Monday, December 11, 2023

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) နှင့်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ


ရန်ကုန် ဒီဇင်ဘာ ၁၀

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Kumming Yundi Behavior & Health Research Centre ၏ ဖိတ်ကြား ချက်အရ (၂၀၂၃) ခုနှစ် တရုတ် - မြန်မာပေါက်ဖော် မီဒီယာဖလှယ်ရေးအစည်းအဝေးသို့ တက် ရောက်ရန်အတွက် အဖွဲ့ဝင်ငါးဦးနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒီဇင်ဘာ ၄ ရက် က ထွက်ခွာရာ ည​နေပိုင်းတွင် ကူမင်းမြို့သို့ ရောက်ရှိပြီး ဒီဇင်ဘာ ၅ ရက်တွင် ကူမင်းမြို့မှ အမြန်ရထားဖြင့် တာလီမြို့သို့ ရောက်ရှိသည်။ ထို့​နောက် တောင် ၁၉ လုံးနှင့် ချောင်း ၁၈ ချောင်း တည်ရှိပါဝင်ရာ Cangshan တောင်တန်းသို့ ဒေသသဘာဝအလှရှုခင်းများနှင့် ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်ရုပ်တုများကို လေ့လာပြီး ညပိုင်းတွင် Yang Liping ဇာတ်ရုံ ယူနန်အနုပညာရှင် များ၏ တိုင်းရင်းသားရိုးရာအကများကို ကြည့်ရှုသည်။

ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ရှေးခေတ်နန်ကျောက်ဘုရင်ကိုးပါး ရဟန်းဝတ်ခဲ့ဖူးသော ဘုရား သုံးဆူ (Three pagodas of CHONG SHENG TEMPLE) ကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် တာလီမြို့အနီးရှိ ရှိကျုံးမြို့နယ်၏ သဘာဝအလှရှုခင်းများနှင့် ကျေးရွာတွင် မင်္ဂလာပွဲဆင်နွှဲနေပုံ ကိုလည်းကောင်း ကြည့်ရှုလေ့လာသည်။ ဒီဇင်ဘာ ၇ ရက်တွင် ရှေးဘုရင်များ နန်းစိုက်နေထိုင် ခဲ့ရာ တာလီမြို့ဟောင်းအတွင်းနှင့် ဒေသရိုးရာ ငွေပန်းထိမ်လုပ်ငန်း အဝတ်အထည်လုပ်ငန်းနှင့် ကုန်သွယ်ကူးသန်းမှု လုပ်ငန်းများကို ကြည့်ရှုလေ့လာပြီး ညနေပိုင်းအတွင်း တစ်ချိန်က တံငါရွာလေး ဖြစ်ခဲ့သော်လည်း ယခုအခါ အစိုးရ၏ စီမံခန့်ခွဲမှုဖြင့် ဟိုတယ်များ၊ စားသောက်ဆိုင်ကြီးများ၊ ကြည့်ရှု စရာ ရှုခင်းသာများကြောင့် Santorini စီးပွားရေးဇုန်အဖြစ် ကမ္ဘာလှည့်ခရီးသည်များဖြင့် စည်ကား ဖွံ့ဖြိုးနေပုံများကို ကြည့်ရှုလေ့လာသည်။ ညနေပိုင်းတွင် တာလီဘူတာမှ အမြန်ရထား ဖြင့် ပြန်လည်ထွက်ခွာရာ ကူမင်းမြို့သို့ ရောက်ရှိသည်။

ဒီဇင်ဘာ ၈ ရက် နံနက် ပိုင်း တွင် Kuming Jun Jiang Hotel ၌ ၂၀၂၃ ခုနှစ် တရုတ်-မြန်မာ ပေါက်ဖော်မီဒီယာနှင့် ယဉ်ကျေးမှုဆိုင်ရာဖလှယ်ရေး အစည်းအဝေးကို ကျင်းပရာ တရုတ်နိုင်ငံဘက်မှ ယူနန်မင်စုတက္ကသိုလ်၊ ယူနန်တက္ကသိုလ်များရှိ အမျိုးသားရေး ဆိုင်ရာ လေ့လာရေးဌာန၊ သမိုင်း သုတေသနဌာန၊ မျက်စိသွေးကြောနှင့် မွေးရာပါနှလုံးရောဂါကုသမှု ဌာနများမှ ပါမောက္ခများနှင့် ယူနန်ရေဒီယိုနှင့် ရုပ်မြင်သံကြား ဌာနတို့မှ တာဝန်ရှိသူများ တက် ရောက်သည်။

တရုတ်နိုင်ငံဘက်မှ တာဝန်ရှိသူများက ၎င်းတို့ကဏ္ဍအလိုက် နှစ်နိုင်ငံ ပေါင်းစပ်ဆောင်ရွက်ခဲ့မှု များနှင့် အနာဂတ်မျှော်မှန်းချက်များကို ဆွေးနွေးပြီးနောက် မြန်မာနိုင်ငံဘက်မှ ပြန်လည် ဆွေးနွေးရာတွင် တရုတ်နိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၅၆ မျိုး ရှိသကဲ့သို့ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၀ ကျော် ရှိပါကြောင်း၊ ထို့ကြောင့် တရုတ် နိုင်ငံနည်းတူ တိုင်းရင်းသားများ အရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုး ရေးတို့အတွက် မိမိနိုင်ငံအစိုးရက စွမ်းစွမ်းတမံ ဆောင်လျက်ရှိကြောင်း၊ ယခုကဲ့သို့ နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် သတင်းမီဒီယာ ကိစ္စရပ်များ အမြင်ချင်းဖလှယ် ဆွေးနွေးခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည် ရေးကို ပိုမိုအကျိုးသက်ရောက် စေမည်ဖြစ်ကြောင်း ပြောကြားသည်။

ဒီဇင်ဘာ ၉ ရက်တွင် လေ့လာရေးအဖွဲ့သည် တရုတ်အမျိုးသားပြတိုက်နှင့် ကူမင်းမြို့ အတွင်း လှည့်လည်လေ့လာပြီး ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ကြသည်။

သတင်းစဉ် 


No comments:

Post a Comment