နေပြည်တော် စက်တင်ဘာ ၈
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျင်းပသည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊
ကျောင်းအုပ်ဆရာမကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်
တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ
အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့်
အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ထို့နောက်
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် လူငယ်များသည်
နိုင်ငံ၏အနာဂတ်ဖြစ်ကြောင်း၊ နိုင်ငံတော် အေးချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အတတ်ပညာ၊ အသိပညာပြည့်ဝသည့် လူငယ်များလိုအပ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏
လူမှုရေးဦးတည်ချက်တွင် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု
အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို
အကောင်အထည်ဖော်ဆောင်ရေး” နှင့်“နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌
လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန်
လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် ဦးတည်ချက်နှစ်ရပ်ပါဝင်ကြောင်း၊
ပညာပြည့်စုံပြီး စိတ်ဓာတ်စည်းကမ်းကောင်းမွန်သည့် လူငယ်များဖြစ်အောင် မိဘ၊ ဆရာ၊ ဆရာမများက
ဝိုင်းဝန်းပြုစု ပျိုးထောင်ပေးကြစေလိုကြောင်း။
ထို့ကြောင့်
လူငယ်များသည် ငယ်စဉ်အခါ ပညာရှာရာတွင် အတန်းအောင်စာတတ်ရုံသာမက တစ်ဦးချင်းစီ၏ ပင်ကိုအရည်အသွေးများ၊
ကိုယ်ရည်ကိုယ်သွေးများ ပြည့်ဝအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပညာပြည့်ဝရုံသာမက ကျန်းမာသန်စွမ်းကြရန်၊
အကျင့်စာရိတ္တ ကောင်းမွန်ကြရန်၊ မိတ်ကောင်းဆွေကောင်းနှင့် ပေါင်းသင်းဆက်ဆံတတ်ရန်စသည့်
အရည်အချင်းများလည်း ပြည့်ဝရန်လိုကြောင်း၊ အနာဂတ်နိုင်ငံတော်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားရမည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်အောင်
ကြိုးစားသင်ယူလေ့လာ ကျင့်ကြံသွား ကြစေလိုကြောင်း
ပြောကြားသည်။
ယင်းနောက်
ဒုတိယဝန်ကြီးက ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး
ဒေါ်ကြူကြူမြင့်က လက်ခံရယူသည်။ ဆက်လက်၍ စာရေး ဆရာမသက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) က
ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရေး လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်
လူငယ်အသိပညာပေး ဟောပြောသည်။
ထို့နောက်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးချုပ်မှ ဖျော်ဖြေရေးတီးဝိုင်းအဖွဲ့က ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်ကြသည်။
ယနေ့အခမ်းအနားတွင်
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် အထင်ကရနေရာများကို ကျောင်းသား ကျောင်းသူလူငယ်များ
ဗဟုသုတရရှိစေရန် “လှပသာယာ ပြည်မြန်မာ” ရောင်စုံဓာတ်ပုံ ပြဘုတ်များ
ခင်းကျင်းပြသခြင်း၊ ကျောင်းသား ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့်
အသိပညာပေးစာအုပ်စာစောင်များ ဖတ်ရှုနိုင်ရန် လူထုအခြေပြု ဗဟိုဌာန (ပျဉ်းမနား) က ရွေ့လျားစာကြည့်
တိုက်မော်တော်ယာဉ်ဖြင့် စာအုပ် စာစောင်များ ငှားရမ်းပေးခြင်း၊ စာအုပ်စာစောင်များ ခင်းကျင်း
ပြသခြင်းနှင့် မြားပစ်ပြိုင်ပွဲ၊ စက်ပန်းလှည့်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ခွက်နင်းလမ်းလျှောက်
ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းစသည့် ပျော်ရွှင်ဖွယ် Game များ ကစား၍ အနိုင်ရရှိသူအား
အမျိုးသားစာပေဆုရှင် ဆရာစိုးတင့် (ဧရာဝတီ) မိသားစုက လှူဒါန်းသော ဘောလ်ပင်နှင့် စာအုပ်များ
ချီးမြှင့်ပေးအပ်ရာ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာပါဝင် ဆင်နွှဲခဲ့ကြောင်း
သိရသည်။
ရွှေပင်လယ်
(ပြန်/ဆက်)

No comments:
Post a Comment