပါတယ်။
ပြည်သူလူထုဒုက္ခရောက်တိုင်းမှာ
စောင့်ရှောက်ရတာက နိုင်ငံတော်အစိုးရ၊ တပ်မတော်
နိုင်ငံတော်ဝန်ကြီးချုပ် ခရီးစဉ်နဲ့အတူပါသွားတဲ့
ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးများအနေနဲ့လည်း
သက်ဆိုင်ရာဆေးရုံတွေ၊ ယာယီနေရပ်စွန့်ခွာစခန်းနေရာတွေ၊ ကျောင်းတွေကို သွားရောက်ပြီး
အားပေးစကားပြောကြားတာတွေ၊ သက်ဆိုင်ရာဖြည့်ဆည်းဆောင်ရွက်ပေးတာတွေကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
ဒီနေရာမှာ ပြောကြားချင်တာကတော့ တိုက်ပွဲတွေကြောင့် ပြည်သူ လူထုဘယ်လောက်အထိ အတိဒုက္ခရောက်ရတယ်ဆိုတာကို
မျက်ဝါး ထင်ထင်တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ၊
တည်ငြိမ်မှုဘဝပျက်ယွင်းရတာတွေကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါတယ်။ ဒီနေရာမှာ နေရပ်စွန့်ခွာပြည်သူလူထုကို
ကူညီ စောင့်ရှောက်ပေးနေတဲ့ လူမှုရေးအသင်းအဖွဲ့တွေ၊ ဘာသာရေးအသင်းအဖွဲ့တွေ၊ လူမှုရေးခေါင်းဆောင်တွေ၊
ဘာသာရေးခေါင်းဆောင်တွေ၊ ပရဟိတအဖွဲ့တွေကိုလည်း နိုင်ငံတော်၊ တပ်မတော်နဲ့ ပြည်သူလူထုတစ်ရပ်လုံးက
အထူးကျေးဇူးတင်ရှိပါကြောင်း လေးလေးနက်နက် ပြောကြားလိုပါတယ်။ ဒီလိုသွားရောက်တဲ့ခရီးစဉ်မှာ
နိုင်ငံတစ်ခုလုံးကို ခေါင်းဆောင်နေရတဲ့ ခေါင်းဆောင်ရဲ့ စိတ်ဓာတ်၊ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကို
လူမျိုး၊ ဘာသာမခွဲခြားဘဲ စောင့်ရှောက်ပေးနေရတဲ့ နိုင်ငံတော်ခေါင်းဆောင်ရဲ့ ဖခင်သဖွယ်စိတ်ဓာတ်တွေကို
အတိုင်းသား တွေ့မြင်နိုင်ပါတယ်။ တွေ့ဆုံခဲ့ရတဲ့ နေရပ်စွန့်ခွာပြည်သူလူထုအနေနဲ့လည်း
ဝမ်းမြောက်ဝမ်းသာဖြစ်ရတာတွေ၊ အားတက်သရောဖြစ်ရတာတွေ၊ အားတက်သရောဆွေးနွေးတာ တွေ၊
ကြိုဆိုတာတွေ၊ နှုတ်ဆက်တာတွေ တွေ့ရပါတယ်။ နိုင်ငံတစ်ဝန်းမှာ သဘာဝဘေးအန္တရာယ်ပဲ ဖြစ်သည်ဖြစ်စေ၊
အခုလိုလူတွေဖန်တီးတဲ့အတွက် ပြည်သူလူထုဒုက္ခရောက်ရတဲ့ လက်နက်စွဲကိုင်ပြီး အာဏာလိုချင်နေတဲ့၊
ကိုယ်ကျိုးစီးပွားတည်ဆောက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ကိုယ်ကျိုးရှာမှုတွေကြောင့်၊ လက်နက်ကိုင်ပဋိပက္ခများ
ဖန်တီးမှုကြောင့် ပြည်သူလူထု ဒုက္ခရောက်တိုင်းမှာ စောင့်ရှောက်ရတာက နိုင်ငံတော်အစိုးရ၊
တပ်မတော်ပဲဖြစ်ပါတယ်။ ဒါတွေကို ပြည်သူလူထုတစ်ရပ်လုံးကလည်း သိနေပြီး လက်နက်ကိုင်ပဋိပက္ခများ
အမြန်ဆုံးချုပ်ငြိမ်းရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။
KNPP ၊ PDF အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့
လွိုင်ကော်ဈေးကို အတင်းဝင်ရောက် ပစ္စည်း တွေ လုယက်
ဒီနေ့မှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအနေနဲ့
ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာတော့ နမ့်ခမ်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိပါတယ်။
တာမိုးညဲဘက်မှာရှိပါတယ်။ လောက်ကိုင်မှာတော့ မြို့ရဲ့တောင်ဘက်နေရာမှာ
ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။ လွိုင်ကော်မှာတော့ KNPP ၊ PDF
အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ လွိုင်ကော်ဈေးကို အတင်းဝင်ရောက်ပြီး
ပစ္စည်းတွေလုယက်တာတွေ၊ လူမနေတဲ့ဆိုင်ခန်းတွေမှာ ဝင်ရောက်နေရာယူတာတွေ၊
မီးရှို့ဖျက်ဆီးခဲ့တာတွေ လုပ်ခဲ့ပါတယ်။ လွိုင်ကော်ပြည်နယ် ရဲရုံးဘက်မှာ
ထိတွေ့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ နုန်းဘူးမှာ
ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာရှိပါတယ်။
နိုင်ငံ့ခေါင်းဆောင်၊
တပ်မတော်ခေါင်းဆောင်များက ရှေ့တန်းစစ်မျက်နှာနဲ့ အနီးဆုံးနေရာအထိ သွားရောက်အားပေး
နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့
လားရှိုးမှာရှိတဲ့ စစ်ဆေးရုံကို သွားရောက်ပြီးတော့ စစ်သည်များ၊ မိသားစုဝင်များရဲ့ ကျန်းမာရေးအခြေအနေကို
သွားရောက် ကြည့်ရှုအားပေးခဲ့ပါတယ်။ စစ်သည်များ၊ မိသားစုဝင်များနဲ့တွေ့ဆုံပြီး
ရင်းရင်းနှီးနှီးနှုတ်ဆက် တာတွေ၊ အားပေးစကားပြောကြားတာတွေ ဆောင်ရွက်ခဲ့ပါတယ်။
ငွေကျပ်သိန်းငါးထောင် ထောက်ပံ့ပေးအပ်ခဲ့ပြီး စစ်သည်၊ ရဲမေတွေရဲ့ တင်ပြချက်တွေ၊ အခက်အခဲတွေအပေါ်
အားပေးမှုတွေဆောင်ရွက်ခဲ့ပါတယ်။ စစ်သည်၊ ရဲမေတွေက နိုင်ငံတော်နဲ့ တပ်မတော်က အားကိုးအားထားပြုရတဲ့
စစ်သည်၊ ရဲမေများပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ နိုင်ငံတော်အကြီးအကဲ တပ်မတော်အကြီးအကဲအပေါ်မှာ
ထားရှိတဲ့ အားကိုးအားထားပြုမှုကိုလည်း အတိုင်းသားတွေ့မြင်ခဲ့ရပါတယ်။ ဒါ့အပြင်
နိုင်ငံတော်နဲ့ တပ်မတော်အကြီးအကဲ၊ နိုင်ငံ့ခေါင်းဆောင်များနဲ့
တပ်မတော်ခေါင်းဆောင်များအနေနဲ့လည်း တပ်မှူးကောင်းစိတ်ဓာတ် Commender Spirit နဲ့
ဖခင်သဖွယ်စိတ်ဓာတ် Fatherly
Spirit တို့ကို ပြသနိုင်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားရာဒေသနဲ့
အနီးစပ်ဆုံးဒေသတွေအထိ သွားရောက်ပြီး အားပေးတာတွေ၊ စောင့်ရှောက်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။
ရဲဘော်စိတ်ဆိုတာ ရဲဘော်အချင်းချင်းအပေါ်မှာထားရှိတဲ့ မေတ္တာတရား၊ သံယောဇဉ်တရားနဲ့
သစ္စာစောင့်သိမှုတရားတွေပဲ ဖြစ်ပါတယ်။ ဒီရဲဘော်စိတ်နဲ့ပဲ တပ်မတော်က မြန်မာနိုင်ငံ
လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းသောင်းကျန်းမှုကနေ
လွတ်မြောက်အောင် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာ ဒီရဲဘော်စိတ်နဲ့ပဲ နိုင်ငံ့ခေါင်းဆောင်၊
တပ်မတော်ခေါင်းဆောင်များက ရှေ့တန်းစစ်မျက်နှာနဲ့ အနီးဆုံးနေရာအထိသွားရောက်ပြီး
အားပေးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ တွေ့ခဲ့ရတဲ့ စစ်သည်၊ ရဲမေများအနေနဲ့လည်း ဒီရဲဘော်စိတ်နဲ့ပဲ
နိုင်ငံ့ခေါင်းဆောင်၊ တပ်မတော်ခေါင်းဆောင်တွေအပေါ်မှာ အားကိုးအားထားပြုခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့တပ်မတော်အနေနဲ့ ဒီရဲဘော်စိတ်နဲ့ပဲ နိုင်ငံတော်၊ ပြည်သူနဲ့ တပ်မတော်ကို
ခိုင်ခိုင်မာမာကာကွယ်သွားမယ်ဆိုတာ ပြောကြားလိုပါတယ်။

No comments:
Post a Comment