နေပြည်တော် အောက်တိုဘာ ၁၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ရောက်ရှိပြီး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍
ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် တာချီလိတ်မြို့နယ်တွင် ခေတ်မီစံပြကျေးရွာ (Smart
Village) အကောင်အထည်ဖော် ဆောင်ရွက်နေသော တာကြန့်ကျေးရွာသို့ ရောက်ရှိရာ ရှမ်းပြည်နယ်
(အရှေ့ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက
ခေတ်မီစံပြစီမံကိန်းကို ကဏ္ဍ (၆) ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက်
ဒုတိယဝန်ကြီးက စီမံကိန်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အချိန်မီပြီးစီးရေးနှင့် ကျေးရွာနေ
တောင်သူများ၏ လယ်ဧက ၁၂၀ တွင် အထွက်တိုး စပါးမျိုးများ စိုက်ပျိုးရေး၊ ဒေသနှင့် ကိုက်ညီသော
ဝါးလက်မှုလုပ်ငန်း နည်းပညာများကို ပိုမိုသင်ကြားပေးရေး မှာကြားသည်။
ယင်းနောက်
ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများက အသေးစားစက်မှုလက်မှုဦးစီးဌာန၏ အသေးစား ကုန်ထုတ်လုပ်လုပ်ငန်းများ
ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးပွားရေးစီမံကိန်းအရ တာချီလိတ်မြို့နယ် တာကြန့်ကျေးရွာ၌
ဖွင့်လှစ်သင်ကြားပေးခဲ့သော အခြေခံစက်ချုပ်သင်တန်းမှ ထူးချွန်သူ ငါးဦးအား အပ်ချုပ်စက်၊
ဓားစက်၊ ဘီတင်စက်၊ ကြယ်သီးထုတ်စက် အပါအဝင် ပစ္စည်း ခုနစ်မျိုးကို လည်းကောင်း၊ တောင်သုံးလုံးကျေးရွာ
ဆိုင်ကယ်ပြင်သင်တန်းမှ ထူးချွန်သူ ငါးဦးအား Air Compressor ၊ ဖိအားမြှင့် ရေဖျန်းစက်၊
ဘက်ထရီ အားသွင်းစက်၊ လက်ကိုင်ဖောက်စက် အပါအဝင် ပစ္စည်းခုနစ်မျိုးကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍
ဒုတိယဝန်ကြီး သည် ခေတ်မီစံပြကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း (၁/၀)မိုင် ဖောက်လုပ်နေမှု၊
ကျေးရွာစာကြည့်တိုက်တွင် လူထုအသိပညာပေး လုပ်ငန်းများအတွက် Wifi တပ်ဆင်နေမှုနှင့် အိမ်တိုင်ရာရောက်
ရေပေးဝေနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ်
ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးသည်။
ထို့နောက်
ဒုတိယဝန်ကြီး သည် မိုင်းဖြတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော
အိုက်လုံ-အိုက်မှု ကျေးရွာချင်းဆက် ကျောက်ချောလမ်း (၁/၀) မိုင် ဖောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး
လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment