Monday, September 4, 2023

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ငလိုက်ရာဘာ ရေလွှဲဆည်နှင့် ရေပေးဝေရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


 နေပြည်တော် စက်တင်ဘာ ၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ်ရှိ ငလိုက်ရာဘာရေလွှဲဆည်နှင့် ရေပေးဝေရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

စစ်ဆေးစဉ် ဒုတိယဝန်ကြီးက ငလိုက်ရေလှောင်တမံ ရေသောက်စနစ်အတွင်းရှိ သီးနှံစိုက်ဧရိယာများ စိုက်ပျိုးရေဖူလုံစွာပေးဝေနိုင်ရန် ရေကူပေးပို့ရေးအတွက် တံခွန်တိုင်ချောင်းပေါ်တွင် ရေကူတမံတည်ဆောက်နိုင်ရေး စူးစမ်းလေ့လာခြင်း လုပ်ငန်းများအား သတ်မှတ်ကာလအတွင်းပြီးစီးရေးနှင့် ဒီဇိုင်းပုံစံများ မြန်မြန်ဆန်ဆန်ရရှိစေရေး ဆောင်ရွက်ကြရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် ဆည်စုကျေးရွာအနီးရှိ ငလိုက်ဆည်ရေသောက်စနစ်ကို ရေကူပေးလျက်ရှိသော ရေကိုပြန်လည်အသုံးချသည့် နည်းစနစ်ဖြင့် ဆောင်ရွက်ထားသော ဆည်စုရေလွှဲဆည်မှ မိုးစပါးရေ‌ပေးဝေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ငလိုက်ဆည်ရေသောက်စနစ် လက်ယာ လက်တံ (၂) ရေသောက် မျိုးစေ့ထုတ်မျိုးစပါး စိုက်ခင်း ကို ကြည့်ရှုပြီး ရေအသုံးချသူများအဖွဲ့ (WUG) နှင့်တွေ့ဆုံ၍ စိုက်ပျိုးမြေဧရိယာအားလုံး စိုက်ပျိုးရေအညီအမျှ ရရှိသုံးစွဲနိုင်ရေးနှင့် သီးနှံများအထွက် တိုးရေးအတွက် သက်ဆိုင်ရာဌာနများနှင့် တောင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

မိုးရွာသွန်းချိန်တွင် တောင်ညိုချောင်းနှင့် တံခွန်တိုင်ချောင်းမှ ကျရောက်လာသောရေများကို အလေအလွင့်မဖြစ်စေဘဲ ငလိုက်ရေလွှဲဆည်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်စေပြီး ရေလွှဲဆည်မှတစ်ဆင့် ဆည်ရေ‌သောက်ဧရိယာများသို့ ပို့လွှတ်ပေးလျက် ရှိရာ လက်ရှိအချိန်တွင် ငလိုက်ရေလှောင်တမံမှ ရေကို သီးထပ်စိုက်ပျိုးနိုင်ရေးအတွက် ချွေတာသုံးစွဲ လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment