အိအိချော (စားသုံးသူရေးရာဦးစီးဌာန)
စားသုံးဆီသည် လူသားတို့ နေ့စဉ် စားသောက်နေသော အစားအစာများထဲတွင် အင်အားဓာတ်ကို ပေးစွမ်းနိုင်သော ပင်မရင်းမြစ်တစ်ခုဖြစ်ပါသည်။ ဆီထွက်ပင်ရင်းအပေါ် မူတည်ပြီး အပင်ထွက်ဆီ (Vegetable Oil) နှင့် တိရစ္ဆာန်ထွက်အဆီ (Animal Fat) ဟူ၍ နှစ်မျိုးခွဲခြားထားရာ နေ့စဉ် ချက်ပြုတ်စားသောက်ကြရာ၌ အပင်ထွက်ဆီများကိုသာ အများဆုံး အသုံးပြုကြသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ အဆိုပါ အပင်ထွက်ဆီအမျိုးမျိုးတို့ကို မိမိတို့ ချက်ပြုတ်ကြော်လှော်လိုသည့် နည်းစနစ်နှင့် ကိုက်ညီစွာ သုံးစွဲတတ်စေရန် ၎င်းတို့၏ ထူးခြားသော ဝိသေသလက္ခဏာများအား သိရှိနားလည်ထားရန် လိုအပ်လှပါသည်။
ရည်ရွယ်ချက်အမျိုးမျိုးဖြင့်
အသုံးပြု
နေ့စဉ်လူနေမှုဘဝတွင် စားသုံးဆီကို
ရည်ရွယ်ချက်အမျိုးမျိုးဖြင့် အသုံးပြုကြပါသည်။ အချို့က သာမန်ချက်ပြုတ်ကြော်လှော်ရန်
အသုံးပြုကြသကဲ့သို့ အချို့က မုန့်ဖုတ်ရန်နှင့် ဆီဆမ်းစားရန် စသည်ဖြင့်
အသုံးပြုကြပါသည်။ ချက်ပြုတ်ကြော်လှော်ရာ၌လည်း နှစ်ကြော်၊ အိုးကပ်ကြော်/
မွှေကြော်နှင့် ဆာတေးကြော်တို့မှာ အသုံးများသော ကြော်လှော်သည့် နည်းစနစ်များ ဖြစ်ကြပါသည်။
နှစ်ကြော်ကြော်သည့် နည်းစနစ်တွင် အကြော်အိုး၏ သုံးပုံနှစ်ပုံခန့်ဆီထည့်ပြီး
ကြော်လိုသည့်အရာကို ဆီပူထဲတွင် နစ်မြုပ်စေလျက် ကြော်ရမည်ဖြစ်ပါ သည်။
အိုးကပ်ကြော်နည်းစနစ်တွင် ဆီပမာဏ ခပ်တိမ်တိမ်သာ အသုံးပြုရပါမည်။
နှစ်ကြော်နှင့် အိုးကပ်ကြော်တို့အတွက် လိုအပ်သောဆီ၏ အပူချိန်မှာ ယေဘုယျအားဖြင့် ၃၅၀
ဒီဂရီဖာရင်ဟိုက်မှ ၃၇၅ ဒီဂရီဖာရင်ဟိုက်ထိ (၁၇၇ ဒီဂရီစင်တီဂရိတ်မှ ၁၉၁ ဒီဂရီစင်တီဂရိတ်)ဖြစ်ပါသည်။
ဆာတေးကြော်နည်းစနစ်တွင် အနည်းငယ်မျှသော ပမာဏရှိသည့်ဆီကို အကြော်အိုးတွင်
ရွှဲရွှဲသုတ်လိမ်းပြီး ကြော်လိုသည့်အရာကို ခပ်ပါးပါးလှီးဖြတ်၍ဖြစ်စေ၊ အတုံးငယ်များ
လှီးဖြတ်၍ဖြစ်စေ ဆီပူတွင် ရွှေညိုရောင်ပြောင်းသည်အထိ ကြော်ရပါမည်။
ယင်းနည်းစနစ်အတွက် ဆီ၏ ယေဘုယျ အပူချိန်သည် ၃၀၀ ဒီဂရီဖာရင်ဟိုက်မှ ၃၅၀
ဒီဂရီဖာရင်ဟိုက်ထိ (၁၄၉ ဒီဂရီစင်တီဂရိတ်မှ ၁၇၇ ဒီဂရီစင်တီဂရိတ်)
လိုအပ်မည်ဖြစ်ပါသည်။
ကွဲပြားသော ဂုဏ်အရည်အသွေးများ
ပိုင်ဆိုင်ထား
စားသုံးဆီသည် ဓာတုဗေဒဆိုင်ရာ ဖွဲ့စည်းပုံအရ ဂလစ်စရောနှင့် ဖက်တီးအက်စစ်တို့၏
ရောနှောခြင်းမှ ဖြစ်ပေါ် လာသော ထရိုင်ဂလစ်စရိုက် (Trigly ceride) ဖြစ်ပါသည်။ ဂလစ်စရောနှင့် အတူ ပေါင်းစပ်နေသော ဖက်တီးအက်စစ်ပုံစံ
(၃)မျိုးရှိရာ ပြည့်ဝအဆီ အက်စစ် (Saturated Fatty Acid)၊ မိုနိုမပြည့်ဝအဆီအက်စစ် (Mono Unsaturated
Fatty Acid) နှင့် ပိုလီမပြည့်ဝအဆီ
အက်စစ် (Poly
Unsaturated Fatty Acid)တို့ဖြစ်ပါ သည်။
၎င်းအဆီအက်စစ်များ၏ ပါဝင်ပေါင်းစပ်မှု အချိုးအစားအပေါ် မူတည်၍ စားသုံးဆီများ၏ အသွင်သဏ္ဌာန်နှင့်
ဂုဏ်အရည်အသွေးများ ကွဲပြားသွားခြင်း ဖြစ်ပါသည်။ စားသုံးဆီတစ်မျိုးစီတွင်
ကွဲပြားသော ဂုဏ်အရည်အသွေးများ ပိုင်ဆိုင်ထားကြရာ မီးခိုးမှတ်နှင့်
မီးလောင်မှတ်တို့လည်း အပါအဝင်ဖြစ်ပါ သည်။
စားသုံးဆီကို အဖုံးဖွင့်အိုးထဲတွင် ထည့်ပြီး အပူပေးခြင်းဖြင့်
မီးခိုးများ စတင်ထွက်လာသော အပူချိန်ကို ၎င်းဆီ၏ မီးခိုးမှတ်ဟုလည်းကောင်း၊ မီးခိုးထွက်ပြီးမှ
မီးတောက်စတင်ထွက်ပေါ် လာသော အပူချိန်ကို မီးလောင်မှတ်ဟုလည်းကောင်း
သတ်မှတ်ထားပါသည်။ ထို့ကြောင့် စားသုံးဆီကို အသုံးပြု၍ မိမိနှစ်သက်ရာ
ချက်ပြုတ်နည်းများအတိုင်း ပြုလုပ်မည်ဆိုပါက အသုံးပြုသောဆီ၏ မီးခိုးမှတ်ကို သိရှိထားရမည်ဖြစ်ပါသည်။
နှစ်ကြော်နှင့် အိုးကပ်ကြော်များအတွက် မီးခိုးမှတ်မြင့်သော စားသုံးဆီများကို
အသုံးပြုရပါမည်။
စားသုံးဆီ၏ ဓာတုဖွဲ့စည်းပုံ
ပျက်စီးလာ
မီးခိုးမှတ်နိမ့်သော စားသုံးဆီများကိုဖြစ်စေ၊
မပြည့်ဝမှုများသော ပိုလီဆီများကိုဖြစ်စေ အပူချိန်အမြင့်တွင် အချိန်ကြာကြာအသုံးပြုသည့်အခါ
စားသုံးဆီ၏ ဓာတုဖွဲ့စည်းပုံပျက်စီးလာပြီး အဆီအက်စစ်လွတ်များနှင့် ပိုလာဒြပ်ပေါင်းများ
ထွက်ပေါ်လာကာ အပူကြောင့် ဓာတ်တိုးခြင်းဖြစ်စဉ် ဖြစ်ပေါ်လာပါသည်။ ၎င်းဖြစ်စဉ်ကြောင့်
ဆီ၏ ပါအောက်ဆိုက်တန်ဖိုး မြင့်တက်လာခြင်းနှင့်အတူ ဆီသားတည်မြဲမှုလည်း
ကျဆင်းလာလေ့ရှိပါသည်။ ထိုကဲ့သို့ အသုံးပြုနေသည့် အချိန်အတွင်း၌ပင် ဆီသားပျက်စီးမှု
ဖြစ်လာသောဆီဖြင့် ကြွပ်ကြွပ်ရွရွဖြစ်အောင် ကြော်လှော်ထားသော အစားအစာများသည် လူတို့၏
ကျန်းမာရေးအတွက် ဘေးအန္တရာယ်ရှိသော အစားအစာများဖြစ်ပါသည်။
မီးခိုးများ ထွက်လာသည်အထိ အသုံးပြုပြီးသော စားသုံးဆီသည်
အရည်အသွေး ကျဆင်းနေသောဆီသာ ဖြစ်ပါသည်။ ၎င်းဆီမျိုးကို နောက်တစ်ကြိမ် ပြန်သုံးပါက ပြန်ကြော်ဆီဟု
သတ်မှတ်နိုင်ပြီး ပထမကြော်ပြီးသော ပစ္စည်း၏ အနံ့၊ အရသာနှင့် အမှုန်အမွှားများသည် ဒုတိယအကြော်ခံပစ္စည်းပေါ်သို့
ကူးစက်ခြင်း၊ ဖွဲ့စည်းပုံပျက်နေသောဆီဖြင့် ကြော်ထားသော အစားအစာဖြစ်ခြင်းတို့ကြောင့်
စားသုံးသူ၏ ကိုယ်ခန္ဓာအတွင်း၌ ဓာတ်တိုးမှုများဖြစ်ပေါ်လာရပြီး အရွယ်မတိုင်မီ
အိုမင်းခြင်း၊ အဝလွန်ခြင်းများအပြင် ကင်ဆာဖြစ်ပွားစေသော ဆဲလ်များကိုပါ တိုးပွားစေခြင်းစသည့်
ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာနိုင်ပါသည်။
ဟင်းသီးဟင်းရွက်ဆီ အုပ်စုဝင်ဆီများ၏ ဓာတ်ဖွဲ့စည်းပုံအရ
ဂလစ်စရောနှင့် အဆီအက်စစ်များအပြင် အနံ့ပေးပစ္စည်း၊ အရောင်ပေးပစ္စည်းများနှင့်အတူ သဘာဝအတိုင်း
ပါဝင်နေသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း တွဲဆက်လျက်ရှိနေပါသည်။ ဥပမာအားဖြင့်
ဖွဲနုဆီတွင် တိုကိုဖီရောလ် (Tocopherols)၊ ထရိုင်အီနော (Tocotrienols) စသည့် ဗီတာမင်အီးဒြပ်နှော၊ အပင်ထွက်စတီရော (Phytosterols)၊ ပိုလီဖီနောလ် (Polyphenol) တို့အပြင် အားကောင်းသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်သည့်
ဂမ်မာအိုရီဇနော ပါဝင်နေပါသည်။
ကျန်းမာရေးကို အထောက်အကူဖြစ်
နှမ်းဆီ၌ မူဖီနောလ်အုပ်စုဝင် ဓာတ်တိုးဆန့်ကျင်
ပစ္စည်းများဖြစ်သည့် Sesamol နှင့် Sesaminol တို့ ပါဝင်နေပါသည်။ ၎င်းဓာတ်တိုးဆန့်ကျင် ပစ္စည်းများသည်
လူတို့၏ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုရုံမျှမက အရွယ်မတိုင်မီ
အိုမင်းရင့်ရော်ခြင်းဘေးမှလည်း ကင်းဝေးစေနိုင်သည့် ဂုဏ်သတ္တိများရှိကြပါသည်။
၎င်းဓာတ်များကို လူတို့၏ခန္ဓာကိုယ်မှ သဘာဝအတိုင်း ထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့်
ထိုဓာတ်များ ပါဝင်နေသော စားသုံးဆီများကို နည်းလမ်းမှန်ကန်စွာ စနစ်တကျ စားသောက်ခြင်းဖြင့်
ကျန်းမာရေးကို အထောက်အကူဖြစ်စေ ပါသည်။
စားသုံးဆီတွင် သဘာဝအတိုင်း ပါဝင်နေသော
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် အပူကြောင့် ပျက်စီးတတ်ကြပါသည်။ ထို့ကြောင့်
မီးခိုးမှတ်မြင့်သော စားသုံးဆီများဖြစ်စေကာမူ လူတို့၏ ကျန်းမာရေးအတွက်
အလွန်အကျိုးရှိစေသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို မပျောက်ပျက်စေခြင်းအလို့ငှာ
အပူချိန်အနိမ့်၌ ချက်ပြုတ်သင့်ပါသည်။ သို့မဟုတ်ပါက အပူပေးရန်မလိုသော လက်သုတ်ဆီ/
ဟင်းလျာပြုပြင်ရာတွင် အသုံးပြုသောဆီအဖြစ်သာ အသုံးပြု သင့်ပါသည်။
မိမိတို့နိုင်ငံတွင် အများဆုံး အသုံးပြုနေကြသော
ဟင်းသီးဟင်းရွက်ဆီများမှာ မြေပဲဆီ၊ စားအုန်းဆီ၊ နေကြာဆီ၊ ပဲပုပ် ဆီ၊ ဖွဲနုဆီနှင့် နှမ်းဆီတို့ဖြစ်ကြသည်။
မီးခိုးမှတ်စစ်ဆေးချက်အနေဖြင့် မြေပဲဆီ ၄၅၀ ဒီဂရီဖာရင်ဟိုက် (၂၃၂ ဒီဂရီစင်တီ
ဂရိတ်)၊ စားအုန်းဆီ ၄၄၆ ဒီဂရီဖာရင် ဟိုက်(၂၃၀ ဒီဂရီစင်တီဂရိတ်)၊ နေကြာဆီ ၄၅၀
ဒီဂရီဖာရင်ဟိုက် (၂၃၂ ဒီဂရီစင်တီ ဂရိတ်)၊ ပဲပုပ်ဆီ ၄၅၀ ဒီဂရီဖာရင်ဟိုက် (၂၃၂
ဒီဂရီစင်တီဂရိတ်)၊ ဖွဲနုဆီ ၄၉၁ ဒီဂရီဖာရင်ဟိုက် (၂၅၅ ဒီဂရီစင်တီဂရိတ်) နှင့်
နှမ်းဆီ ၄၁၀ ဒီဂရီဖာရင်ဟိုက် (၂၃၂ ဒီဂရီစင်တီဂရိတ်) တို့ ဖြစ်ပါသည်။
မီးခိုးမှတ်မြင့်သော စားသုံးဆီ
မီးခိုးမှတ် စစ်ဆေးချက်များအရ မိမိတို့နိုင်ငံတွင် စားသုံးနေကြသော
စားသုံးဆီများသည် မီးခိုးမှတ်မြင့်သော စားသုံးဆီများဖြစ်ကြပါသည်။ ဓာတုဗေဒဆိုင်ရာ
ဖွဲ့စည်းပုံအရ မြေပဲဆီနှင့် ဖွဲနုဆီ သည် မိုနိုမပြည့်ဝဆီများဖြစ်ကာ နေကြာဆီ၊
ပဲပုပ်ဆီနှင့် နှမ်းဆီတို့သည် ပိုလီမပြည့်ဝဆီများ ဖြစ်ကြပါသည်။ ထူးခြားမှုအနေဖြင့်
စားအုန်းဆီသည် ၎င်း၏အဆီအက်စစ် ဖွဲ့စည်းပုံအရ ပြည့်ဝအဆီအက်စစ်နှင့် မပြည့်ဝအဆီအက်စစ်တို့
ဆတူနီးပါး ပါဝင်ပေါင်းစပ် ထားသောဆီဖြစ်ပါသည်။ ထို့ကြောင့်
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာ ပါဝင်နေသော နေကြာဆီနှင့် ပဲပုပ်ဆီတို့ကို
အပူချိန်နိမ့်နိမ့်တွင်သာ ချက်ပြုတ်ရန်၊ မပြည့်ဝအဆီ အက်စစ်အပိုင်းများစွာပါဝင်ပြီး
ပိုလီဖီနောလ်အုပ်စုဝင်ရနံ့ပေးပစ္စည်း ကြွယ်ဝစွာပါဝင်သော နှမ်းဆီသန့်ကိုမူ အပူပေးရန်မလိုအပ်သော
လက်သုတ်ဆီအဖြစ် အသုံးပြုရန်နှင့် မြေပဲဆီ၊ စားအုန်းဆီတို့အား အပူချိန် အမြင့်တွင် နှစ်ကြော်/
အိုးကပ်ကြော် ကြော်ရာ၌ အသုံးပြုရန်တို့ကို အကြံပြုအပ်ပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် မိမိတို့ အသုံးပြုနေသည့်
စားသုံးဆီအမျိုးအစားနှင့် သင့်လျော်မည့် ချက်ပြုတ်နည်းစနစ်များကို
သေချာစွာသိရှိခြင်းဖြင့် နေ့စဉ် ချက်ပြုတ်စားသောက်နေရသော လူနေမှုဘဝများအတွက်
ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများမှ ကင်းဝေးကြစေရန် ရည်သန်၍ ရေးသားတင်ပြလိုက်ရပါသည်။
။
No comments:
Post a Comment