Sunday, December 10, 2023

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဆံတော်ရှင်ဆူးလေစေတီတော်ကြီး၏ ဒွါဒဿမအကြိမ်မြောက် ရွှေထီးတော်နှင့် လုံးတော်ပြည့်ရွှေစင်ရွှေပြား၊ မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ခြင်းနှင့် ဘက်စုံမွမ်းမံပြုပြင်ခြင်းတို့အတွက် ရေစက်ချမင်္ဂလာအခမ်းအနား တက်ရောက်

 


ရန်ကုန် ဒီဇင်ဘာ ၉

ဆံတော်ရှင်ဆူးလေ စေတီတော်ကြီး၏ ဒွါဒဿမအကြိမ်မြောက် ရွှေထီးတော်နှင့် လုံးတော်ပြည့် ရွှေစင်ရွှေပြား၊ မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ခြင်းနှင့် ဘက်စုံမွမ်းမံပြုပြင်ခြင်းတို့အတွက် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဆံတော်ရှင်ဆူးလေစေတီတော်ရင်ပြင် ကျက်သရေဆောင်ခန်းမ၌ ကျင်းပသည်၊၊

တက်ရောက်ကြည်ညို

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး ဦးညွန့်ဖေနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် စေတနာသဒ္ဓါအလှူရှင်များ တက်ရောက်ကြည်ညိုကြသည်၊၊

ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ရာ ဆံတော်ရှင် ဆူးလေစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ဗဟန်းမြို့နယ်၊ မဟာဝိသုဒ္ဓါရုံ ရွှေကျင်တိုက်သစ်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် တိပိဋကဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီရိန္ဒာဘိဝံသ အရှင်သူမြတ်ထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူအပ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်၊၊

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သာသနာ ရေးဆိုင်ရာများ လျှောက်ထားသည်၊၊

ထို့နောက် ဒွါဒဿမအကြိမ်မြောက် ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း၊ ဘက်စုံမွမ်းမံပြုပြင်ခြင်း လုပ်ငန်းများ ပြီးစီးအောင်မြင်ခြင်းအတွက် ဦးစီးကော်မတီကိုယ်စား အလှည့်ကျဂေါပကအဖွဲ့ဝင်(စီမံ) ဦးဌေးဝင်းက ဆရာတော်ကြီးများအား လျှောက်ထားလွှာဖတ်ကြားလျှောက်ထားသည်၊၊

ဆက်လက်၍ ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များအား ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်း လောင်းအမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အောင်မြင်စွာရုပ်သိမ်းလိုက်သည်၊၊

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်အတွင်း လှည့်လည်ကြည်ညိုပြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များကို စေတီတော်ကြီး ကြည်ညိုဖွယ်ဖြစ်စေရေးနှင့် သာသနိကအဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲစေရေး စေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒခံယူပြီး ဩဝါဒနှင့်အညီ ဆောင်ရွက်စေရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ပြဋ္ဌာန်းထားသော စည်းမျဉ်းများနှင့်အညီ စနစ်တကျဆောင်ရွက်သွားရန် စသည်ဖြင့် လမ်းညွှန်မှာကြားသည်၊၊

သတင်းစဉ်

No comments:

Post a Comment