Monday, November 13, 2023

တွံတေးမြို့နယ် မွေးမြူရေးအထူးဇုန်စီမံကိန်းလုပ်ငန်းများနှင့် လှိုင်သာယာမြို့နယ် မွေးမြူရေးခြံများ ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တွံတေးမြို့နယ် တလုတ္တော်ကျေးရွာအနီး မွေးမြူရေးအထူးဇုန်သို့ သွားရောက်၍ မွေးမြူရေးဇုန် (၁) အတွင်း ငါးကန်များတူးဖော်ထားရှိမှု၊ ဆိတ်မွေးမြူရေးခြံ၊ ကြက်မွေးမြူရေးခြံများ ဆောက်လုပ်ပြီးစီးနေမှု နေဗီယာ မြက်ခင်းစိုက်ပျိုးထားရှိမှု၊ Golden Gate Global Myanmar Pte. Co.,Ltd. မှ အသားစားကြက် (Hyline Brown) အမျိုးအစား မွေးမြူထားရှိမှု၊ ဦးဝင်းသီဟမောင်နှင့် ရွှေထူးမင်း ကုမ္ပဏီလီမိတက်တို့မှမွေးမြူထား ရှိသည့် ဆိတ်မွေးမြူရေးခြံများနှင့် မွေးမြူရေးဇုန် (၂) ရော်ဘာခြံအတွင်း မြန်မာကြက်မွေးမြူနိုင်ရန် မြေနေရာဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

အဆိုပါ မွေးမြူရေးအထူးဇုန် ဇုန်(၁) အတွင်းတွင် ဆိတ်အကောင်ရေ ၅၅၄ ကောင်၊ ကြက်အကောင်ရေ ၁၀၅၀၀၊ ဘဲအကောင်ရေ ၂၀၀၀ မွေးမြူထားရှိပြီး ကျန်ရှိသည့် မွေးမြူ‌ရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ရှိ ထိန်ပင်နောက်ဆုံး စွန့်ပစ်အမှိုက်ပုံ၌ (မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန) မှ ဆောင်ရွက်ထားရှိသည့် မွေးမြူရေးဘဲအကောင် ၁၀၀၀ နှင့် ဝက်ကောင်ရေ ၆၀ မွေးမြူထားရှိမှု၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ၈ ရပ်ကွက်၊ မကွေးလမ်းရှိ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ကွန်ကရစ်ဖျော်စက်ရုံသို့သွားရောက်၍ စက်ရုံဝင်းအတွင်း ဥစားကြက်အကောင်ရေ ၁၀၀၀ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

သတင်းစဉ်

No comments:

Post a Comment