နေပြည်တော် စက်တင်ဘာ ၇
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာနစုဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ကြီးရုံး၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့မှ ဝန်ထမ်းများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အရာထမ်း၊ အမှုထမ်းများကအွန်လိုင်းမှ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်တည်ဆောက်ရေးနှင့် နိုင်ငံတော်မီဒီယာ၏အခန်းကဏ္ဍ မှတ်တမ်းဗီဒီယိုကို ပြသသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ယနေ့တွင် ဝန်ကြီးဌာနအောက်ရှိဝန်ထမ်းများအား မိသားစုပုံစံဖြင့် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ယခုပြသခဲ့သည့် ဗီဒီယိုကလစ်တွင် နိုင်ငံတော်အစိုးရ၏ နှစ်နှစ်ခွဲကာလနိုင်ငံ့အတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့မှုပုံရိပ်များကို အတိုချုံး၍ပြသခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုအထဲတွင် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ဆောင်ရွက်ချက်များလည်း တစ်စိတ်တစ်ပိုင်းပါဝင်ပြီးထို့ အတွက်လည်း ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်အသိ အမှတ်ပြုပါကြောင်း၊ စုပေါင်းစွမ်းအားဖြင့် အားလုံးပူးပေါင်းပြီးနှစ်နှစ်ခွဲကာလ ဆောင်ရွက်ခဲ့မှုများဖြစ်ပါကြောင်း။
မကြာမီကတိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်အပါအဝင် ကဏ္ဍအားလုံးတွင် နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပုဂ္ဂလိကအဖွဲ့အစည်းများစသည်ဖြင့် အားလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ရင်ဆိုင်ကျော်လွှားနိုင်မှုကို မီဒီယာပေါင်းစုံမှတစ်ဆင့် ပြည်သူများထံ အသိပေးခြင်းဖြင့် ပြည်သူများအတွက် စိတ်ခွန်အားအသစ်များရရှိစေမည် ဖြစ်ပါကြောင်း၊ မိမိတို့အားလုံး၏ စေတနာ၊မေတ္တာနှင့်ရိုးသားမှုတို့ဖြင့် အခက်အခဲမှန်သမျှကိုရင်ဆိုင် ကျော်လွှားနိုင်ကြမည် ဖြစ်ပါကြောင်း။
ကြိုးစားဆောင်ရွက်
ယနေ့ခေတ်သည် မီဒီယာခေတ်ဖြစ်သည့်အတွက် ကမ္ဘာတစ်လွှား ဘယ်နေရာတွင် ဘာဖြစ်နေသည်ကို ချက်ချင်းသိနိုင်ကြပါကြောင်း၊ နိုင်ငံတော်တွင် လတ်တလောဖြစ်ပွားနေမှုများမှာ အားလုံးအသိပင် ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအားလုံးသည် မိမိတို့၏ အမျိုးသားအကျိုးစီးပွားကိုသာ ဦးစားပေးဆောင်ရွက်ကြကြောင်း၊ မိမိတို့၏ အကျိုးစီးပွားနှင့်ယှဉ်၍ နိုင်ငံအချို့ကို လိုတစ်မျိုးမလိုတစ်မျိုး ဆက်ဆံကြကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းအောင်၊ စီးပွားရေးတိုးတက်အောင်၊ ကုန်ဈေးနှုန်းကျဆင်းအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့မိသားစု၊ မိမိဒေသ၊ မိမိတိုင်းဒေသကြီးပြည်နယ်၊ မိမိနိုင်ငံပိုမိုကောင်းမွန် အောင်အဆင့်ဆင့် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာနသတင်းများ မသက်ဆိုင်သူများထံ ပေါက်ကြားမှုမရှိအောင် ထိန်းသိမ်းကြရန် မှာကြားလိုကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ်က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSME) ဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန်တို့ အပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နေ့မအားညမနား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများ၏ တက်ကြွရွှင်လန်းစွာ လုပ်ကိုင်ဆောင်ရွက်မှုများအပေါ် အားရကျေနပ်ပြီး လွန်စွာအလေးထားပါကြောင်း။
ဖေ့စ်ဘွတ်နှင့်ပတ်သက်၍ တစ်ဖက်သတ် ဘက်လိုက်ဆောင်ရွက်မှုများကိုသိရှိပြီး သတိပြုသုံးစွဲကြရန် လိုအပ်ပါကြောင်း၊ အများစုသောသတင်းများမှာ အဆိပ်အတောက်ဖြစ်စေသည့် မမှန်မကန် အကျိုးမရှိသည့်သတင်းများ၊ သတင်းတု၊ သတင်းမှားများ၊ လုပ်ကြံဖန်တီးထားသည့် သတင်းများဖြစ်နေသည်ကို သိရှိထားရန်လိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးဦးရဲတင့်က ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်၊ မိမိကိုယ်ရည်ကိုယ်သွေး၊ ဌာန၏အရည်အသွေး တိုးတက်အောင် လေ့လာမှတ်သားသင်ယူကြရန်နှင့် စဉ်ဆက်မပြတ် လေ့လာသင်ယူကြရန်မှာကြားသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်၊ ဦးတည်ချက်၊ လုပ်ငန်းတာဝန်၊ မူဝါဒများနှင့်လုပ်ငန်းများ အချိန်မီပြီးမြောက် အောင်မြင်အောင် စွမ်းဆောင်ရမည့်အချက်များကို အကြံပြုတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာသော ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
သတင်းစဉ်
No comments:
Post a Comment