ဟင်္သာတသူ
ရန်ကုန်မှအထွက် ညောင်တုန်း၊ ဓနုဖြူ၊ ဇလွန်မြို့တို့ကို ဖြတ်၍ ဟင်္သာတမြို့သို့ ရောက်ချိန်တွင် “ဟင်္သာတမြို့က လှိုက်လှဲစွာကြိုဆိုပါ၏” ဟူသည့် ဆိုင်းဘုတ်ကြီးကလည်း ယခင်နှင့်မတူ။ ခံ့ညားလှပ စိမ်းလန်းစိုပြည်နေသည့် ဆေးရိုးပင်တန်းများဖြင့် ပုံဖော်ထားသည်မှာ မျက်စိပသာဒဖြစ်လှသည်။ မြို့ထဲသို့ ဆက်လက်ဝင်ရောက်လာချိန်တွင် သပ်ရပ်လှပနေသည့် အဆောက်အအုံများက အစီအရီပင်။ မြို့တွင်းဝဲဘက်သို့ ချိုးကွေ့လိုက်စဉ်တွင် ရွှေရောင်တပြောင် ပြောင်နှင့် ခံ့ညားလှပနေသည့် ဟင်္သာတမြို့ အထိမ်းအမှတ် ဟင်္သာရုပ်အဝိုင်းကြီးဘေးတွင် We Love Hinthada Light Board နှင့် အာဇာနည်ပန်းခြံကို တွေ့ရ သည်။ ကျွန်မတို့ငယ်စဉ်က ခြံစည်းရိုး များ ကာရံထားပြီး အပြင်မှသာ ငေးမောကြည့်ရှုရသည့် အာဇာနည်ပန်းခြံသည် ယခုအချိန်တွင် ခြံစည်းရိုးများမရှိတော့ဘဲ အများပြည်သူ လမ်းလျှောက်အပန်းဖြေရန် ရင်ပြင်ကျယ်နှင့် ကျန်းမာရေး အတွက် (Outdoor Fitness) အားကစားလှုပ်ရှားမှုကိရိယာများ၊ စိတ်ကြည်နူးစရာ မြက်ခင်းစိမ်းစိမ်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ် ဂူဗိမာန်ကြီးကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။ ထိုမှရှေ့ဆက်၍ ပြည်သူ့ကျန်းမာရှေ့တွင် Public Toilet (အဆင့်မြင့်သန့်စင်ခန်း) တည်ဆောက်ပေးထားရာ အဝေးပြေးကားဂိတ်အနီးတွင်ဖြစ်သဖြင့် ခရီးသွားပြည်သူများ အလွယ်တကူ ကျန်းမာရေးကိစ္စဆောင်ရွက်နိုင်ကြပြီဖြစ်သည်။
ရှေ့ဆက်လာလျှင်
ပဒေသာဈေးကြီး၊ အား/ကာတန်းနှင့် ဌာနဆိုင်ရာ ရုံးအဆောက်အအုံများ အလွန်တွင် ဘွားခနဲတွေ့လိုက်ရသည်က လွတ်လပ်ရေးပန်းခြံ။
ယခင်တုန်းက အာဇာနည် ပန်းခြံကဲ့သို့ အပြင်မှသာ ငေးမောကြည့်ရှုခဲ့ရသည့်ပန်းခြံ။ ယခုတော့
မြက်ခင်းစိမ်းစိမ်း၊ အနားယူအပန်းဖြေစရာ ထိုင်ခုံလေးများနှင့် စိမ်းလန်းနေသည့်
ပတ်ဝန်းကျင်ကို တွေ့မြင်ရသည်မှာ ရင်ထဲတွင် အေးချမ်းပြီး ကြည်နူးစွာ ခံစားရသည်။
အိမ်ရောက်၍ ညနေပိုင်းတွင် ဟင်္သာတမြို့၏ တန်ခိုးကြီးဘုရားဖြစ်သည့် ဦးပါရဲစေတီတော်ကြီးကို သွားရောက်ဖူးမြော်ရန် အိမ်မှထွက်ပြီး
မြစ်ကွေ့ကျောင်းလမ်းအတိုင်းလာခဲ့ရာ ရွှေရောင်တဝင်းဝင်း တောက်ပနေသည့် ဦးပါရဲစေတီတော်ကြီးကို
အဝေးမှဖူးမြော်ရသည်မှာ သဒ္ဓါပီတိတို့ဖြင့် ကြည်နူးပီတိဖြစ်ရသည်။ ယခင်ဆိုင်ခန်းစုစုများ၊
ဟောင်းနွမ်းနေသည့် အဆောက်အအုံများနေရာတွင် မြက်ခင်းစိမ်းစိမ်း၊ မီးရောင်တလက်လက် တောက်ပနေသည့်
ပန်းခြံတစ်ခုကို တွေ့လိုက်ရသည့် အတွက် မိမိဇာတိမြို့အပေါ် ဂုဏ်ယူသည့်စိတ်နှင့် ကြက်သီးဖြန်းဖြန်းထမိ
အောင် ကြည်နူးမိသည်။ ဟင်္သာရိပ်ပန်းခြံဆိုသည့် ဆိုင်းဘုတ်ကိုတွေ့ရပြီး
မြက်ခင်းစိမ်းစိမ်းလေးများ၊ အပန်းဖြေအနားယူစရာ ထိုင်ခုံလေးများနှင့် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်နိုင်သည့်
Outdoor
Fitness များ၊
လမ်းလျှောက်စရာနေရာများနှင့် အပန်းဖြေလာရောက်ကြသည့် မိသားစုများ၊ ဆော့ကစားပြေးလွှားနေသည့်
ကလေးများ၊ ဓာတ်ပုံရိုက်နေကြသည့် လူငယ်လူရွယ်လေးများဖြင့် စည်ကားလျက်ရှိနေသည်။
ပန်းခြံရှေ့မှ
ဆက်သွားခဲ့ရာ မီးရောင်တလက်လက်ဖြင့် စည်ကားလျက်ရှိသည့် အခွန်လွတ်ဈေးကြီးကို တွေ့မြင်ခဲ့ရသည်။
ထိုမှအလွန် ဦးပါရဲစေတီတော်ကြီးသို့ ရောက်ကာ ရွှေရောင်အတိပြီးသည့်
ဦးပါရဲစေတီတော်ကြီးအား အေးအေးဆေးဆေး ဖူးမြော်ခဲ့ရသည်။ ဘုရားဖူးပြီးအပြန်
ကျောင်းနေဖက်သူငယ်ချင်းများနှင့် ဆုံတွေ့ခဲ့ရာ ယခုနှစ်အတွင်း ဟင်္သာတမြို့နယ်စည်ပင်က
နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့်အညီ Clean
City ၊ Green
city ဖြစ်စေရေးအတွက် ဟင်္သာတမြို့ဝင်ဆိုင်းဘုတ်များ
သာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် လွတ်လပ်ရေးပန်းခြံ၊ အာဇာနည်ပန်းခြံတို့ကို အဆင့်မြှင့်တင်ပြုပြင်ဆောင်ရွက်ခဲ့ကြောင်း၊
ဟင်္သာရိပ်ပန်းခြံကို အသစ်တည်ဆောက်ခဲ့ကြောင်း၊ မြို့တွင်းလမ်းများအားလုံးနီးပါး
ကွန်ကရစ်လမ်းများ ဖြစ်နေကြပြီး မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကိုလည်း
အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရှိခဲ့ရသည်။
ကျွန်မအနေဖြင့်
မရောက်သည်မှာ ကြာပြီဖြစ်သည့် ဇာတိမြေ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ကို ပြီးခဲ့သည့်
သီတင်းကျွတ်ရုံးပိတ်ရက်က အလည်တစ်ခေါက်ရောက်ချိန်တွင် ယခင်နှင့်မတူ ထူးခြားပြီး ခေတ်မီတိုးတက်ပြောင်းလဲနေသည့်
မြင်ကွင်းများက ဝမ်းသာပီတိ၊ ဂုဏ်ယူမိသည်။ယခုကဲ့သို့ ခေတ်မီတိုးတက်ပြီး
စိမ်းလန်းစိုပြည်သာယာလှပသည့် မြို့ကြီးဖြစ်အောင် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ပေးနေသူများကိုလည်း
ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။
No comments:
Post a Comment