နှင်းယု
မွန်လူမျိုးများ၏ အဖြူရောင်နှင့် အနီရောင် ရောစပ်ထားသော မွန်ရိုးရာ ဝတ်စုံသည် ထူးခြားဆန်းပြားသော အဆင်အပြင် မပါရှိသော်လည်း ရိုးရှင်းနေသည်၊ ပေါ်လွင်နေသည်။ ရိုးရိုး ရှင်းရှင်းဖြင့် ဝတ်ဆင်သူအပေါင်းကို ကျက်သရေအပေါင်းနှင့် ပြည့်စုံစေသည်။ မွန်အမျိုးသားပုဆိုး၏အဆင် အနီလေးထောင့်ကွက်သည် လယ်ယာလုပ်ငန်း၏ လယ်ကွက်အမှတ်အသားဖြစ်ပြီး အနီရောင်လေးထောင့်ကွက်ကို ကန့်ထားသော အဖြူစင်းများသည် စိတ်စေတနာဖြူစင်ခြင်းကို ရည်ရွယ်သည်။ ဇွဲ၊ လုံ့လ၊ ဝီရိယအားစိုက်ရသည့် လယ်ယာအလုပ်ကို ဖြူစင်သော စိတ်စေတနာနှင့် လုပ်ဆောင်တတ်ခြင်းကို ရည်ရွယ်သည်ဟု ဆိုကြသည်။
လူကြိုက်များသည့်
ရိုးရာအထည်များ
မွန်ပြည်နယ်သည်
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်သော ပြည်နယ်တစ်ခုဖြစ်ရာ
ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးခြင်းများ
ဖွံ့ဖြိုးလျက်ရှိပြီး မွန်လူမျိုးများသည်လည်း ဘာသာတရားကိုင်းရှိုင်းကာ အေးချမ်းစွာ
နေထိုင်ကြသည်။ ထို့ကြောင့် မွန်ရိုးရာဝတ်စုံသည် မွန်လူမျိုးတို့၏ စိတ်ရင်းစေတနာကို
ပေါ်လွင်စေသည့် အမှတ်သင်္ကေတတစ်ခု ဖြစ်သည်။
ထိုကဲ့သို့
မွန်လူမျိုးတို့ အထွတ်အမြတ်ထား ဝတ်ဆင်ကြသော ရိုးရာဝတ်စုံသည် ရာသီမရွေး၊ ဒေသမရွေး ဖက်ရှင်ကျကျ
ဝတ်ဆင်နိုင်သဖြင့် မွန်လူမျိုးတို့သာမက ယခုအခါ နိုင်ငံတွင်း ပြည်သူအများ ဝယ်ယူဝတ်ဆင်ကြသော
လူကြိုက်များသည့် ရိုးရာအထည်များ ဖြစ်လာသည်။
“ကျွန်တော်တို့ မွန်လူမျိုးတွေကတော့ ရိုးရာအခမ်းအနားတွေမှာ၊ အလှူအတန်းပြုရာမှာ၊
နေ့ထူးနေ့မြတ်တွေမှာ စသဖြင့် ရိုးရာဝတ်စုံကို အလေးထား ဝတ်ဆင်ကြပါတယ်။ ကျန်တဲ့ တိုင်းရင်း
သားညီအစ်ကို မောင်နှမတွေကတော့ ဝတ်စုံအပြည့်အစုံမဟုတ်ဘဲ မွန်ထဘီ၊ မွန်ပုဆိုးကို ဝယ်ယူဝတ်ဆင်ကြတာ
များပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ရိုးရာဝတ်စုံကို နှစ်နှစ် သက်သက် ဝတ်ဆင်ကြတာမြင်တိုင်း
ဝမ်းသာမိပါတယ်” ဟု မော်လမြိုင်မြို့မှ
“နိဓိမာန်” ရက်ကန်းလုပ်ငန်းရှင်
ဦးထွန်းမြင့်က ပြောသည်။
ဒေသတစ်ခု
ထုတ်ကုန်တစ်ခု
ပြည်တွင်းတွင်
မွန်ရိုးရာအထည်များ ဝတ်ဆင်မှု၊ ရက်လုပ်ရောင်းချမှုများရှိသည့်အတွက် ပြည်နယ်အတွင်း ရိုးရာအထည်
ရက်လုပ်ရောင်းချသူများ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရန်
ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) အစီအစဉ်တွင် ထည့်သွင်းကာ ဖွံ့ဖြိုးတိုးတက်ရေးကို
ပြည်နယ်အစိုးရအနေဖြင့် စီမံဆောင်ရွက်လျက်ရှိသည်။
ဒေသတစ်ခု
ထုတ်ကုန်တစ်ခုဟူသော အစီအစဉ်သည် စိုက်ပျိုးရေး၊ မွေးမြူရေး ထွက်ကုန်များအပါအဝင် ဒေသထွက်
ကုန်ကြမ်းများကို အခြေခံ၍ ကုန်ထုတ်လုပ်မှုတိုးတက်စေရန် ရည်ရွယ်ရင်း ဖြစ်သည်။
ထို့အတူ
ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက်ဒေသများဖွံ့ဖြိုးရေး၊ ဒေသအလိုက် အဓိကထုတ်ကုန်များကို
အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရေးနှင့် အသေးစား၊ အငယ်စားနှင့်
အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ရည်ရွယ်သည်။
မွန်ရိုးရာ
ထဘီ၊ ပုဆိုးတွေဟာ မွန်တိုင်းရင်းသားတွေသာမက တခြား တိုင်းရင်းသားပြည်သူတွေလည်း ဝတ်ဆင်ကြတဲ့
ရိုးရာအထည်တွေ ဖြစ်လာပါတယ်။ ဒီတော့ ပြည်နယ်က ဒေသခံ စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေစေဖို့အတွက်
ဈေးကွက်ပိုရရှိအောင် One Region One Product အစီအစဉ်တွေနဲ့ တိုးမြှင့်ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက
ပြောကြားသည်။
သင်တန်းများပို့ချနေ
မွန်ပြည်နယ်
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ရက်ကန်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်း(မုဒုံ)ကို ဖွင့်လှစ်ပြီး ဒေသခံများအား သင်တန်းဖွင့်လှစ်ကာ
ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်မှု တစ်နှစ်သင်တန်းနှင့် လက်ရက်ကန်း ခြောက်လ သင်တန်းတို့ကို
သင်ကြားပို့ချပေးလျက်ရှိသည်။
အသေးစားစက်မှုလက်မှုလုပ်ငန်း
ဦးစီးဌာနအနေဖြင့် ရက်ကန်းသင်တန်းများကို ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မတိမ်ကော မပပျောက်အောင်
ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန်၊ ရက်ကန်းလုပ်ငန်းဆိုင်ရာ နည်းပညာ အတတ်ပညာများ ဖြန့်ဖြူးပေးရန်၊
ခေတ်စနစ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာသော အထည်ထုတ်လုပ်ငန်းများကို တီထွင်နိုင်သည့် အတတ်ပညာများ
လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်သည်။
“ဒီသင်တန်းတွေရဲ့ ရည်ရွယ်ချက်က ပြည်နယ်ရဲ့ ရိုးရာအမွေအနှစ်
ရက်ကန်းလုပ်ငန်း မပျောက်ပျက်အောင် ဖြစ်ပါတယ်။ ခေတ်ကာလ ပြောင်းလဲလာတော့ အရင်လို ရက်ကန်းတစ်ခုတည်းပေါ်မှာ
မှီခိုလို့မရတော့ တခြားလုပ်ငန်းတွေ ပြောင်းလဲ လုပ်ကိုင်ကြတာမျိုးတွေတော့ ရှိပါတယ်။
အားသာချက်တစ်ခုက ဈေးကွက်မှာ နေရာတစ်ခုရှိတဲ့ ရိုးရာဝတ်စုံဖြစ်တဲ့အတွက် ဒီလုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေကို
ဖွံ့ဖြိုးမှုရရှိအောင် ဌာနအနေနဲ့ သင်တန်းတွေဖွင့်လှစ်ပြီး အသိပညာပေးသွားမယ်။ ပြီးတော့
နည်းပညာအကူအညီရရှိအောင်၊ အထောက်အပံ့တွေရရှိအောင် တတ်အားသမျှ ကူညီဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
ပိုကောင်းတဲ့
လုပ်ငန်းအခြေအနေ
ရိုးရာထည်ရက်လုပ်သည့်
လုပ်ငန်းများ၏ အခြေအနေသည် ဒေသတွင်း ထွက်ရှိသော ကုန်ကြမ်းများနှင့် ငွေကြေးအရင်းအနှီးတို့အပေါ်
မူတည်ပြီး မိသားစုတစ်နိုင်တစ်ပိုင် အိမ်တွင်းလက်မှုလုပ်ငန်းများက များပြားသည်။ အများအားဖြင့်
စက်ကိရိယာ အငယ်စားများ အသုံးပြုသည့် အသေးစား စက်မှုကုန်ထုတ်လုပ်ငန်းများဖြစ်သည်။
“ရိုးရာအထည်လုပ်ငန်းက ဒေသထွက်ကုန်တစ်ခုအနေနဲ့ ရပ်တည်မှုရှိတယ်။
ဒါပေမယ့် တစ်နိုင်တစ်ပိုင်လေးတွေမှာ အခက်အခဲရှိကြတယ်။ တစ်နိုင်တစ်ပိုင်ရက်လုပ်တဲ့သူ
အများစုက ရက်လုပ်ပြီးရင် ခိုင်မာတဲ့တံဆိပ်ရှိတဲ့ ရိုးရာအထည်လုပ်ငန်းကို ရောင်းချတာများတယ်။
သူတို့ကိုယ်တိုင်က စားဝတ်နေရေး အခက်အခဲအတွက် တစ်နေ့ရက်ထည်ကို ခိုင်မာတဲ့တံဆိပ်ရှိတဲ့
လုပ်ငန်းဆီအပ်ပြီး တစ်နေ့အပ်၊ ချက်ချင်းငွေပေါ်မယ့် အစီအစဉ်ကို
သွားကြတာများတယ်။ သူတို့အတွက် ပိုကောင်းတဲ့ လုပ်ငန်းအခြေအနေကို ရစေချင်ပါတယ်” ဟု “သုတ္ထထပ်” ရက်ကန်းလုပ်ငန်းရှင်
ဒေါ်အေးမူက ပြောသည်။
မွန်ပြည်နယ်အတွင်း
မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ် စသည့်မြို့နယ်များရှိ ကျေးရွာများမှ ဒေသခံများက မွန်ရိုးရာ
အဝတ်အထည်များကို ရက်လုပ်ရောင်းချကြပြီး ပြည်နယ်အတွင်း မွန်ရိုးရာ ထဘီ၊ ပုဆိုး အပါအဝင်
အထည်ရက်လုပ်သည့် လုပ်ငန်းရှင် ၄၀ ကျော်ရှိကြောင်း သိရသည်။
“ကျွန်မတို့က
ရက်ကန်းရုံကနေ ရိုးရာအထည်တွေ ရက်လုပ်တယ်။ ဒေသမှာလည်း ရက်လုပ်တယ်။ အခုက ပြည်တွင်းဈေးကွက်မှာ
နေရာတစ်ခုတော့ ရှိပါတယ်။ တစ်နိုင်ငံလုံး ဈေးကွက် ရရှိဖို့အတွက် အွန်လိုင်းကနေ ရောင်းချတာမျိုးလည်းရှိပါတယ်” ဟု ဒေါ်အေးမူ က ပြောသည်။
ပြည်နယ်အစိုးရ၏
ပံ့ပိုးမှုများ
ပြည်နယ်အစိုးရအနေဖြင့်
မွန်ရိုးရာ အဝတ်အထည်လုပ်ငန်း တိုးတက်ရေးအတွက် လုပ်ငန်းရှင်များအား ခေတ်မီဆန်းသစ်သော
ဒီဇိုင်းများ ထုတ်လုပ်လာစေရန် မွန်ရိုးရာ အဝတ်အထည် ဒီဇိုင်း ချုပ်လုပ်ခြင်းပြိုင်ပွဲများ
ပြုလုပ်ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ
မွန်ပြည်နယ် ဝန်ကြီးချုပ်၏ ပံ့ပိုးကူညီပေးမှုဖြင့် နိုင်ငံတော်အဆင့် အထိမ်းအမှတ်ပြပွဲများ၊
ဈေးရောင်းပွဲတော်များအပါအဝင် နေ့ထူးနေ့မြတ်ကျင်းပပြုလုပ်သည့် ပွဲတော်များတွင် မွန်ရိုးရာ
အဝတ်အထည်များ ဝင်ရောက်ပြသရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အပြင် မွန်ရိုးရာ
အဝတ်အထည်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ၏ ထုတ်ကုန်များကို ဒေသတွင်း Supermarket များတွင်
ရောင်းချနိုင်ရေး၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၊ ဟိုတယ်လုပ်ငန်းရှင်များ အသင်းများနှင့်
ချိတ်ဆက်ခြင်း၊ Hand Made များကို နိုင်ငံခြားသားများ ကြိုက်နှစ်သက်သည့်အတွက် ဈေးကွက်ရရှိရေး
ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံ့စီးပွား
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်တွင်းစီးပွားရေးကို အားပေး
ဆောင်ရွက်ခြင်းသည် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့်
ကုန်ထုတ်လုပ်မှု လုပ်ငန်းများဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး
(MSME) လုပ်ငန်းများကို အားပေးကူညီ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များ ဘက်မှလည်း
ဒေသတစ်ခု ထုတ်ကုန်တစ်ခုမှသည် ပိုမိုတိုးတက်မှုရှိသည့် ဒေသစီးပွား၊ နိုင်ငံ့စီးပွားရေး
ဖြစ်လာစေရန် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။

No comments:
Post a Comment