မိုးကေနိုင်
၁-၉-၂၀၂၃ ရက်နေ့က ကျင်းပခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး ( ၃/၂၀၂၃) သည် အခြေအနေအချိန်အခါအရ များစွာလေးနက်မှုရှိခဲ့သည်ဟု ယူဆပါသည်။ ယင်းအစည်းအဝေးတွင် တက်ရောက်အမှာစကားပြောကြားခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ အမှာစကားကို လေ့လာဆန်းစစ်ကြည့်ခြင်းဖြင့် နိုင်ငံတော်၏ လက်ရှိအခြေအနေအရပ်ရပ်နှင့်တကွ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဦးဆောင်ပြီး သွားနေသည့်လမ်းကြောင်း၊ သွားလိုသည့်ပန်းတိုင်ကို ထင်သာမြင်သာစွာတွေ့ရမည်ဖြစ်သည်။
ထူးခြားသောလက္ခဏာများဖြင့်
အပြုသဘောဆောင်ခဲ့ခြင်း
အခြေအနေအချိန်အခါဆိုသည်က နိုင်ငံတော်
စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူနေသည့် လက်ရှိ အရေးပေါ်ကာလသည် နှစ်နှစ်ကျော်အတွင်း ချင်းနင်းခဲ့ပြီဖြစ်သလို
နိုင်ငံတော်ကို ပုံမှန်လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနိုင်အောင် ကြိုးစားတည်ဆောက်နေရသည့်
အခြေအနေအရပ်ရပ်အားလုံးကို ဆိုလိုသည်။ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပြုလုပ်ပေးရန် ကတိကဝတ်များ
ထားရှိပြီးဖြစ်သလို ရွေးကောက်ပွဲရလဒ်နှင့်အညီ တက်လာသည့်အစိုးရထံ နိုင်ငံတော်တာဝန်များကို
လွှဲပြောင်းပေးသွားမည့် တာဝန်ကြီးတစ်ရပ်ရှိနေသည့်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းဆောင်တာအားလုံး
ပုံမှန်ရောက်ရှိအောင်နှင့် ပို၍ပို၍တိုးတက်လာအောင် တာဝန်ယူဆောင်ရွက်နေကြသည်မှာ အားလုံး
တွေ့မြင်နေရသည့်အတိုင်း ဖြစ်သည်။ ပြည်သူများအတွက် ပြည်သူ့အရေးအရာအားလုံးသည် အရေးကြီးသည်ဖြစ်၍
နယ်ပယ်အလိုက်၊ ဒေသအလိုက် မည်သို့မျှရပ်တန့်ထား၍မရဟု ခံယူထားသည်။ နယ်ပယ်ဒေသအားလုံး ညီညွတ်မျှတစွာ
ဟန်ချက်ညီညီတိုးတက်လာစေရန် ရည်ရွယ်၍လည်း အားလုံးသည် ပုံမှန်လမ်းကြောင်းတွင် ရှိနေရမည်ဖြစ်သည်။
ကာလံဒေသံအရ နိုင်ငံနှင့် တစ်မျိုးသားလုံးအတွက် အရေးကြီး၊ အရေးပေါ်အခြေအနေများ ဖြစ်သည့်အားလျော်စွာ
ယခုကျင်းပခဲ့သော အစည်းအဝေးသည် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ခြောက်လသက်တမ်း
ထပ်မံတိုးပြီးမှ ပြုလုပ်ခဲ့သည့်အစည်းအဝေးဖြစ်ခြင်း၊ ကောင်စီဝင် အသစ်များဖြင့် ထပ်မံဖွဲ့စည်းပြီးပြီးချင်း
ပြုလုပ်သည့် အစည်းအဝေးဖြစ်ခြင်း စသည့်လက္ခဏာရပ်များ ကြောင့် နိုင်ငံနှင့်ပြည်သူအတွက်
များစွာ အပြုသဘောဆောင်ခဲ့သော အစည်းအဝေးတစ်ခု အဖြစ် မှတ်ချက်ပြုလိုပါသည်။
နိုင်ငံရေးရည်မှန်းချက်ကို
အခြေခံသည့် နိုင်ငံရေးရှေ့လုပ်ငန်းစဉ်
နိုင်ငံတစ်ခု၏
အသွင်ကူးပြောင်းရေးအစီအစဉ်များဟူသည် နယ်ပယ်အားလုံးတွင် စနစ်ကျနမှု ရှိနေရပါမည်။ နယ်ပယ်ကြီးသုံးရပ်ဖြစ်သည့်
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အားလုံးတွင် နိုင်ငံရေးအခြေအနေတည်ငြိမ်ရေးသည်
ပို၍အရေးကြီးလှပြီး နိုင်ငံရေးအနေအထား တည်ငြိမ်နေမှသာ ကျန်စီးပွားရေး၊ လူမှုရေးအခြေအနေများ
ကောင်းမွန်လာမည့်အခြေအနေ ဖြစ်သည်။ ထို့ကြောင့်လည်း ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် နိုင်ငံရေးလမ်းစဉ်များက
ရှေ့ဆုံးမှ နေရာယူထားခြင်းဖြစ်သည်။ အစဉ်တစိုက်ဖြစ်သည့် နိုင်ငံရေးရည်မှန်းချက်မှာ
“စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီဖက်ဒရယ်စနစ်ကို
အခြေခံ သည့် ပြည်ထောင်စုကြီးတည်ဆောက်ရေး”ပင်
ဖြစ်သည်။ ဤနိုင်ငံရေးရည်မှန်းချက်ကို အခြေခံ၍ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် ပထမဦးဆုံးလုပ်ငန်းစဉ်အဖြစ်
“လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး
ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင်
အလေးထား ဆောင်ရွက်သွားမည်” ဟူသော
နိုင်ငံရေးရှေ့လုပ်ငန်းစဉ် အသစ်တစ်ရပ်ကို ထပ်မံချမှတ်ထားပြီးဖြစ်သည်ကိုလည်း တွေ့ရသည်။
စကားလုံးများ၏လေးနက်မှုနှင့်
ဒီမိုကရေစီဖက်ဒရယ်၏အနှစ်သာရ
ဤတွင်လေ့လာမိသည်က
“ စစ်မှန်စည်းကမ်း ပြည့်ဝ”
“ပါတီစုံဒီမိုကရေစီ”
“ ဒီမိုကရေစီဖက်ဒရယ် အခြေခံပြည်ထောင်စု” “လွတ်လပ်ပြီးတရားမျှတသော” ဟူသည့် စကားလုံးများ၏ လေးနက်မှု၊ ထိုထိုသောလေးနက်မှုကို
ဖော်ဆောင်နိုင်မည့် အထွေထွေရွေးကောက်ပွဲ၊ ထိုရွေးကောက်ပွဲသည်လည်း ပြည်ထောင်စုတစ်ဝန်းလုံး
တည်ငြိမ်အေးချမ်းမှ၊ တရားဥပဒေ အပြည့်အဝစိုးမိုးမှုရှိမှဟူသော လိုအပ်ချက်များဖြစ်သည်။
ထိုလိုအပ်ချက်များ အားလုံးကို ဖြည့်ဆည်းပေးမည့် အထက်ပါ လုပ်ငန်းစဉ်နှင့်ရည်မှန်းချက်များကို
အပြည့်အဝ ဖော်ဆောင်ရမည့် တာဝန်ဝတ္တရားများကား ကြီးလေးလှသည်။ ရည်မှန်းချက်များ ပြည့်ဝရန်
တာဝန်ရှိသည့်အားလျော်စွာ တာဝန်ယူ၊ တာဝန်ခံမှုများတွင် နယ်ပယ်ဒေသစုံမှ သက်ဆိုင်ပါဝင်သူအားလုံး
အလေးအနက်ထား တက်တက်ကြွကြွ ပါဝင်ရန်လည်း အထူးအရေးကြီးပါသည်။ သွားမည့် အနာဂတ်ဒီမိုကရေစီလမ်းကြောင်းက
အစစ်အမှန်ဖြစ်ရန် လိုအပ်နေ၍ဖြစ်သည်။ ယနေ့ခေတ် နိုင်ငံတကာနှင့် အချို့ပြည်တွင်းဒီမိုကရေစီအတု
အယောင်များကြားတွင် မိမိတို့က ဒီမိုကရေစီ စစ်စစ်ကိုလိုချင်လျှင် မိမိနိုင်ငံ၊ မိမိလူမျိုးနှင့်
ကိုက်ညီသင့်တော်မည့် အစစ်အမှန်ဒီမိုကရေစီကိုသာ ရွေးချယ်နိုင်စွမ်းရှိရပါမည်။ စစ်မှန်မှုကို
လွတ်လပ်ပြီးတရားမျှတသော အထွေထွေရွေးကောက်ပွဲ၊ မဏ္ဍိုင်သုံးရပ်ကြား အပြန်အလှန် ထိန်းညှိစောင့်ကြည့်နိုင်မှု၊
အဆုံးအဖြတ်ပေးရာတွင် အများဆန္ဒကအရေးပါမှုနှင့်အတူ အနည်းစုဆန္ဒကို လည်းအလေးထားမှု၊ ပွင့်လင်းမြင်သာမှု
စသည့်ပေတံများဖြင့် တိုင်းတာပြီး တိုင်းတာနိုင်စွမ်းရှိမှုကို စည်းကမ်းပြည့်ဝသော နိုင်ငံသူနိုင်ငံသားများကသာ
ဆောင်ရွက်နိုင်စွမ်းရှိပါသည်။ စည်းကမ်းရှိသော ပြည်သူများဖြင့်သာ စည်းကမ်းရှိသောစနစ်တစ်ခုကို
ပိုင်ဆိုင်နိုင်ပါမည်။ စည်းမရှိကမ်းမရှိသူများဖြင့် မည်သို့မျှ ဒီမိုကရေစီစစ်စစ်ကို
တည်ဆောက်၍မရ၊ ထိုသူတို့အတွက်ကား အတုအယောင်ဒီမိုကရေစီနှင့်သာ ထိုက်တန်သည်ဆိုသည်ကို ယနေ့အချိန်
အခါမှာ အားလုံးက သတိချပ်သင့်ပါသည်။
ပြည်သူအားလုံး
လိုလားတောင့်တသည့် ပါတီစုံ ဒီမိုကရေစီအနှစ်သာရတစ်ခုကား ယခုကာလများ မှာပင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက
ပေးထားပြီးဖြစ်သော ပေးထားချက်တစ်ခုဖြစ်နေ သည်ကို သတိထားမိပါသည်။ ပါတီစုံစနစ်နှင့်အညီ
ပါတီအစုံအစုံက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်နေကြပြီဖြစ်သည်။ ပါတီစုံစနစ်နှင့်အတူ
ဒီမိုကရေစီနှင့် ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်များကိုလည်း ခွဲခြားမြင်၍မသင့်။ ထို့အတူ နိုင်ငံတော်သည်
ပြည်နယ်နှင့်တိုင်းဒေသကြီးများကိုသာအခြေခံသည့် ပြည်ထောင်စုကြီးဖြစ်သည့်အတွက် လူမျိုးကို
အခြေခံသည့် ဖက်ဒရယ်စနစ် မဟုတ်ဘဲ ဒေသကိုအခြေခံသည့်ဖက်ဒရယ်စနစ်ကိုသာ ဆောင်ရွက်သွားမည်ဖြစ်သည်ဆိုသောအချက်ကို
အလေးအနက်ထားရပါမည်။
အဓိကကျသည်က
အသိအတတ်ပညာရှင်များဖြစ်ရန်သာ
အထက်ပါလုပ်ငန်းလမ်းစဉ်များ၏
လေးနက်မှု အနေအထား၊ အနှစ်သာရများကို အပြည့်အဝ ဖော်ဆောင်နိုင်ရန်မှာ အဓိကကျသည်က တန်ဖိုးရှိသော
လူသားအရင်းအမြစ်များပင်ဖြစ်သည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကို တည်ဆောက်ရန်
လူသားအရင်းအမြစ်များသည် စည်းကမ်းရှိရမည့်အပြင် အသိအတတ်ပညာရှင်များစွာ ပေါ်ထွက်ရန်မှာလည်း
အထူးလိုအပ်ချက်ကြီး ဖြစ်နေသည်။ ထို့အတွက်လည်း နိုင်ငံတော်အကြီးအကဲက ရောက်သည့်နေရာ ရသည့်အချိန်တိုင်းမှာ
ပညာရေးနှင့်ပတ်သက်၍ အားပေးဆောင်ရွက်နေသည်မှာ အားတက်ဖွယ်ရာဖြစ်သည်။ ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရများကလည်း
ပညာရေးကို အားပေးခဲ့သည်၊ ဆောင်ရွက်ခဲ့သည်သာ ဖြစ်သည်။ သို့သော် နိုင်ငံ၌ ပျမ်းမျှလူဦးရေတွင်
မြို့ပေါ်နှင့် ကျေးလက်အရ ကျေးလက်ကပိုများနေသည်ကို တွေ့ရသည်၊၊ အချက်အလက်များအရ ကျေးလက်မှာ
၇၂ ရာခိုင်နှုန်းရှိပြီး မြို့ပြမှာက ၂၈ ရာခိုင်နှုန်းသာရှိနေသည့် လူဦးရေအခြေအနေ တစ်ရပ်တွင် ကျေးလက်နှင့်မြို့ပြအချိုးအရ
အလယ်တန်းကျောင်းအရေအတွက်မှာ ၈:၁၊ မူလတန်း ကျောင်းအရေအတွက်မှာ ၆ ဒသမ ၅:၁ ဖြစ်နေသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်
ကျေးလက်ဒေသများတွင် အခြေခံပညာအလယ်တန်းကျောင်းပေါင်း ၁၃၈၇၉ ကျောင်း၊ မူလတန်းကျောင်းပေါင်း
၂၁၅၅၀ ရှိသည်ကို တွေ့ရှိရပြီး မြို့ပြတွင် အခြေခံ ပညာအလယ်တန်းကျောင်းပေါင်း ၁၆၂၆ ကျောင်း၊
မူလတန်းကျောင်းပေါင်း ၃၃၁၈ ကျောင်းရှိသည်ကို တွေ့ရှိရသည်။
ဤသို့ကွာခြားသည့်အပြင်
ကျေးလက်နေပြည်သူက မြို့ပေါ်နေပြည်သူထက် စာတတ်မြောက်မှု အားနည်းခြင်း၊ ကျောင်းနေရာခိုင်နှုန်း
နည်းပါးခြင်း၊ ပညာရေးဆုံးခန်းတိုင်သင်ကြားမှု အားနည်း ခြင်းများက နိုင်ငံတည်ဆောက်ရေးမှာ
အဟန့်အတားတစ်ခုအဖြစ် ထင်ရှားလှသည်။ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင်ဖြစ်၍ ဘာသာစကား
အခက်အခဲ၊ နယ်မြေဒေသမတည်ငြိမ်မှု၊ အေးချမ်းမှုမရှိခြင်းနှင့်တကွ ပညာရေးကိုအားပေးနိုင်ခြင်းမရှိ
သည့်အခြေအနေများကား ကျေးလက်နှင့်တိုင်းရင်း သားဒေသများအတွက် စဉ်ဆက်မပြတ်ပညာရေးစိန်ခေါ်ချက်များအဖြစ်
ရှိနေဆဲပင်ဖြစ်သည်။
စာအတတ်သင်မှ
ပညာသင်၊ ပညာသင်မှပညာရှင်အဖြစ်သို့
အထက်ပါအခြေအနေများအရ
လက်ရှိကာလတွင် ပညာရေးကို ပို၍မြှင့်တင်ဆောင်ရွက်သွားရမည့် တာဝန်မှာ မလွဲမသွေထမ်းဆောင်ရမည့်
တာဝန်တစ်ခုဖြစ်လာသည်။ ပညာခေတ်ကြီးတွင် ပညာတတ်ထားမှသာ မိမိတို့ဘဝ အခြေခိုင်မည်ဖြစ်သည်
ဆိုသည်မှာလည်း အနိမ့်ဆုံးခံယူချက်ဖြစ်သင့်သည်။ တိုးတက်သည့်ဒေသများတွင် ပညာတတ်ရုံနှင့်မပြီး၊
ပညာရှင်ဖြစ်ရန်ပါ ကြိုးစားနေကြသည့်မြင်ကွင်းများအတွက် အားတက်မိသော်လည်း ကျေးလက်နှင့်
တိုင်းရင်းသားဒေသများမှာ ပညာဆုံးခန်းသင်ဖို့မပြောနှင့်၊ စာတတ်မြောက်ရန်ပင် အခြေအနေ
မပေးမှုများမှာ ဝမ်းနည်းဖွယ်ရာဖြစ်ပါသည်။ ထို့ကြောင့်လည်း ကျေးလက်နှင့် တိုင်းရင်းသား
ပြည်သူများတွင် လိုအပ်နေသော ပညာရည်မြင့်မားရေးကွက်လပ်ကို အထူးဦးစားပေးဖြည့်ဆည်းရန်
နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ခဲ့ခြင်းဖြစ်သည်။
တစ်နည်းအားဖြင့်
စာအတတ်သင်မှ ပညာသင်၊ ပညာသင်မှ ပညာရှင်ဖြစ်ကြရန် လိုအပ်ချက်ကို အထောက်အကူပြုနိုင်ရန်ဖြစ်ပါသည်။
စာသင်ခန်းပညာရေးဖြင့်မပြီးသေး၊ သုတများသော ပညာတတ်အဖြစ်မှသည် စဉ်းစားချင့်ချိန်တတ်သော
ပညာရှင်အဖြစ်သို့ပါ လှမ်းနိုင်ကြရန် ရည်ရွယ်ပါသည်၊၊ ကျေးလက်နေပြည်သူများ စာတတ်မြောက်ရန်
တစ်ချိန်တစ်ခါက မိမိတို့နိုင်ငံတွင် အတိုင်းအတာ တစ်ခုအထိ အောင်မြင်ခဲ့သည့် လုပ်အားပေး
“အ”သုံးလုံး စံပြသင်တန်းများကို ပြန်လည်အမှတ်ရမိသည်။ ထိုသင်တန်းများက
ကျေးလက်နေပြည်သူများတွင် စာပေကို ဖတ်ရှုသည့်အလေ့အထနှင့် စာပေကိုစိတ်ဝင်စားလာသည့် အခွင့်အလမ်းများကိုပေးစွမ်းနိုင်သည်ဟု
နိုင်ငံတော်အကြီးအကဲက မှတ်ချက်ပြုသည်ကို အလေးထားမိသည်။ ထို့ပြင် “ပညာရေးကဏ္ဍတွင် လက်ရှိအကောင်အထည်ဖော်နေသည့်
Kg+9 မှတစ်ဆင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာသိပ္ပံအဆင့်သို့ တက်လှမ်းပြီး
ထိုမှတစ်ဆင့် လက်တွေ့အသုံးချသိပ္ပံပညာရပ်များကို ဆက်လက်သင်ကြားနိုင်ရေးအတွက် Poly
technic institute ထူထောင်ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်လည်း ဆွေးနွေးလျက်ရှိပါသည်။
နိုင်ငံ၏
ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် လိုအပ်သည့်လူသားအရင်းအမြစ်များ၊ ပညာရှင်များ မွေးထုတ်နိုင်ရေး
စီမံဆောင်ရွက်ပေးသွားရမည်လည်းဖြစ်ကြောင်းနှင့် လူငယ်များ ပညာရေးကောင်းမှ နိုင်ငံ၏အနာဂတ်
ကောင်းမွန်မည် ဖြစ်ကြောင်း”ကို
နိုင်ငံတော်အကြီးအကဲက အလေးအနက် တိုက်တွန်းပြောကြားသွားသည်ကိုလည်း လေ့လာမှတ်သားမိသည်။
ပညာရှင်များဆိုရာတွင် ဥပဒေပညာရှင်အရင်းအမြစ်များ တိုးပွားလာရန်နှင့် ဥပဒေနှင့်ပတ်သက်သည့်
အသိပညာများ ပိုမိုသိမြင်နားလည်ကြရေး ရည်မှန်းချက်အတွက် တွန်းအားပေးမှုအခြေအနေ တစ်စွန်းတစ်စကိုလည်း
အကဲခတ်ခွင့်ရလိုက်ပါသည်။ အဓိကက နိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေးနှင့်ပတ်သက်၍ ပိုမိုအကျိုးပြုနိုင်ရန်ဖြစ်ပုံရသည်။
ထို့ကြောင့်လည်း အဆင့်မြင့်တက္ကသိုလ်များတွင် လက်တွေ့ဥပဒေ အခြေခံအတွက် BA (Law)၊ ဥပဒေအသက်မွေးဝမ်းကျောင်းပညာအတွက်
LLB ဘွဲ့များ ပေးအပ်၍ ဥပဒေပညာရှင်များကို မွေးထုတ်နေခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် သိရှိခဲ့ရသည့်သာဓကတစ်ခုကား
အောင်မြင်ခဲ့သည့် ကျောင်းပြင်ပပညာရေးဖြင့် မူလတန်းပညာ KG +5 နှင့် ဆက်လက်သင်ကြားပေးနိုင်မည့်
KG +9 ပညာရေးကို ထည့်သွင်းစဉ်းစားပြီး ကြိုးပမ်းဆောင်ရွက်သွားရန် လုပ်ငန်းလမ်းညွှန်ချက်ဖြင့်
ဆောင်ရွက်ခြင်းဖြစ်သည်။ ပညာရည်မြင့်မားပြီး နိုင်ငံသားအားလုံး ပညာတတ်ရန် အစိုးရ၊ ဆရာ၊
မိဘနှင့် ကျောင်းသား စသည့်ထောက်တိုင်လေးခု ပူးပေါင်းဆောင်ရွက်လျှင် မုချအောင်မြင်မည်ဟု
ယုံကြည်ပါသည်။ ထို့အပြင် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ခုကို စည်းကမ်း
ရှိသောနိုင်ငံသားများဖြင့် တည်ဆောက်မည်ဆိုလျှင် မှန်ကန်သောဒီမိုကရေစီကျင့်စဉ်များကို
အခြေခံ ပညာကျောင်းများမှ စတင်အခြေပြု လေ့ကျင့် သင်ကြားပေးသင့်သည်ဟုလည်း ထင်မြင်မိ ပါသည်။
အထက်ပါ
အကြောင်းအချက်များအရ ကျွန်တော်တို့သည် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီနှင့်
ဒီမိုကရေစီဖက်ဒရယ်စနစ်ကို မြို့ပြနှင့်ကျေးလက်မချန် ညီအစ်ကိုတိုင်းရင်းသား ဒေသမကျန်
တန်းတူညီမျှ ဟန်ချက်ညီညီ အပြည့်အဝ အကောင်အထည်ဖော်ရာမှာ တစ်နေရာ တစ်ဒေသ လူမျိုးတစ်မျိုးက
ကျန်နေခဲ့၍မဖြစ်ပါ၊ ချန်ထားမည်လည်းမဟုတ်ပါ။ အဓိကဖြည့်ဆည်း ရမည့်အချက်မှာ ပညာရေးတွင်
စာအတတ်သင်မှ ပညာသင်၊ ပညာသင်မှ ပညာရှင်ဖြစ်ကြရန်ဆိုသော အချက်ဖြစ်သည်၊၊ မမှိတ်မသုန်ခံယူဆောင်ရွက်ရမည့်
အချက်အဖြစ် နိုင်ငံတော်အကြီးအကဲက ထောက်ပြပြီး လုပ်ငန်းလမ်းညွှန်ချက်များပေးခဲ့သည်ကို
သက်ဆိုင်သူ အကျိုးလိုလားသူအားလုံးကလည်း အလေးအနက်ထား လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်ကြမည်ဟု
အပြုသဘောမျှော်လင့်ပြီးလည်းဖြစ်သည်။ ထို့ထက် အားလုံးမှာ အဓိကကျ သည့် အချက်တစ်ခုကား
တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးပင်ဖြစ်နေသည်။ ဤမျှအရေးကြီး သော အချက်တစ်ခုပြည့်စုံမှသာလျှင်
အားလုံးသော အနှစ်သာရများလည်း ပြည့်ဝလာမည်ဖြစ်၍ ထိုအချက်ကို လုံးဝမေ့လျော့မထားကြရန်နှင့်
ပြည်သူအားလုံးက ပူးပေါင်းပါဝင်ကြရန်ပင် ဖြစ်ပါသည်။ ။
No comments:
Post a Comment