Saturday, November 11, 2023

မွန်ပြည်နယ် ဝန်ကြီးချုပ်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲနှင့် မဟော်သဓာဇာတ်တော်ကြီးပြိုင်ပွဲတွင် အောင်မြင်မှုများရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခြင်းအခမ်းအနား တက်ရောက်

 


မော်လမြိုင် နိုဝင်ဘာ ၁၁

၂၀၂၃ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲနှင့် မဟော်သဓာ ဇာတ်တော်ကြီးပြိုင်ပွဲတွင် အောင်မြင်မှုများရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွန်ပြည်နယ် ကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်ခဲ့ကြသည့် အနုပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။

 







အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ((၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် မွန်ပြည်နယ်မှ အနုပညာအရည်အချင်းများဖြင့် ကြိုးစားအားထုတ် ယှဉ်ပြိုင်ခဲ့ကြ၍ ယခုလို ရွှေတံဆိပ်၊ ​ငွေတံဆိပ်၊ ​ကြေးတံဆိပ်ဆုများကို ပြည်နယ်ဂုဏ်​ဆောင်စွာထိုက်ထိုက်တန်တန် ရရှိခဲ့​ခြင်းဖြစ်ကြောင်း၊ ပြည်နယ်အ​နေဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဘာသာရပ်များအလိုကရွှေတံဆိပ် ၈ ခု၊ ငွေတံဆိပ် ၁၁ခု၊ ကြေးတံဆိပ် ၇ ခု၊ နှစ်သိမ့်ဆု ၅ ခု၊ အထူးဆု ၁ ခု၊ စုစုပေါင်း ၃၂ ခု ရရှိခဲ့ပြီး မဟော်သဓာဇာတ်တော်ကြီးပြိုင်ပွဲတွင် ​ရွှေတံဆိပ်ဆုများနှင့် မွန်တိုင်းသားရင်းသားရိုးရာယိမ်း အဖွဲ့လိုက်၊ ရှမ်းရိုးရာအကပြိုင်ပွဲများတွင် ဆုများရှိသည့်အတွက် ပြည်နယ်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူပါ​ကြောင်းနှင့် အထူးပင်အသိအမှတ်ပြုပါ​ကြောင်း၊ မျိုးဆက်သစ်အနုပညာရှင် လူငယ်မောင်မယ်များအနေဖြင့် ရိုးရာယဉ်ကျေးမှုကို မြတ်နိုးလေးစား တန်ဖိုးထားပြီး အနုပညာစွမ်းပကားဖြင့် ​နောင်နှစ်ပြိုင်ပွဲများမှာလည်း မွန်ပြည်နယ်၏ဂုဏ်ကို ​ဒီထက်မက  စွမ်း​ဆောင််မြှင့်တင်ပေးကြပါရန်ဖြင့် ဂုဏ်ပြုအမှာစကား​ပြောကြားခဲ့သည်။

ထို့နောက် ဝါသနာရှင် ဒုတိယတန်း အမျိုးသမီးဆိုင်းအဖွဲ့လိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိသော မယွန်းဝတီအောင်နှင့် အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှု၊ အခြေခံပညာအဆင့် (၁၅-၂၀) အကပြိုင်ပွဲတွင် ဒုတိယဆု ငွေတံဆိပ်ဆွတ်ခူးရရှိသော စောသူထူးလှိုင်၏ ကပြဖျော်ဖြေနေမှုများ၊ အခြေခံပညာ (၁၅-၂၀) ဆိုင်းတစ်ဦးချင်း (အမျိုးသမီး) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသော မနွေးနွေးထက်မှ ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေခဲ့ကြသည်။

ယင်း​နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲနှင့် မဟော်သဓာဇာတ်တော်ကြီး ပြိုင်ပွဲတွင် ပြည်နယ်ဂုဏ်​ဆောင် ရွှေတံဆိပ်၊ ​ငွေတံဆိပ်၊ ​ကြေးတံဆိပ်ဆုများရရှိခဲ့သည့် ပြိုင်ပွဲဝင် အနုပညာရှင်များအား  ထပ်ဆင့်ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် သွားရောက်ဖျော်ဖြေခဲ့သော မွန်ယဉ်ကျေးမှုအဖွဲ့အား နိုင်ငံတော်မှချီးမြှင့်သော ဂုဏ်ပြုငွေကျပ်သိန်း(၁ဝဝ)အားလည်း​ကောင်း၊ မဟော်သဓာဇာတ်တော်ကြီးပြိုင်ပွဲတွင် ​အောင်မြင်မှုရရှိ​အောင်စွမ်း​ဆောင်​ပေးခဲ့သည့် မင်းသားကြီး ဦးနန်းဝင်းအား ပြည်နယ်မှ ထပ်ဆင့်ဂုဏ်ပြု ​ရွှေတံဆိပ်အား ​ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မင်းသားကြီးဦးနန်းဝင်းက မဟော်သဓာဇာတ်တော်ကြီးပြိုင်ပွဲတွင် အဖွဲ့လိုက် ပထမဆုရရှိသော ဆုတံဆိပ်အား ပြည်နယ်ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြိုင်ပွဲအတွေ့အကြုံများနှင့် ပက်သက်၍ ရှင်းလင်းတင်ပြခဲ့ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး  ရှမ်းရိုးရာအကဖြင့် ကပြဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုနေ့လယ်စာ ဖြင့်ဧည့်ခံကျွေးမွေးပြီး တက်ရောက်လာသော မွန်ပြည်နယ် ကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်ခဲ့ကြသည့် အနုပညာရှင်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)

No comments:

Post a Comment