ပဲခူး နိုဝင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်တွေ့ဆုံ၍ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဦးမျိုးဆွေဝင်းက ရာသီအလိုက်စိုက်ပျိုးသီးနှံများ စိုက်ဧက ပြည့်ဝစွာစိုက်ပျိုးနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် မိုးစပါးရိတ်သိမ်းသည့်ရာသီဖြစ်၍ ရိတ်သိမ်းပြီးမိုးစပါးများ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိစေရေး၊ ရိတ်သိမ်းချိန်တွင် အလေအလွင့်မရှိစရေး အသိပညာပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လယ်ယာမြေများအား ဝယ်ယူထားပြီး အမှန်တကယ်စိုက်ပျိုးမှုမရှိခြင်းနှင့် စနစ်တကျစိုက်ပျိုးမှုမရှိခြင်းများကို လယ်ယာမြေဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းအနေဖြင့် မိုးစပါးလျှင် တစ်ဧကတင်း (၁၀၀)၊ နွေစပါး တစ်ဧကတင်း (၁၁၀)ထွက်ရှိနိုင်ရေး အောင်မြင်အောင် မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ပြီး သတ်မှတ်သီးနှံများအားလုံး ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များအလိုက် တရားမဝင်ကုန်ပစ္စည်း၊ ကျွဲ/နွားသယ်ဆောင်မှုနှင့် သစ်ခိုးထုတ်မှုများ မရှိစေရေး ကြပ်မတ်စစ်ဆေးဆောင်ရွက်ရန်နှင့် ရုံးလုပ်ငန်းဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက မြို့နယ်အလိုက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်ရှင်းလင်းမှာကြားခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)
No comments:
Post a Comment