Monday, November 13, 2023

ဂါဇာ ပဋိပက္ခနှင့်ဆက်စပ်၍ အကျပ်အတည်းနှင့် ရင်ဆိုင်လာရသည့်အီရတ်

 


နှင်းမိုးအိမ်

အစ္စရေး နှင့် ပါလက်စတိုင်း အစ္စလာမ္မစ်တော်လှန်ရေးလှုပ်ရှားမှု (ဟားမားစ်) တို့အကြား တိုက်ပွဲများကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် မတည်ငြိမ်မှုများနှင့် ကြုံတွေ့နေရပြီး  အီရတ်နိုင်ငံသည်ပင်လျှင် အမေရိကန်နှင့် ရှီးယိုက်လက်နက်ကိုင်အုပ်စုတို့အကြား ကြားမညှပ်ဘဲ ဟန်ချက်ညီအောင် ထိန်းသိမ်းနေရသည်။

အီရတ်လုံခြုံရေးတွင် ရိုက်ခတ်မှု

ရှိလာနိုင်

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမားစ်တို့၏ လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အီရတ်၏ လုံခြုံရေးအခြေအနေကိုလည်း ရိုက်ခတ်မှုများရှိလာမည်ဟု အီရတ်ကျွမ်းကျင်သူများက ယူဆကြသည်။ အကယ်၍ ရှီးယိုက်လက်နက်ကိုင်အဖွဲ့များသည် အမေရိကန်ကျောထောက်နောက်ခံပြုထားသောအစ္စရေးကို ဆန့်ကျင်၍ ပဋိပက္ခထဲ ပါဝင်လာပါက အီရတ်၏လုံခြုံရေးတွင်လည်း ရိုက်ခတ်မှုများရှိလာမည်ဟု ခန့်မှန်းထားကြသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်က ဟားမားစ်တို့သည် ဂါဇာကမ်းမြောင်ဒေသနှင့် နီးကပ်သည့် အစ္စရေးနိုင်ငံတောင်ပိုင်းသို့ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ အစ္စရေးတို့က ပြန်လည်လက်တုံ့ပြန်သည့်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမားစ်တို့ကို ဝေဟင်မှ တိုက်ခိုက်မှုအပါအဝင် မြေပြင်ထိုးစစ်ဆင်မှုများပါ ပြုလုပ်ခဲ့သည်။

လုံခြုံရေးပျက်သုဉ်းစေနိုင်

အီရတ်မြေပေါ်တွင် အမေရိကန်တပ်ဖွဲ့ဝင်များရှိနေခြင်း၊ အီရန်ဦးဆောင်သည့် ခုခံရေးဝင်ရိုးတန်းအစိတ်အပိုင်းများဖြစ်သည့် အစ္စရေးဆန့်ကျင်သည့် လက်နက်ကိုင်အဖွဲ့များကြောင့် အီရတ်နိုင်ငံ၏ လုံခြုံရေးနှင့် နိုင်ငံရေးအခြေအနေတို့တွင် သက်ရောက်မှုများ ဖြစ်လာနိုင်သည်ဟု အီရတ်နိုင်ငံရေးကျွမ်းကျင်သူ နက်ဒန်ဟင်အလီက ဆင်ဟွာသို့ ပြောသည်။ အဆိုပါ လက်နက်ကိုင်အုပ်စုများသည် အီရတ်ပါလီမန်နှင့် အစိုးရအဖွဲ့တွင်လည်း သိသာထင်ရှားသည့် သက်ရောက်မှုများရှိသည်ဟု ၎င်းကဆက်ပြောသည်။ အစ္စရေးနှင့် ဟားမားစ်တို့၏ ပဋိပက္ခအတွင်း အီရတ်လက်နက်ကိုင်အဖွဲ့များ ပါဝင်ပတ်သက်မှုသည် အီရတ်နိုင်ငံ၏ အကျိုးစီးပွားကိုဖြစ်ထွန်း စေမည်မဟုတ်ဘဲ အီရတ်နိုင်ငံ၏ လုံခြုံရေးအခြေအနေကို ပျက်သုဉ်းစေနိုင်မည်ဖြစ်သည်ဟု ၎င်းက  ဆက်ပြောသည်။

အမေရိကန် အခြေစိုက်စခန်းများ

တိုက်ခိုက်ခံရ

 အောက်တိုဘာ ၇ ရက် အစ္စရေးနှင့် ဟားမားစ်တို့၏ ပဋိပက္ခများ စတင်သည့်အချိန်မှ စတင်ကာ အီရတ်လက်နက်ကိုင်အုပ်စုများသည် ဆီးရီးယားနှင့် အီရတ်ရှိအမေရိကန်စစ်ခြေစိုက်စခန်းများကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများစွာကို ပြုလုပ်ခဲ့သည်။ ယင်းကဲ့သို့ အမေရိကန်အခြေစိုက်စခန်းများ တိုက်ခိုက်ခံရခြင်းကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် နိုဝင်ဘာ ၅ ရက်တွင် အီရတ်နိုင်ငံသို့ လာရောက်ခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ အရှေ့အလယ်ပိုင်းခရီးစဉ်တွင် အစ္စရေး၊ ဂျော်ဒန်နှင့် ပါလက်စတိုင်းတို့သို့ သွားရောက်ခဲ့သည်။ အီရတ်နိုင်ငံသို့ လာရောက်သည့်ခရီးစဉ်တွင် အီရတ်ဝန်ကြီးချုပ် မိုဟာမက် ရှီယာအယ်- ဆူဒါနီနှင့် တွေ့ဆုံကာ ဂါဇာအရေး ဆွေးနွေးရန် ရည်ရွယ်ခဲ့သည်။ 

ထိပ်တိုက်ရင်ဆိုင်မှုကိုမလိုလား

၎င်းတို့တွေ့ဆုံမှုအပြီးတွင် အီရန်နိုင်ငံနှင့် မည်သည့်ထိပ်တိုက်ရင်ဆိုင်မှုမျိုးကိုမဆို အမေရိကန်က မလိုလားကြောင်း ဘလင်ကန်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ထို့ပြင် ဂါဇာ ကမ်းမြောင်ဒေသသို့ ပဋိပက္ခများမပြန့ပွားစေရေး ကြိုးပမ်းသွားမည်ဟုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ အမေရိကန်တပ်ဖွဲ့ဝင်များ၏ လုံခြုံရေးကို ခြိမ်းခြောက်နေသူများထံလည်း ရှင်းရှင်းလင်းလင်း သတင်းစကားပေးပို့ထားကြောင်း ၎င်းက ဆက်ပြောသည်။

အကျဉ်းအကျပ်ထဲရောက်ရှိ

တစ်ဖက်တွင်လည်း အီရတ်ဝန်ကြီးချုပ် ဆူဒါနီသည် အီရတ်နိုင်ငံအတွင်း အမျိုးမျိုးသောအဖွဲ့အစည်းများ၏ တောင်းဆိုမှုအတိုင်း လုပ်ဆောင်ပေးရန် ကျဉ်းမြောင်းသည့် ရွေးချယ်မှုနှင့် ကြုံတွေ့နေရသည်။ လက်နက်ကိုင်အုပ်စုများမှာ အင်အားကောင်းပြီး နိုင်ငံအတွင်း လုံခြုံရေးနှင့်   နိုင်ငံရေးတည်ငြိမ်မှုများကို ခြိမ်းခြောက်နိုင်သည့်အတွက်လည်း ယင်းသို့အကျဉ်းအကျပ်ထဲ ရောက်ရှိနေခြင်းဖြစ်သည်။ အမေရိကန်နှင့် လက်နက်ကိုင်အုပ်စုများအကြား မည်သည့်ဘက်မှ မသာလွန်ဘဲ ဟန်ချက်ညီညီနေထိုင်နိုင်ရေး ထိန်းသိမ်းထားရမည်ကို အီရတ်ဝန်ကြီးချုပ် အယ်ဆူဒါနီက ကောင်းကောင်းသဘောပေါက်သည်ဟု အီရတ်နိုင်ငံရေးကျွမ်းကျင်သူ နက်ဒန် ဟင်အလီက ပြောသည်။

တရားဝင်ဖိတ်ခေါ်ထားသူများဖြစ်

အီရတ်နိုင်ငံတွင် အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့ဝင်များကို လက်နက်ကိုင်အုပ်စုများက ဆက်လက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် အဆိုပါတိုက်ခိုက်မှုများကို ပယ်ချကြောင်း အောက်တိုဘာ ၂၃ ရက်တွင် အယ်ဆူဒါနီက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ မဟာမိတ်တပ်ဖွဲ့ဝင်များသည် အီရတ်နိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးရန်နှင့် အကြံပေးမှုများ ပြုလုပ်ရန်အတွက် အီရတ်အစိုးရမှ တရားဝင်ဖိတ်ခေါ်ထားသူများဖြစ်သည်ဟု ပြောကြားခဲ့သည်။

စီးပွားရေးကိုခြိမ်းခြောက်လာနိုင်

ထို့ပြင် ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့်လက်နက်ကိုင်အုပ်စုများက အမေရိကန်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေမှုများကြောင့်  အီရတ်နိုင်ငံ၏ စီးပွားရေးကို ခြိမ်းခြောက်လာနိုင်သည်။ ၁၉၉၀ ပြည့်နှစ် အီရတ်နိုင်ငံက ကူဝိတ်နိုင်ငံကို ကျူးကျော်ခဲ့ပြီးနောက် ကုလသမဂ္ဂမှ ပိတ်ဆို့မှုများပြုလုပ်ခဲ့ပြီး ထိုအချိန်မှ စတင်ကာ နိုင်ငံ၏ရေနံမှရရှိသည့် အခွန်ငွေများကို အမေရိကန်ဗဟိုဘဏ်ရှိ အကောင့်သို့ ပေးသွင်းရသည်။ အမေရိကန်ဗဟိုဘဏ်မှ အီရတ်ရေနံအခွန်ငွေများကို ထိန်းချုပ်ထားပြီး အီရတ်ဗဟိုဘဏ်သို့ လွှဲပြောင်းပေးရသည်ဟု အလီက ပြောသည်။

ကသိကအောက်ဖြစ်နေရ

လက်နက်ကိုင်အုပ်စုများက အမေရိကန်အခြေစိုက်စခန်းများကို တိုက်ခိုက်နေခြင်းကြောင့် အီရတ်အနေအထားမှာ ကသိကအောက်ဖြစ်နေရသည်ဟု ဘဂ္ဂဒက်အခြေစိုက်တက္ကသိုလ်မှ ပါမောက္ခ မိုဟာမက်အယ်လ်ဂျူဘိုရီက ပြောသည်။ လက်နက်ကိုင်အုပ်စုများ၏ တိုက်ခိုက်မှုကြောင့် အီရတ်၏လုံခြုံရေးကို ထိခိုက်လာမည်ဟုလည်း ၎င်းက ဆက်ပြောသည်။ အထူးသဖြင့် အမေရိကန်အစိုးရက ၎င်းတို့လူများကို အကာအကွယ်ပေးရန် အီရတ်အစိုးရထံတောင်းဆိုထားပြီး နောက်ပိုင်းတွင် အမေရိကန်၏ တောင်းဆိုမှုအတိုင်း ပြုလုပ်မည်ဟု ကတိပြုထားသည့်အတွက်  ဖြစ်သည်။ လက်နက်ကိုင်အုပ်စုများ၏ တိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင်များ၏ လက်တုံ့ပြန်တိုက်ခိုက်မှုများနှင့် ကြုံတွေ့လာနိုင်သည့်အတွက် လုံခြုံရေးကို မတည် မငြိမ်ဖြစ်စေသည်ဟု ၎င်းက ဆက်ပြောသည်။

လတ်တလောတွင်မူ အီရတ်အစိုးရအဖွဲ့သည် ပဋိပက္ခများ အဆုံးသတ်စေရေး သံတမန်ရေးရာကြိုးပမ်းအားထုတ်မှုများတွင်သာ အာရုံစိုက်လျက်ရှိသည်။

ကိုးကား -ဆင်ဟွာ

No comments:

Post a Comment