(ဒီဇင်ဘာ ၄ ရက်မှအဆက်)
ပြောင်းလဲစဉ်းစားသင့်သည်များ
၂၀၃၀ ပြည့်နှစ်တွင် ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများ ဖောက်လုပ်ပြီးစီးရေးအတွက် မဟာဗျူဟာမြောက်ချဉ်းကပ်မှု မရှိမဖြစ်လိုအပ်သည်ဖြစ်ရာ တီထွင်ဆန်းသစ်သော အတွေးအခေါ်၊ လုပ်နည်းလုပ်ဟန်များကို သမားရိုးကျဘောင်အတွင်းမှ ဖောက်ထွက်စဉ်းစား၍ နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်သင့်ပါသည်။
(က) ရင်းနှီးမြှုပ်နှံမှု (Investment)
လမ်းတံတားများ၊
ဆက်စပ်လုပ်ငန်းများ အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့အတွက် လုံလောက်သော
ရန်ပုံငွေရရှိ ရန်နှင့် စနစ်တကျ ခွဲဝေသုံးစွဲရန် လိုအပ်ပါသည်။ နိုင်ငံတော်ဘဏ္ဍာငွေတစ်ခုတည်းဖြင့်
မလုံလောက်သည့်အတွက် ရန်ပုံငွေရရှိနိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရမည်ဖြစ်သည်။
(ခ) စီမံကိန်းရေးဆွဲခြင်း (Planning)
ဒေသအလိုက်၊
မြို့နယ်အလိုက် တိကျသောလိုအပ်ချက်များနှင့် ပထဝီဝင်အနေအထားတို့ကို ထည့်သွင်းစဉ်းစားပြီး
သတ်မှတ် စည်းမျဉ်းစည်းကမ်း၊ နည်းပညာအပါအဝင် ဦးစားပေးအစီအစဉ်၊ CRRN သတ်မှတ်ချက်တို့နှင့်အညီ
စီမံကိန်း၊ စီမံချက်များရေးဆွဲသင့်ပါသည်။ ကဏ္ဍနှင့် ဒေသချိတ်ဆက်မှု၊ ညှိနှိုင်းမှု၊
ကဏ္ဍအချင်းချင်း ပေါင်းစပ်ဆောင်ရွက်မှုများ ကောင်းမွန်ရန် လိုအပ်ပါသည်။
(ဂ) ကျေးလက်ပြည်သူ ပူးပေါင်းပါဝင်မှု
(Collaboration Rural People)
စီမံကိန်းများသည်
ကျေးလက်ပြည်သူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် မြေနေရာရရှိမှုနှင့် ဆုံးဖြတ်ချက်ချခြင်း
လုပ်ငန်းစဉ်များတွင် ဒေသခံပြည်သူများအား ပူးပေါင်းပါဝင်ခွင့် ပေးအပ်သင့်ပါသည်။
(ဃ) R&D နှင့် နည်းပညာပေါင်းစပ်မှု
(Technology Integra-tion)
ရေရှည်တည်တံ့၍
တာရှည်ခံမှုနှင့် ကုန်ကျစရိတ်သက်သာမှုရှိစေရန် လမ်းသစ်များဖောက်လုပ်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုတွင်
Lab များ အဆင့်မြှင့်တင်ခြင်းနှင့် R&D များ ဆောင်ရွက်ခြင်း၊ ခေတ်မီ နည်းပညာများ
အသုံးပြုခြင်းတို့ကို ပေါင်းစပ်ဆောင်ရွက်သင့်ပါသည်။ လမ်းလုပ်ငန်းသုံးပစ္စည်းများ၊ မြေ၊
သဲ၊ ကျောက်၊ ဂဝံ၊ ရိစာ၊ ဒေသအလိုက် ရရှိနိုင်မှု၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီမှု
ရှိ/မရှိတို့ကို သိရှိနိုင်ရန် သုတေသန (Research) ပြုလုပ်မှတ်တမ်းများထားရှိရန် လိုအပ်သကဲ့သို့
Lab များထားရှိပြီး စစ်ဆေးပေးရန်လည်း လိုအပ်ပါသည်။
ဒေသထွက်ပစ္စည်းများကို
အသုံးပြုခြင်းဖြင့် သယ်ယူစရိတ်လျှော့ချနိုင်ပြီး ဒေသတွင်းလမ်းများ ပျက်စီးမှုကိုကာကွယ်နိုင်မည်ဖြစ်သဖြင့်
လက်ရှိတွင် တတ်နိုင်သမျှ ဒေသထွက်ပစ္စည်းများကို သုံးစွဲနိုင်ရန် ၎င်းတို့၏အရည်အသွေးအပေါ်မူတည်၍
ဒီဇိုင်းရေးဆွဲဆောင်ရွက် လျက်ရှိသည်။
ကမ်းရိုးတန်းဒေသ၊
တောင်ပေါ်ဒေသ၊ အပူပိုင်းဒေသ၊ မြစ်ဝ ကျွန်းပေါ်ဒေသ စသည့် ဒေသအလိုက် ရာသီဥတုနှင့်ကိုက်ညီမည့်
လမ်းဒီဇိုင်းများရေးဆွဲပြီး သုတေသနများ ဆောင်ရွက်လျက်ရှိသလို စဉ်ဆက်မပြတ်လည်း ဆက်လက်လုပ်ဆောင်သွားကြရမည်
ဖြစ်သည်။ တိုးတက်ပြောင်းလဲနေသည့် နည်းပညာ၊ စက်ပစ္စည်းများကို လေ့လာသုံးစွဲခြင်းဖြင့်
ဖောက်လုပ်သည့်လမ်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ နှစ်စဉ်ပြန်လည်သုံးသပ်မှုများ
လုပ်ဆောင်ပြီး ပြုပြင်ပြောင်းလဲသင့်သည်များကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။
(င)
အစိုးရ၊ ပြည်သူ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု (Public-Private Partnership)
စီမံကိန်းများ
အချိန်မီပြီးစီးစေရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် အရင်းအမြစ်များ၊ ကျွမ်းကျင်မှုများနှင့်
ဆန်းသစ်တီထွင်မှုများကိုအသုံးချရန် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်
သင့်သည့်အပြင် လိုက်လျောညီထွေရှိမည့် မူဝါဒချမှတ်နိုင်ရေးအတွက် လည်း လေ့လာတင်ပြသင့်ပါသည်။
(စ)
ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး (Skill Development)
တည်ဆောက်ရေးနှင့်
ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းရည်များ ပြည့်ဝစေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ
ဖန်တီးပေးရန်နှင့် ဝန်ထမ်းများ၏ တစ်ဦးချင်းစွမ်းရည်၊ ပုဂ္ဂလိကကုမ္ပဏီများ၏ စွမ်းရည်၊
ရုံးအဆင့်ဆင့်၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရန် ဆောင်ရွက်သင့်ပါသည်။
(ဆ) စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်း
(Monitoring and Evaluation-M&E)
တိုးတက်မှုများကို
စောင့်ကြည့်စစ်ဆေးနေရန်၊ စိန်ခေါ်မှုနှင့် အဟန့်အတားများကို ဖော်ထုတ်အဖြေရှာရန်နှင့်
၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက်ပန်းတိုင် ပြည့်မီစေရန် ခိုင်မာသည့် စောင့်ကြည့်စစ်ဆေးရေးယန္တရားများထူထောင်ရန်
လိုအပ်ပါသည်။ ၂၀၃၀ ပြည့်နှစ် ရည်မှန်း ချက်၊ ကာလတို၊ ကာလလတ်နှင့် နှစ်ရှည်စီမံကိန်းများ၏
တိုးတက်မှုများကို စောင့်ကြည့်စစ်ဆေး၊ သုံးသပ်ဖော်ထုတ်နိုင်မည့် M&E စနစ် ထူထောင်ပြီး လစဉ်ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်သည်။ ကောင်းသည်
ထက်ကောင်းအောင်၊ ပြည့်စုံသည်ထက်ပြည့်စုံအောင် စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရပါမည်။ မျှော်မှန်းချက်ပန်းတိုင်ပြောင်းရန်
လိုအပ်လျှင်လည်း ပြောင်းလဲရန်၊ နည်းလမ်းပြောင်းရန် လိုအပ်ပါကလည်း ပြောင်းလဲဆောင်ရွက်ရန်
လိုအပ်မည်ဖြစ်ပါသည်။
(ဇ)
သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ဆိုင်ရာ ထည့်သွင်း စဉ်းစားမှုများ
(Environmental and Social Conside-ration)
သဘာဝပတ်ဝန်းကျင်နှင့်
လူမှုဝန်းကျင်အပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရန်
သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် (Eco-friendly) အလေ့ အကျင့်ကောင်းများကို
ဖော်ဆောင်ရန် လိုအပ်ပါသည်။
(ဆ) စံသတ်မှတ်ချက်များ (Criteria)
ကျေးလက်လမ်း/တံတားများ
ရေရှည်တည်တံ့စေရန်၊ စီးပွားရေးတွက်ခြေကိုက်ရန်၊ Economy Design ဖြစ်ရန် စံသတ်မှတ်ချက်များ
ချမှတ်လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။ လက်ရှိတွင်လည်း လိုက်နာ
ဆောင်ရွက်လျက်ရှိပါသည်။
ကုန်ကျစရိတ်သက်သာစေရန်အတွက်
ဒေသထွက်ကုန်များ အသုံးပြုနိုင်ရန် လုပ်ငန်းသုံးပစ္စည်းများ၏ အရည်အသွေးစံသတ်မှတ်သင့်
ပြီး ဒေသရာသီဥတုအခြေအနေနှင့် အခြားသက်ရောက်မှုများကိုပါ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
လမ်းကိုဖျက်သည်မှာ ရေဖြစ်၍ ရေတိုက်စားမှုနှင့် ရေလွှမ်းမိုးမှုမှကာကွယ်ရန် ရေနုတ်မြောင်းများ
ထည့်သွင်းပြီးလမ်း၊ တံတားများ ရေရှည်ခံနိုင်အောင် ထိရောက်ကောင်းမွန်သောဒီဇိုင်းများ
ရေးဆွဲဆောင်ရွက်ရပါမည်။
(ဇ) ဘေးကင်းလုံခြုံရေး (Safety)
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်
ယာဉ်တိုက်မှုဖြစ်နိုင်ခြေများ လျှော့ချရန်အတွက် လိုအပ်သည့်နေရာ၊ လိုအပ်သောအကာအရံများ၊
လမ်းညွှန်ဆိုင်းဘုတ်များ၊ လမ်းအမှတ်အသားများကို သတ်မှတ်ချက်အတိုင်း တည်ဆောက်ရေးနှင့်အတူ
တစ်ပါတည်း ထည့်သွင်းဆောင်ရွက်သင့်ပါသည်။
(ဈ)
Feasibility Survey နှင့် Design စနစ်တကျဆောင်ရွက်သင့်
လက်ရှိနှင့်
အနာဂတ်ဖြစ်လာနိုင်ခြေ၊ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြေ၊ ထုတ်ကုန်များ တိုးတက်လာနိုင်မှု၊
စီးပွားရေးဖွံ့ဖြိုးလာနိုင်မှု အလားအလာများကို ဖြစ်နိုင်ခြေဆန်းစစ်လေ့လာမှု
(Feasibility Survey) သေချာလုပ်ပြီး အနာဂတ်အစီအစဉ်များကို စုစည်း၍ ဒီဇိုင်းလုပ်သင့်
ပါသည်။
(ည) ပြုပြင်ထိန်းသိမ်းရေး (Maintenance)
နှစ်စဉ်ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေများ
လျာထားဆောင်ရွက်ခြင်းဖြင့် ဒေသခံပြည်သူများအတွက် အလွယ်တကူရရှိနိုင်ပြီး ကုန်ကျ စရိတ်
သက်သာသောပစ္စည်းများကို အသုံးပြု၍ ပြုပြင်ထိန်းသိမ်းမှုလွယ်ကူစေမည့်အစီအစဉ်များ ရေးဆွဲထားရှိသင့်ပါသည်။
အစိုးရ-ပြည်သူ-ပုဂ္ဂလိက
ပူးပေါင်းဆောင်ရွက်မှုပုံစံ (PPP Model)
လက်ရှိအချိန်အထိ
ကျေးလက်လမ်းများကို BOT စနစ်ဖြင့် ထိန်းသိမ်းမှုမရှိသေးပေ။ နိုင်ငံတော်မှ အသစ်တည်ဆောက်ခြင်း၊
ပြင်ဆင်ထိန်းသိမ်းခြင်းကို ၁၀၀ ရာခိုင်နှုန်း တာဝန်ယူနေရခြင်းကြောင့် ဖြစ်ပေါ်ရသည့်
ရန်ပုံငွေမလုံလောက်မှု အခက်အခဲကို ကျော်ဖြတ်ရန် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားသင့်ပါသည်-
(က) PPP Model ဆောင်ရွက်နိုင်ရန် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း
အလားအလာနှင့် မျှော်မှန်းထားသောရလဒ်များကို အကဲဖြတ်ရန် ဖြစ်နိုင်ခြေဆန်းစစ်မှုကို စေ့စေ့စပ်စပ်လေ့လာ
လုပ်ဆောင်ခြင်း၊
(ခ)
ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည့်အစီအစဉ်များ စဉ်းစားဆောင်ရွက်ခြင်း၊
(ဂ) PPP Model တွင် Risk Sharing အနေဖြင့်အစိုးရနှင့်
ပုဂ္ဂလိကအကြား စွန့်စားရမှုများကို ရှင်းလင်းစွာခွဲဝေသတ်မှတ်ပြီး တည်ဆောက်ရေး လည်ပတ်ထိန်းသိမ်းမှုဆိုင်ရာများကို
စဉ်းစားဆောင်ရွက်ခြင်း၊
(ဃ)
ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို ပိုမိုဆွဲဆောင်နိုင်စေရန်အတွက် အစိုးရပံ့ပိုးမှုအနေဖြင့်
အခွန်သက်သာခွင့်ပေးခြင်းကဲ့သို့သော အာမခံချက်များနှင့် ပံ့ပိုးမှုများ၊ ကူညီမှုမက်လုံးများ
ပေးခြင်း၊
(င)
ရင်းနှီးမြှုပ်နှံသူများ ရေရှည်အဆင်ပြေစေမည့် ဝင်ငွေရလမ်းကြောင်းတစ်ခုဖန်တီးနိုင်ရန်
လမ်းတစ်လျှောက် လမ်းအသုံးပြုခကို တတ်နိုင်သည့်နှုန်းထားဖြင့် တောင်းခံစေခြင်းဖြင့်
ဝင်ငွေဖော်ဆောင်ခြင်း (Revenue Genera-tion) (Affordable Rate) နည်းလမ်းများကို ဆောင်ရွက်
သင့်ခြင်း၊
(စ) Financing Model အသစ်များ စဉ်းစားခြင်းအနေဖြင့်
Expression of Interest (EOI) ခေါ်ပြီး စိစစ်ရွေးချယ်ခြင်း၊ အကောင်အထည်ဖော်ရာတွင် ပုဂ္ဂလိကမှ
ရန်ပုံငွေကျခံဆောင်ရွက်ခြင်း၊ သတ်မှတ်စည်းကမ်းချက်များ ချမှတ်ခြင်း၊ စာချုပ်ချုပ်ဆို
ဆောင်ရွက်ခြင်းများကို စဉ်းစားနိုင်ပြီး စာချုပ်ပါစည်းကမ်းချက်များ ပြည့်မီစွာဆောင်ရွက်နိုင်ပါက
သတ်မှတ်ချက်များနှင့်အညီ ရန်ပုံငွေလျာထားပေးချေခြင်း ကိုလည်း စဉ်းစားဆောင်ရွက်သင့်ခြင်း၊
မူဝါဒခွင့်ပြုချက် ရရှိရန်လိုအပ်ပြီး Standard Operation Procedure (SOP) ရေးဆွဲထားရန်
လိုအပ်ခြင်း၊
(ဆ) ပြည်သူပူးပေါင်းပါဝင်မှုအနေဖြင့် PPP Model တွင်
ပြည်သူ များကို စီမံကိန်းအကြောင်းနှင့် ထိန်းသိမ်းလိုက်နာရန် အချက်များ သိရှိစေပြီး
ပါဝင်နိုင်သည့်နေရာမှ ပါဝင်စေခြင်း၊
(ဇ) Transparent Procurement အနေဖြင့် အရည်အသွေးပြည့်မီသော
လုပ်ငန်းရှင်များကို ဆွဲဆောင်ပြီး တရားမျှတသော ယှဉ်ပြိုင်မှုကိုမြှင့်တင်ရန် ပွင့်လင်းမြင်သာပြီး
ပြိုင်ဆိုင်မှုရှိသော ဝယ်ယူရေးလုပ်ငန်းစဉ်များကို သေချာစွာဆောင်ရွက်ရန် လိုအပ်ခြင်း၊
(ဈ) ရေရှည်သဘောတူညီချက်များ (Long Term
Contract) အနေဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် အပြောင်းအလဲမရှိ တည်ငြိမ်မှုရှိမည့်
ရေရှည်သဘောတူညီချက်များ၊ ကတိ ကဝတ်များထားရှိရန် ထည့်သွင်းစဉ်းစားသင့်ခြင်း၊
(ည) Flexible Financing အနေဖြင့် စီးပွားရေးတွက်ခြေကိုက်ပြီး
ဖွံ့ဖြိုးသည့်ဒေသများ၊ ဖြစ်နိုင်ခြေရှိသည့်နေရာများမှ စတင်ဆောင်ရွက်သင့်ခြင်း၊ ကျေးလက်လမ်းများကို
BOT စနစ်ဖြင့် ဆောင်ရွက်သင့်ခြင်း၊
(ဋ) စွမ်းဆောင်ရည်စောင့်ကြည့်စစ်ဆေးခြင်း (Performance
Monitoring) အနေဖြင့် စီမံကိန်း၏ စွမ်းဆောင်ရည်ကို စောင့်ကြည့်ပြီး ပြဿနာများကို ဆောလျင်စွာဖြေရှင်းရန်
ခိုင်မာသော M&E စနစ်တစ်ခုထူထောင်ရန် လိုအပ်ခြင်း။
ဥပဒေ၊
နည်းဥပဒေ လိုအပ်ချက်
ကျေးလက်လမ်းတံတားများကို
တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ စီမံခန့်ခွဲခြင်းများ ဆောင်ရွက်ရာတွင် ပြည်သူများ၏ရပိုင်ခွင့်နှင့်
တာဝန်များက အရေးကြီးသလို နိုင်ငံတော်၊ ပုဂ္ဂလိက၊ ပြည်သူပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်၍
ဥပဒေနှင့်အညီ ဆောင်ရွက် နိုင်ရန်၊ ကြီးကြပ်နိုင်ရန်လိုအပ်ပါသည်။ မြေယာကိစ္စများ၊ လှူဒါန်းခြင်းအပါအဝင်
လျော်ကြေးကိစ္စများ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကိစ္စများ၊ BOT စနစ်များ ဆောင်ရွက်နိုင်ရန်
ဥပဒေ၊ နည်းဥပဒေများ ချမှတ်ထားရှိရန်လိုအပ်ပါသည်။ ဝန်ကြီးဌာန၊ ဦးစီးဌာနအနေဖြင့် ဥပဒေ
မူကြမ်းအဆင့်အထိ ဆောင်ရွက်ပြီးဖြစ်သည်။ ဥပဒေအတည်ပြုပြီး လျှင်မူသမားရိုးကျနည်းလမ်းမှ
ဖောက်ထွက်ပြီး မြန်မြန်ဖွံ့ဖြိုးမည့်နည်းလမ်းများဖြင့် ဆောင်ရွက်သွားနိုင်ရန်၊ နိုင်ငံ့ရန်ပုံငွေ
သက်သာစွာဖြင့် အလုပ်ဖြစ်မည့် ချဉ်းကပ်မှုဗျူဟာများကိုချမှတ်၍ ၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက်ကို
ပြည့်မီအောင် အကောင်အထည်ဖော်သွားနိုင်ဖို့ဆိုသည့် အိပ်မက်တစ်ခု မက်ဖြစ်ခဲ့ပါသည်။
လမ်းများကောင်းသော်လည်း
ငြိမ်းချမ်းမှသာ စီးပွားရေးတိုးတက်မှုမှာ အသုံးချနိုင်မည်ဖြစ်သကဲ့သို့ ငြိမ်းချမ်းမှသာ
ကျေးလက်လမ်းများ ဖောက်လုပ်ပေးနိုင်မည်ဖြစ်သောကြောင့် မြန်မာပြည်ကြီးငြိမ်းချမ်းဖို့
ငြိမ်းချမ်းရေးလမ်းတွေ ဖောက်ကြပါစို့။ ။
ခန့်ဇော်(ကျေးလက်)
No comments:
Post a Comment