၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ချီးမြှင့်ပွဲအခမ်းအနားကို နေပြည်တော်၌ ၁၃-၁၂-၂၀၂၃ ရက်နေ့တွင် ခမ်းနားထည်ဝါ စည်ကားသိုက်မြိုက်စွာ ကျင်းပပေတော့မည်။
အမျိုးသားစာပေတစ်သက်တာစာပေဆုရှင် ကြီးများရော၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုရရှိကြသူ ရေးဖော်ရေးဖက် ဆရာဆရာမ များ၊ ခင်မင်အားကျရသည့် ဆရာကြီး ဆရာမကြီး များအတွက် ရင်ထဲမှ လှိုက်လှဲဝမ်းသာစွာ ပီတိဖြစ်မိပါသည်။ “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဟူသည့် စာပေဗိမာန်ဆောင်ပုဒ်နှင့်အညီ စာပေသည် ခေတ်အဆက်ဆက်သော အလင်းတန်းများကို ဆောင်လျက်ရှိနေပါသည်။ ထိုအလင်းတန်းများ၏ စွမ်းပကားဖြင့် ပြည်သူတို့ နားမျက်စိများ ပွင့်ခဲ့ကြရ သည်။
သမိုင်းစဉ်ဆက်
ခံ့ညားထည်ဝါစွာ ရပ်တည်
မြန်မာတို့၏
အမျိုးသားစာပေသည် သမိုင်း စဉ်ဆက် ခံ့ညားထည်ဝါစွာ ရပ်တည်နိုင်ခဲ့သည်။ ဆရာ့ ဆရာပေါင်းမြောက်မြားစွာကလည်း
ရှာဖွေပြုစုတင်ပြခဲ့ကြပြီးဖြစ်၏။ ယင်းတို့ ဖောက်လုပ်ပေးခဲ့သော လမ်းကြောင်းပေါ်တွင်
ကျွန်တော်အပါအဝင် မျိုးဆက်သစ်ပေါင်းများစွာ လျှောက်လှမ်း နေကြသည်။ အချို့ကလည်း ကလောင်ကိုင်စွဲလျက်
သမိုင်းပေးတာဝန်ဟုဆိုရမည့် စာပေလမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းနေကြလျက်ရှိသည်။ စာပေရေးသားခြင်းအတတ်ပညာ
မရှိသည့်တိုင် စာပေမှရရှိသော အတွေ့အကြုံများဖြင့် ဘဝကို ထိန်းကျောင်းနေကြသူများလည်းရှိသည်။
ယခုနှစ်အတွင်း
အမျိုးသားစာပေတစ်သက်တာ ဆုရရှိသူများထဲတွင် ကျွန်တော်တို့ ငယ်စဉ်ကတည်းက ရင်းနှီးခဲ့သော
ကလောင်ရှင်ကြီးများဖြစ်သည့် ဆရာကြီးချစ်စံဝင်းနှင့် ဆရာမကြီး ကြူကြူသင်းတို့ ပါဝင်လာကြသည်။
မိမိတို့ တတ်ကျွမ်းသည့် သုတ၊ ရသ ကလောင်အစွမ်းဖြင့် အမျိုးသားရေး တာဝန်များကို ထမ်းရွက်ခဲ့သည့်အတွက်
နိုင်ငံတော်က ယခုကဲ့သို့ အသိအမှတ်ပြုခြင်းအတွက် ကာယကံရှင်များအနေဖြင့် လွန်စွာဝမ်းမြောက်ကြ
မည်မှာ မလွဲဧကန်ပါ။
အမျိုးသားစာပေဆုရ
ကဗျာစာအုပ် “ချစ်တေးသီပါ ကျေးတမာ” စာအုပ်သည် စထွက်ချိန်ကတည်းက
လူကြိုက်များခဲ့သည်။ ခင်မင် လေးစားရသည့် ဆရာကြီး မောင်စိမ်းနောင် (လယ်ဝေး) ၏ လက်ရာများသည်
မြန်မာဂန္ထဝင်ကဗျာကိုချစ်သည့် လူကြီးလူငယ်မရွေး ခံစားနိုင်သည့် ရသာစုံဟင်းတစ်ပွဲပမာ။
ကြိုတင်နိမိတ်ပြု ခဲ့သည့်အတိုင်း အမျိုးသားစာပေဆုကို ထိုက်တန်စွာ ရရှိခဲ့သည်။ ယခုနှစ်
အမျိုးသားစာပေဆုရစာအုပ် များထဲတွင် မှတ်မှတ်ထင်ထင်အရှိဆုံးစာအုပ်က ဆရာကြီး ဝေလွင်မောင်၏
“ကိုယ်နှင့်သက်ကို နှင်းဆက်လို၍” စာအုပ်ပင်ဖြစ်ခဲ့သည်။
ကျွန်တော့်အနေဖြင့်
ဝေလွင်မောင်ဟူသော ကလောင်ကို သိပြီးရုံမက လက်ရာများကိုလည်း ရင်းနှီးပြီးသားမို့ ချက်ချင်းပင်
ထိုစာအုပ်ကိုဖတ်ဖြစ်သည်။ ယခင်ဆုရစာအုပ်များမှတစ်ဆင့် ရရှိခဲ့သော အတွေ့အကြုံများကြောင့်
“ဒီစာအုပ်တစ်ခုခုရနိုင်တယ်” ဟု ကိုယ့်ဘာသာသုံးသပ်မိသည်။
နိုင်ငံရေးစာပေလား၊
စာပဒေသာလား တစ်ခုခုဟု သုံးသပ်မိခဲ့ခြင်းပါ။ ဆုစာရင်းထွက်လာချိန်တွင် စာပဒေသာအတွက် ရရှိခဲ့သည်ကို
တွေ့ရှိရသည်။ ဆရာကြီးချစ်နိုင်(စိတ်ပညာ) နှင့် ဆရာကြီး မြင်းမူ မောင်နိုင်မိုးတို့၏
အမှာစာများပါရှိသော ထိုစာအုပ်အတွက် ကျွန်တော့်အနေဖြင့် ချီးမွမ်းခန်းမဖွင့်ရဲခဲ့ပေ။
ကိုယ်နှင့်သက်ကို နှင်းဆက်လို၍သည် နိုင်ငံ့ဝန်ထမ်း ဖြစ်ကြသူများနှင့် တပ်မတော်သားများသာမက
ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး ခံယူကျင့်သုံးအပ်သော ကိုယ်ကျင့်တရားများနှင့်
တိုင်းပြည်ချစ်စိတ်များကို ကိုယ်ရည်သွေးခြင်းမပြုလိုသော စာရေးသူ၏ စိတ်ထားသန့်သန့်ဖြင့်
ရေးသားခဲ့ခြင်း ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
စာရေးဆရာတိုင်း
မြတ်မြတ်နိုးနိုးတောင့်တကြသောဆု
၂၀၂၂ ခုနှစ်အတွက် ကျွန်တော်ဖတ်ရှုမိသည့် အမျိုးသားစာပေဆုရ
စာအုပ်နှစ်အုပ်အပေါ် ထိုသို့ မြင်တွေ့ခဲ့ကြောင်း ပြောလိုခြင်းဖြစ်၏။ မဖတ်ဖြစ် သေးသည့်
အခြားသောစာအုပ်များသည်လည်း တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးဖြစ်ထွန်းစေသည့် စာအုပ်များသာဖြစ်ပါသည်။
ထို့အတွက် ကြောင့်သာ ဆုရွေးချယ်ရေးအဖွဲ့က စနစ်တကျ ရွေးချယ်ခဲ့ခြင်းဖြစ်၏။ တစ်နှစ်မှာ
တစ်ကြိမ်၊ တစ်ကြိမ်တွင်လည်း တစ်အုပ်တည်းသာ ချီးမြှင့်ခံရသော အမျိုးသားစာပေဆုသည် စာရေးဆရာတိုင်း
မြတ်မြတ်နိုးနိုးတောင့်တကြသောဆုပင် ဖြစ်ချေ သည်။ အမျိုးသားစာပေဆုဆီ မတက်လှမ်းနိုင်သေးသော
မျိုးဆက်သစ်များက စာပေဗိမာန်လမ်းကြောင်း မှတစ်ဆင့် တစ်ချက်ခုတ် သုံးလေးချက်ပြတ်နည်းများဖြင့်
ချီတက်ကြသည်။ မိမိအပါအဝင်ဖြစ်၏။ စာပေဗိမာန်၏ မူလရည်ရွယ်ချက်မှာကိုက အကြောင်းကြောင်းကြောင့်
စာအုပ်မထုတ်ဝေ၊ ပုံမနှိပ်နိုင်သူများ အတွက် ရည်ရွယ်ယှဉ်ပြိုင်စေကြောင်း အသိပေး ထားပြီးဖြစ်၏။
စာပေဗိမာန်တွင်
ပထမဆုရပါက နောက်နှစ် တွင် အမျိုးသားစာပေဆုအတွက် အိပ်မက်မက်ခွင့် ရှိလာကြသည်။ ယခုနှစ်တွင်လည်း
ဆရာမကြီး ဝတ်ရည်ခင်(ပဲခူး)က ထိုသို့ ဆွတ်ခူးနိုင်ခဲ့သည်။ ရှေ့တစ်နှစ်တွင် ပခုက္ကူဦးအုံးဖေဆုမှတစ်ဆင့်
ဆရာချစ်စုအောင်က အမျိုးသားစာပေဆုကို ဆွတ်ခူးခဲ့သည်။ လွန်ခဲ့သောဆယ်စုနှစ်ကာလများအတွင်း
ပခုက္ကူနှင့် စာပေဗိမာန် ပထမဆုရစာအုပ်အများစုမှာ အမျိုးသားစာပေဆုအတွက်ပါ အောင်မြင်မှုရသည်အထိ
ရှိခဲ့သည်ကို လေ့လာမိခဲ့သည်။
အနုပညာသည်
ပြည်သူ့အတွက်ဟူသည့် ခေါင်းစဉ်အောက်တွင် တိုက်ပွဲခေါ်သံ၊ သူ့ကျွန်မခံပြီ တို့ကြောင့်
ကျွန်တော်တို့တွေ ငယ်စဉ်ကတည်းက မျိုးချစ်စိတ်များ ကိန်းအောင်းခဲ့ကြသည်။ ရဲဘော်ဆက်လုပ်၊
အချစ်တစ်ပွဲစစ်ပွဲတစ်ရာ၊ ဝေလည်းမွှေး ကြွေလည်းမွှေးတို့ကြောင့် တပ်မတော်သားဘဝကို ခုံမင်ကာ
နိုင်ငံတော်ကာကွယ်လိုစိတ်များ တဖွားဖွား ဖြစ်လာခဲ့ရသည်။
ကြိုးကြာတောင်ပံခတ်သံမှ
ချင်းတောင်လတ်ငြိမ်းဟူသော ဇာတ်ကောင်သည် ပြည်သူများ ကို ရသတစ်ခုပေးစွမ်းနိုင်ခဲ့သည်။
ရိုးမပေါ်ကျတဲ့ မျက်ရည်သည်လည်း ကျွန်တော်တို့အတွက် ရသမျိုးစုံ ခံစားခဲ့ရသည်။ စာပေမြင့်မှ
လူမျိုးတင့်မည်ဟု ဆိုကြသည်။ ထို့အတွက် စာများများဖတ်ကြရပေမည်။ မည်သူတွေ စာဖတ်ရမည်နည်းဟုဆိုလျှင်
အရွယ်တိုင်း အရွယ်နှင့်လျော်ညီသည့် စာပေကိုဖတ်ကြမှသာ စာပေရေသောက်မြစ် စဉ်ဆက်မပြတ် ရှင်သန်ဖွံ့ဖြိုးနေမည်ဖြစ်သည်။
ကလောင်သွားတို့
ထက်သည်ထက် ထက်လာကြမည်
စာပေဖြင့်
လောကအလှဆင်နေသည့် မီးရှူးတန်ဆောင်များအနေဖြင့်လည်း စာပေမီးစာကို အစဉ်ဖြည့်ပေးနေမှသာ
ကလောင်သွားတို့ ထက်သည်ထက် ထက်လာကြမည်ဖြစ်၏။ စာမဖတ်ဘဲ စာရေးခြင်းသည် အလွန်အန္တရာယ်များပေသည်။
ယနေ့ခေတ်တွင် ဖုန်းတစ်လုံးရှိရုံဖြင့် မိမိယုံကြည်ထင်မြင်ရာကို လွတ်လပ်စွာရေးသား တင်ပြနိုင်သည်။
အွန်လိုင်းတွင် မိမိစိတ်ကြိုက် ရေးတင်ခြင်းအတွက် မည်သည့်အယ်ဒီတာမျှမလို။ မည်သူ့ကိုမျှ
ဆရာတင်နေစရာမလိုပေ။ ဆရာမရှိသည့်အတွက် အချို့သောစာများသည် လိုရာမရောက် ခရီးမပေါက်။ စာပေပြိုင်ပွဲသို့
ဝင်ရောက်ယှဉ်ပြိုင်ပါက ဝါရင့်သမ္ဘာရင့် ဆရာ့ဆရာကြီးများ၏ စစ်ဆေးမှုကို ခံယူကြရပေသည်။
ဘာသာရပ်အလိုက် ကျိုးကြောင်းဆီလျော်စွာ ရေးထုံးမှန်မှန်ဖြင့် စိတ်ဝင်စားမှုရှိအောင်
ရေးသားနိုင်မှသာ ဆုအဖြစ် လက်ခံနိုင်သည့်စာအုပ်များဖြစ်လာကြသည်ကို သတိထားမိသည်။
အကဲဖြတ်ဆုရွေးချယ်ပေးကြသည့်
စာပေပညာရှင်ကြီးများသည် စားသုံးသူပရိသတ်များ ကိုယ်စား ဦးစွာခံစားအကဲဖြတ်ပေးကြခြင်းဖြစ်လေသည်။
ထိုသို့သော ဆုရွေးချယ်ရေးစံနှုန်းများကို လိုက်နာနိုင်သူတို့ကို ပြိုင်ပွဲသို့ စာမူများ
တင်သွင်း ကြသည်။ မတင်ချင်သူများကလည်း မိမိတို့ဘာသာ စာအုပ်များထုတ်ဝေကာ စာပေလမ်းကြောင်းကို
လျှောက်လှမ်းကြသည်။ မည်သို့ဆိုစေ ဤအရာသည် တိုင်းပြည်အတွက် ကောင်းသောအရာတစ်ခုဟုသာ မိမိအနေဖြင့်
ရှုမြင်သည်။ မည်သည့် စာရေးဆရာက မည်သို့ပင် စာအုပ်ထုတ်ဝေသည် ဖြစ်စေ “စာအုပ်စာပေ လူ့မိတ်ဆွေ” ပင်မဟုတ်ပါလားလေ။
အရေးကြီးသည်မှာ မိတ်ဆွေကောင်းများ ဖြစ်အောင်ရေးသားရမည့် စာပေများသာဖြစ်ဖို့ လိုပေသည်။
ခံယူချက်မှား ယုံကြည်ချက်မှားများဖြင့် သွေးခွဲမှိုင်းတိုက်ကာ ရေးသားထားသော စာအုပ်သည်
လူ့သားတို့မိတ်ဆွေမဖြစ်နိုင်ပေ။
အမျိုးသားစာပေဖွံ့ဖြိုးတိုးတက်ရေး
အလေးထား
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်၏ အစိုးရအဆက်ဆက်အနေဖြင့် အမျိုးသားစာပေဖွံ့ဖြိုး တိုးတက်ရေးကို အလေးထားခဲ့ကြသည်။
သို့တိုင်အောင် ပြောင်းလဲတိုးတက်လာသော ခေတ်ရေစီးကြောင်း၏ ပွတ်တိုက်မှုများကြောင့် တဒင်္ဂအားဖြင့်
ထိခိုက်မိသည်များလည်းရှိပေသည်။
အမြန်ဆုံးပြန်လည်ကုစားနိုင်ရေး
ဆောင်ရွက်သောအားဖြင့် အခြေခံအကျဆုံးသော လူငယ်များ၏ ဗလငါးတန်ခိုင်မာစေရန် ပုံဖော်ဆောင်ရွက်နေသည်ကို
တွေ့ရှိရသည်။ အမျိုးသားရေးစာပေကို စနစ်တကျ ထိန်းသိမ်းနေချိန်တွင် တစ်ဖက်တွင်လည်း ခေတ်ဆန်ဆန်
တီထွင်ဆန်းသစ်မှုများဖြင့် မြန်မာစာ မြန်မာစကားကို အလွယ်သုံးနည်းများဖြင့် ပြောဆို
ရေးသားမှုများလည်း ရှိနေကြသည်။ တစ်ခေတ်မှ တစ်ခေတ်သို့ လက်ဆင့်ကမ်းယူဆောင်လာသည့် အမျိုးသားရေးတာဝန်များအတွက်
လူငယ်များတွင် တာဝန်ရှိသည်ဟုဆိုကာ ပခုံးပြောင်းတာဝန်များ လွှဲအပ်နေကြသည်။ ထို့အတွက်
လူငယ်စာပေ ပွဲတော်များကိုကျင်းပပြီး စာရိတ္တမဏ္ဍိုင်တည့်မတ်နေကြသလို စာပေဗိမာန်နှင့်
အမျိုးသားစာပေဆု များတွင်လည်း လူငယ်စာပေကဏ္ဍကို ထည့်သွင်းပေးထားလျက်ရှိသည်ကို တွေ့ရှိရသည်။
ယခုနှစ်
အမျိုးသားစာပေဆုတွင် ဝတ္ထုရှည်နှင့် ဝတ္ထုတိုပေါင်းချုပ်ဆုများကို မတွေ့ရသည့်အပြင်
လူငယ်စာပေဆုပါ မချီးမြှင့်နိုင်ခဲ့သည်ကို တွေ့ခဲ့ရသည်။ သုတတွင် ရသပေါင်းစပ်၍ ဖန်တီးထားသောဝတ္ထုပညာရပ်ဖြင့်
လူသားတို့၏စိတ်နှလုံးကို ဖမ်းစားနိုင်ခဲ့သော စာရေးဆရာကြီးပေါင်းများစွာ၏ ဂန္ထဝင်လက်ရာများကို
ယနေ့ထက်တိုင် အများသူငါနှုတ်ဖျားတွင် အမှတ်တရပြောနေကြဆဲဖြစ်ပါသည်။ မျိုးဆက်သစ်စာရေးသူများအနေဖြင့်
နိုင်ငံတော်က သွားနေသည့်လမ်းကြောင်းပေါ်တွင် အမျိုးသားရေးအသိ အမျိုးသားရေးခံယူချက်တို့ဖြင့်
အနုပညာကို အနုပညာဟုသာ မှတ်ယူကာ စာပေကလောင်ကို ကိုင်စွဲလျက် သမိုင်းပေးတာဝန်ကို ကျေပွန်စေလိုသည်။
ယနေ့
လူငယ်ဗဟိုပြုအရွေ့များသို့ ချီတက်နေချိန်တွင် လူငယ်စာပေများ ဝေဝေဆာဆာဖြစ်စေ လိုပါသည်။
ဆုရခြင်း၊ မရခြင်းသည်ပြိုင်ပွဲတို့၏ ဖြစ်မြဲအတိုင်းသာ ရှိနေပေမည်မို့ စာရေးဆရာဘဝကို
မြတ်နိုးတန်ဖိုးထားသော စာရေးသူများအနေဖြင့် ကိုယ့်တာဝန်ကိုယ်ကျေပွန်နေဖို့သာ လိုပေသည်။
အနှစ်ချုပ်ရလျှင် -
“ငါ့စာဖတ်၍၊
မမြတ်တိုင်စေ
မရှုံးစေသား၊
ပျင်းပြေနှစ်ခြိုက်
တွေးဖွယ်ထိုက်ရာ၊
တစ်ပိုဒ်တလေ
တွေ့ငြားပေမူ၊
စာပေကျေးကျွန်
ငါ့ဝတ်ပွန်ပြီ၊
ငါမွန်အမြတ်
ငါအတတ်ဟု၊
စာဖတ်သူ့ပေါ်
ခေါင်းကိုကျော်၍၊
ငါသော်ဆရာ
မလုပ်ပါတည်း”။
။
ဟူသည့်
ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၏ လမ်းစဉ် အတိုင်း အမျိုးသားစာပေရှင်သန်ရေး၊ စာပေဂုဏ်ကိုမြှင့်တင်ကာ
လူမျိုးတင့်တယ်နိုင်ရေး၊ အမှောင်ကို ပယ်ခွင်းလျက် အလင်းဆောင်နိုင်ရေးတို့အတွက် တစိုက်မတ်မတ်
ကြိုးပမ်းအားထုတ်ခဲ့ကြသည့် ရှေးရှေးအခါက ဆရာဆရာမကြီးများ အပါအဝင် ၂၀၂၂ ခုနှစ်အတွက်
စာပေဗိမာန်စာမူဆု၊ အမျိုးသား စာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုရရှိကြသည့် ဆရာဆရာမအပေါင်းတို့အတွက်
ဝမ်းမြောက်ပီတိဖြစ်ရပါကြောင်းနှင့် အနုပညာသည် ပြည်သူ့အတွက်ဟူသည့် လှပသောခေါင်းစဉ်အောက်တွင်
စာပေကလောင်ဖြင့် တိုင်းပြည်တန်ဆာဆင် နိုင်သူတစ်ဦးဖြစ်အောင် မိမိအနေဖြင့် ဆက်လက်ကြိုးစားသွားမည်ဟု
သန္နိဋ္ဌာန်ချထားမိပါ ကြောင်း။ ။
နွေကံ့ကော်
(မြို့လှ)

No comments:
Post a Comment