ပညာသည် လူ၏တန်ဖိုးဖြစ်သည်။ ပညာသည် ဆီမီးတိုင်ပမာဝန်းကျင်တစ်ခုလုံးကို အလင်းရောင်ပေးနိုင်သည်။ “ပညာရွှေအိုး လူမခိုး”ဆိုသကဲ့သို့ ပညာသည် ရွှေအိုးပမာ မပျောက်မပျက် အကျိုးရှိအောင်အသုံးပြုနိုင်သည်။ ပညာ၏တန်ဖိုးမှာ များပြားသည်။ ပညာဖြင့် အရာရာကို ပိုင်းခြားဆင်ခြင် အလင်းဆောင်နိုင်သည်။ “ပညာမတတ်လျှင် အကန်း”၊ “စာတတ်ပြီး စာမဖတ်လျှင် ပြတင်းပေါက်ရှိလျက် မဖွင့်သောအိမ်” နှင့်တူသည်ဟု သတင်းစာဆရာကြီးတစ်ဦးဆိုသကဲ့သို့ အရာအားလုံးသည် အမှောင်အတိ ဖုံးနေမည်ဖြစ်သည်။
ပညာကို
ငယ်စဉ်ကတည်းက ကြိုးစားသင်ကြားရသည်။ ပညာတတ်ပြီးလျှင်လည်း စာဖတ်ခြင်းဖြင့် အသိဉာဏ်ပညာ
ဗဟုသုတများတိုးပွားအောင် ကြိုးစားအားထုတ်သင့်သည်။ ထို့ကြောင့် နိုင်ငံတိုင်းနိုင်ငံတိုင်းသည်
နိုင်ငံသားများ စာတတ်အောင်၊ ပညာတတ်အောင် ကြိုးစားအားထုတ်နေကြသည်။ ပညာရေးတွင် ရင်းနှီးမြှုပ်နှံပြီး
နိုင်ငံကိုမြှင့်တင်နေကြသည်။ ပညာရည်မြင့်မားသောနိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်လာကြပြီး
ပညာရည်နိမ့်ကျသော နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေသည်ကို တွေ့ရမည်ဖြစ်သည်။
လူတိုင်းလူတိုင်း ပညာတတ်မြောက်ပြီး ပညာဖြင့် ထိုလူတို့၏ဘဝပတ်ဝန်းကျင်ကို တိုးတက်တောက်ပြောင်လာအောင်
ဖန်တီးနေကြသည်။
ပညာတတ်လိုစိတ်များ
ယနေ့ခေတ်သည်
ပညာခေတ်ဖြစ်သည်နှင့်အညီ ပညာတတ်မြောက်ထားမှသာ ဘဝရပ်တည်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုနိမ့်ကျနေသေးသည်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
စာတတ်မှု၊ ပညာတတ်မှု၊ စာဖတ်မှုနည်းပါးနေသေးသောကြောင့်ဟုဆိုနိုင်သည်။ ပညာရေးနှင့်ပတ်သက်၍
မြို့ပေါ်နေပြည်သူများအပြင် ကျေးလက်ပြည်သူများ၊ တိုင်းရင်းသားပြည်သူအားလုံး စာတတ် မြောက်ရန်နှင့်
အတန်းပညာတတ် မြောက်ရန်လိုအပ်သည်။ ရှေးယခင်က မြန်မာနိုင်ငံတွင် အရေး၊ အဖတ်၊ အတွက် “အ” သုံးလုံးသင်တန်းများ
ပေးခဲ့ဖူးသည်။ အောင်မြင်မှုများရရှိပြီး ကမ္ဘာတွင် စံပြ ပုံစံဖြင့် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။
“အ”သုံးလုံး
သင်တန်းများမှတစ်ဆင့် စာပေကို စိတ်ဝင်စားကာ ပညာတတ်လို စိတ်များ ဖြစ်ပေါ်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးလက်ဒေသတွင် အလယ်တန်းကျောင်း ၁၃၈၇၉ ကျောင်း၊ မူလတန်းကျောင်း
၂၁၅၅၀ ရှိသည်။ မြို့ပေါ်တွင် အလယ်တန်းကျောင်း ၁၆၂၆ ကျောင်း၊ မူလတန်းကျောင်း ၃၃၁၈ ကျောင်းရှိသည်။
အဆိုပါကိန်းဂဏန်း များအရ အလယ်တန်းကျောင်းများ၏ ကျေးလက်မြို့ပြအချိုးမှာ ၈ အချိုး ၁
ရှိပြီး မူလတန်းကျောင်းအချိုးမှာ ၆ ဒသမ ၅ အချိုး ၁ ရှိသည်။ မြန်မာနိုင်ငံ၏ ပျမ်းမျှမြို့ပေါ်နေလူဦးရေမှာ
၂၈ ရာခိုင်နှုန်းခန့်ရှိပြီး ကျေးလက်နေလူဦး ရေမှာ ၇၂ ရာခိုင်နှုန်းခန့်ရှိသည်။ ကျေးလက်လူဦးရေ
များပြားသဖြင့် ပညာရေးကဏ္ဍကို ကျေးလက်တွင် ပိုမို မြှင့်တင်ပေးထားသည်။ သို့သော် ကျေးလက်နေပြည်သူများ၏
စာတတ် မြောက်မှုမှာ နည်းပါးပြီး မြို့ပေါ်နေ ပြည်သူများ၏ စာတတ်မြောက်မှုမှာ ပိုမို
များပြားသည်ကို တွေ့ရမည်ဖြစ်သည်။ အကြောင်းရင်းမှာ ကျေးလက်ဒေသတွင် ကျောင်းရှိသော်လည်း
ကျောင်းနေ ရာခိုင် နှုန်း နည်းပါးခြင်းနှင့် ပညာကို ဆုံးခန်း တိုင်အောင်သင်ကြားမှု
နည်းပါးနေသော ကြောင့်ဖြစ်သည်။
အားပေးဆောင်ရွက်မည်
အထူးသဖြင့်
တိုင်းရင်းသားဒေသများတွင် ဘာသာစကားအခက်အခဲ၊ ပညာရေးအားပေးမှု အားနည်းချက်နှင့် အခြားလူမှုစီးပွားဘဝ
အခက်အခဲအမျိုးမျိုးတို့ကြောင့် ပြည်နယ်များရှိ ကျေးလက်ဒေသများတွင် ပညာရေးအားနည်းနေသည်ကို
တွေ့ရသည်။ “ဒီမို ကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင်
အဆိုပါစနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်သူ၊ လိုက်နာကျင့်သုံးသူ များအားလုံး အသိပညာ၊
အတတ်ပညာများရှိရန်လိုကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ အားပေးဆောင်ရွက်ရန်
အမြဲမပြတ် တိုက်တွန်းအားပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ တိုင်းရင်းသားပြည်သူအားလုံး
စာတတ်မြောက်ရန်နှင့် အတန်းပညာများ တတ်မြောက်ရန်လိုကြောင်း၊ ကျေးလက် နေပြည်သူများ၊ တိုင်းရင်းသားပြည်သူ
များ၏ ပညာရည်မြင့်မားရေးကို ဦးစားပေး အားပေးဆောင်ရွက်သွားရမည် ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ၁-၉-၂၀၂၃ ရက်နေ့တွင် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အစည်းအဝေး (၃/၂၀၂၃) တွင် ပြောကြား ခဲ့သည်။
ယနေ့ခေတ်သည်
ပညာခေတ်ဖြစ်သည်နှင့်အညီ ပညာတတ်မြောက်ထားမှသာ ဘဝရပ်တည်ရေးကို ဆောင်ရွက် နိုင်မည်ဖြစ်သည်။
ထို့ကြောင့် ပညာရေး တွင် အားနည်းနေသည့် ကျေးလက်နေ ပြည်သူများ၊ တိုင်းရင်းသားပြည်သူများ
ပညာရည်မြင့်မားရေးကို နိုင်ငံတော် အစိုးရက ဦးစားပေးအားပေးဆောင်ရွက် လျက်ရှိသည်။ မြန်မာနိုင်ငံသည်
ဒီမို ကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက် လျက်ရှိသည်။ အဆိုပါစနစ်ကို
အကောင်အထည်ဖော်ရာတွင် ဦးဆောင်သူ၊ လိုက်နာကျင့်သုံးသူအားလုံး အသိပညာ၊ အတတ်ပညာများ ရှိရန်လိုအပ်သည်။
တိုင်းရင်းသားပြည်သူအားလုံး စာတတ်မြောက်ရန်နှင့် အတန်းပညာများ ပြီးမြောက်ရန်လိုအပ်သည်။
ထို့ကြောင့် နိုင်ငံတော်အကြီးအကဲက ပညာရေးနှင့်ပတ်သက်၍ အားပေးဆောင်ရွက်ရန် အမြဲမပြတ်
တွန်းအားပေးတိုက်တွန်း နေသည်။
လက်တွေ့အကောင်အထည်ဖော်
မြန်မာနိုင်ငံတွင်
စာတတ်မြောက်ရေးကို အောင်မြင်စွာအကောင်အထည် ဖော်နိုင်ခဲ့သော်လည်း ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းနေရေး၊
အတန်းပညာကို ပြီးဆုံးအောင်သင်ကြားရေးတွင် အားနည်းချက်များရှိနေဆဲ ဖြစ်သည်။ လူမှုစီးပွားဘဝ
အခက် အခဲအမျိုးမျိုးကြောင့် ပညာကို ပြီးဆုံးအောင် မသင်ကြားနိုင်ဘဲ အချိန်မတိုင်ခင်
ကျောင်းထွက်လိုက်ရသည့် ရာခိုင်နှုန်းများနေသည်။ ထို့ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်
ပညာတတ်များ နည်းပါးနေသည်။ ယင်းကို ခေတ်အဆက်ဆက် အစိုးရများက ကုစားနိုင်အောင် ကြိုးပမ်း
ဆောင်ရွက်ခဲ့သည်။ ကျောင်းပြင်ပ ပညာရေးဖြင့် မူလတန်းပညာ KG+5 အထိ သင်ကြားပေးနိုင်အောင်
တပ်မတော်အနေဖြင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် သာဓကများရှိသည်။
ကျောင်းပြင်ပ
မူလတန်းပညာရေးကို ၂၀၀၈-၂၀၀၉ ပညာသင်နှစ်တွင် ငါးမြို့နယ်ဖြင့် စတင်ခဲ့သည်။ ၂၀၀၉-၂၀၁၀
ခုနှစ်တွင် ၁၂ မြို့နယ်၊ ၂၀၁၀-၂၀၁၁ ခုနှစ်တွင် မြို့နယ် ၂၀၊ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ၄၈
မြို့နယ်၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ၇၃ မြို့နယ်၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် မြို့နယ် ၈၀၊ ၂၀၁၄-၂၀၁၅
ခုနှစ်တွင် ၈၉ မြို့နယ်၊ ၂၀၁၅-၂၀၁၆ ခုနှစ် တွင် ၉၄ မြို့နယ်၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင်
၁၀၄ မြို့နယ်အထိ တိုးတက်အောင် ဆောင်ရွက်ခဲ့သည်။
၂၀၁၇-၂၀၁၈
ခုနှစ်မှစတင်၍ တိုးတက်မှု ပြန်လည်ကျဆင်းသွားသည်။ ၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ
အသက် ၅ နှစ်မှ ၁၆ နှစ်အတွင်း ပညာသင်ခွင့် မရသူ ၂ ဒသမ ၇ သန်းရှိသည်ဟုသိရသည်။ ပညာရေးနှင့်ဝေးပြီး
မူလတန်းပင်မပြီး ဆုံးသော ကလေးငယ်များ၊ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းပညာသင်ခွင့်
မရသူ ကလေးများကို မြန်မာနိုင်ငံ
စာတတ်မြောက်ရေး
အထောက်အကူ ပြုပင်မဌာနက ကျောင်းပြင်ပ မူလတန်းပညာရေး၊ ကျောင်းပြင်ပအလယ်တန်းပညာရေးတို့ဖြင့်
ပညာသင်ယူမှုအခွင့်အလမ်းများ ဆက်လက်ပေးလျက်ရှိ သည်။
ပညာရေးနိမ့်ကျမှု
အကြောင်းအမျိုးမျိုးကြောင့်
အခြေခံပညာ အလယ်တန်းအဆင့်သို့ တက်ရောက်ရန် အခက်အခဲရှိသူကလေးများနှင့် ပုံမှန်ကျောင်းများမှ
အလယ်တန်းအဆင့် မပြီးမြောက်မီ ကျောင်းထွက် ခဲ့ရသောကလေးများဘဝကို ပညာသင်ယူမှုအခွင့်အလမ်းများ
စဉ်ဆက်မပြတ် ပေးရန်လိုအပ်သည်။ ဤအစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်ခြင်းအားဖြင့် အခြေခံပညာအလယ်တန်း
အဆင့်ပြီးမြောက်မည်။ အခြေခံပညာ အထက်တန်းအဆင့်သို့ တက်ရောက်နိုင် မည်။ အသက်မွေးဝမ်းကျောင်းသင်တန်းများသို့
တက်ရောက်နိုင်မည်။ လူငယ် များ၏ ဘဝရှေ့ရေးအတွက် လက်တွေ့ကျကျ အထောက်အကူပြုမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက
အသစ်ချမှတ်ထားသည့် ဦးတည်ချက် ၉ ရပ်၏ ပထမအချက်တွင် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ
မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာရေးအတွက်
လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် ကို အကောင်အထည်ဖော်ဆောင်ရွက် ရေး”ဟူသည့်အချက်ကို
ချမှတ်ထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ နိုင်ငံတော်တာဝန်များကို စတင်ထမ်းဆောင်ချိန်၌
မြန်မာနိုင်ငံ ပညာရေးကဏ္ဍ နိမ့်ကျလျက်ရှိသည့် အခြေအနေကို ပြုပြင်ပြောင်းလဲ၍ အားပေးမြှင့်တင်
ဆောင်ရွက်လျက်ရှိ သည်။ ပညာရေးနိမ့်ကျမှုသည် ပြည်သူ များ၏ လူမှုစီးပွားဘဝ နိမ့်ကျမှုကို
ဖြစ်ပေါ်စေသည်။
စိုက်ပျိုးမွေးမြူရေးနှင့်
စက်မှုလုပ်ငန်းများတွင် ကျွမ်းကျင်သည့် လူသားအရင်း အမြစ် နည်းပါးနေခြင်းသည်လည်း ပညာရေးနိမ့်ကျမှုကြောင့်
ဖြစ်သည်။
အဆင့်ဆင့်ဖော်ဆောင်
ထို့ကြောင့်
KG+9 ပညာရေးစနစ်ကို အကောင်အထည်ဖော်ပေးခဲ့သည်။ အလယ်တန်းပညာ ပြီးဆုံးပြီးနောက် စိုက်ပျိုးရေး၊
မွေးမြူရေးနှင့်စက်မှု နည်းပညာများကို ခရိုင် ၅၀ ရှိ အခြေခံ ပညာအထက်ကျောင်း ၅၁ ကျောင်းတွင်
ဆက်လက်သင်ကြားနိုင်အောင် ဖန်တီးပေးခဲ့သည်။ မူလတန်းပညာ၊ အလယ်တန်းပညာ ပြီးမြောက်သူများကို
အထက်တန်းပညာသင်ယူချိန်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့်ပတ်သက်သည့် ကျွမ်းကျင်သူများဖြစ်အောင်
သင်ကြားပေးလျက်ရှိသည်။ ထိုမှ တစ်ဆင့် ဘာသာရပ်အလိုက် ထူးချွန်သူများအနေဖြင့် သက်ဆိုင်ရာသိပ္ပံများ၊
ကောလိပ်များနှင့် တက္ကသိုလ်များတွင် ဆက်လက် ပညာဆည်းပူးနိုင်မည်ဖြစ်သည်။ နိုင်ငံတစ်ဝန်းရှိ
တိုင်းရင်းသားပြည်သူလူငယ်များ ကျွမ်းကျင်သူများ၊ ပညာတတ်များ၊ ပညာရှင်များဖြစ်အောင်
ပညာရေးကဏ္ဍတွင် အဆင့်ဆင့် အကောင်အထည်ဖော်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံသည်
မြေပေါ်မြေအောက် သယံဇာတပစ္စည်းများနှင့် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းထွက်ကုန်ပစ္စည်းပေါများသော
နိုင်ငံဖြစ်သည်။ နိုင်ငံရှိအရင်း အမြစ်များကို ထိရောက်စွာအသုံးချ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ
မြင့်မားတိုးတက်လာအောင် ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာပညာရပ်အလိုက် ကျွမ်းကျင်သူများ၊
ပညာရှင်များ မွေးထုတ် ပေးနိုင်အောင် အဆင့်ဆင့်ဆောင်ရွက် ပေးနေသည့် ပညာရေးကဏ္ဍမြှင့်တင်
ပေးရခြင်း ရည်ရွယ်ချက်ကို ထင်ရှားစွာတွေ့မြင်နေရပြီဖြစ်သည်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့်
လူမှုစီးပွားဘဝမြှင့်တင်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့် ပညာရေးမြင့်မားလာအောင်
ကြိုးပမ်းဆောင်ရွက်မှုများတွင် အားလုံးပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
ကောင်းမြတ်သောစေတနာ
မြန်မာနိုင်ငံတွင်
အခြေအနေအကြောင်း အမျိုးမျိုးကြောင့် စာတတ်မြောက်မှု၊ ပညာတတ်မြောက်မှုမှာ ကျေးလက်ဒေသများ၊
ဝေးလံသော တိုင်းရင်းသားဒေသများတွင် ပိုမိုနိမ့်ပါးနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့်
ကျေးလက်ဒေသများ၏ လူမှုစီးပွားဘဝများ နိမ့်ကျနေလျက်ရှိပြီး အထူးသဖြင့် တိုင်းရင်းသားဒေသအချို့တွင်
လက်နက် ကိုင်ပဋိပက္ခများကြောင့် ဒေသခံတိုင်းရင်း သားပြည်သူများ ပညာရေးနှင့် ပိုမိုအလှမ်း
ဝေးရသည့် အခက်အခဲများရှိနေသည်။ နိုင်ငံဖွံ့ဖြိုးရေးအတွက် တစ်နိုင်ငံလုံး စာတတ်မြောက်ရေး၊
ပညာတတ်ရေးသည် အရေးပါသောအချက်ဖြစ်သဖြင့်
တိုင်းရင်းသားပြည်သူတစ်ရပ်လုံး စာတတ်မြောက်ရေး၊ ပညာတတ်မြောက်ရေးအတွက် ကောင်းမြတ်သော
စေတနာများဖြင့် ဝိုင်းဝန်းဖြည့်ဆည်းပေးကြရမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင်
နိုင်ငံတော်အစိုးရက နိုင်ငံအတွက်ကောင်းမြတ်သည့် ရည်ရွယ်ချက်၊ ခံယူချက်၊ စေတနာများဖြင့်
ဆောင်ရွက်နေသည့် ပညာရေးမြှင့်တင်မှုလုပ်ငန်းတွင် အားလုံးတက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြပါက
အနာဂတ်ကာလတွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ပြီး တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝမြင့်မား
တိုးတက်လာကာ ပေါ်ထွန်းလာသည့် ပညာတတ်များ၊ ကျွမ်းကျင်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ
စွမ်းပကားဖြင့် ရည်မှန်းချက်ပန်းတိုင် ဖြစ်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့်
ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါသည်။ ။
မောင်ငြိမ်းအေး

No comments:
Post a Comment