Monday, November 13, 2023

ဆောင်းသီးနှံနှင့် နွေသီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှု အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် သဘာဝအခြေခံကောင်းများကို အသုံးပြု၍ ရေရရှိရေးနည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာအနီးရှိ ဆင်သေချောင်း ယာယီချောင်းပိတ်ဆည် တည်ဆောက်ရေးလုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ ယာယီချောင်းပိတ် ဆည်တည်ဆောက်ပြီးစီးပါက ကျောက်ချက်တံတားအောက်ရှိ ဆင်သေချောင်းတွင် ရေထိန်းထားနိုင်မည်ဖြစ်ပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသာယာလှပရေးအပြင် ယခုနှစ်အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် နွေကာလတွင် စိုက်ပျိုးရေ မလုံလောက်မှု မဖြစ်ပေါ်စေရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဆိုလာရေတင်စနစ်ဖြင့် လယ်မြေဧက ၁၀၀ ခန့်အား စိုက်ပျိုးရေ ပေးဝေနိုင်ရန် စီမံဆောင်ရွက်ထား ရှိကြောင်း သိရသည်။

ထို့ပြင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ် ဆင်သေကျေးရွာအနီး အကောင်အထည်ဖော်လျက်ရှိသည့် ငလိုက်ဆည်ရေသောက်စနစ်တွင် ယခင်က ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုနည်းပါးခဲ့ခြင်းကြောင့် ရေပေးဝေနိုင်မှုမရှိခဲ့သော မြောင်းအဖျားပိုင်း စိုက်ပျိုးမြေဧက ၇၀၀ အား ပေါင်းလောင်းမြစ်မှ ရေကူဖြည့်သွင်း၍ စိုက်ပျိုးရေပေးဝေနိုင်ရေး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းစားရေရိက္ခာ ဖူလုံစေရန်နှင့် ပို့ကုန်တိုးမြှင့်စေရန် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တစ်ဧကချင်း၏ ထုတ်လုပ်မှုတိုးတက်ရေး၊ သီးထပ်စွမ်းအား မြှင့်တင်နိုင်ရေးအတွက်ကိုလည်း စိုက်ပျိုးရေရရှိရေး လုပ်ငန်းများ အပါအဝင် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဆောင်းသီးနှံနှင့် နွေသီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက သဘာဝအခြေခံကောင်းများကိုအသုံးပြု၍ ရေရရှိရေး နည်းလမ်းမျိုးစုံဖြင့် ရှာဖွေဖော်ထုတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment