ဉူးကေလာသ
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားသော ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစတင်၍ ရဟန်းရှင်လူ အများပြည်သူတို့ အခမဲ့လာရောက်ဖူးမြော်နိုင်ရန် ဖွင့်လှစ်ထားရှိခဲ့ပြီး ယနေ့စက်တင်ဘာ ၆ ရက်တွင် ဘုရားဖူးပြည်သူများ အခမဲ့ဖူးမြော်နိုင်ပြီး ကင်မရာပါရှိသည့် လက်ကိုင်ဖုန်းများကို ဘုရားကြီးဘက်စုံ ပြုပြင်မွမ်းမံရန်အတွက် အလှူတော်ငွေကျပ် ၁၀၀၀ ဖြင့် ဝင်ခွင့်ပြုခဲ့ရာ လာရောက်ဖူးမြော်ကြည်ညိုကြသူများ စည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။
အဖွဲ့အလိုက် ဘုရားဖူးများ၊ အနယ်နယ်အရပ်ရပ်မှ ဖူးမြော်သူများ၏ ကြည်ညိုသဒ္ဓါအား ကောင်းစွာ လှူဒါန်းပူဇော်နေမှုများနှင့် ပျော်ရွှင်စွာ လေ့လာဖူးမြော်နေမှုများကို မြင်တွေ့ရပြီး ဘုရားကြီးသို့ လာရောက်ဖူးမြော်သူများ၏ ပီတိစကားများ၊ အနုမောဒနာ သာဓုခေါ်သံများနှင့် သဘောထား အမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။
ဉူးကေလာသ (ရန်ကုန်မြို့)
ဦးပဉ္စင်းတို့က ရန်ကုန်မြို့ကနေ နတ်မောက်မြို့မှာရှိတဲ့ စာသင်တိုက်က သံဃာတော်တွေကို ဆွမ်းကပ်ဖို့ထွက်လာတာဖြစ်ပါတယ်။ ဦးပဉ္စင်းရဲ့မွေးနေ့လည်း ဖြစ်ပါတယ်။ မွေးနေ့လည်းဖြစ် တော့ နတ်မောက်မြို့မရောက်ခင် စကျင်ကျောက်နဲ့ထုဆစ်ထားတဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံးဖြစ်တဲ့ မာရဝိဇယ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်ကြီးကို ဝင်ရောက်ဖူးမြော်မယ်လို့ လမ်းခရီးစထွက်လာ ကတည်းက စီစဉ်ထားတာပါ။ အရင်ကတော့ ရုပ်မြင်သံကြားသတင်းတွေနဲ့ သတင်းစာတွေမှာ ဖူးမြော်ရတာပေါ့။ ကိုယ်တိုင်ဖူးမြော်ကြည်ညိုချင်တဲ့ စိတ်ဆန္ဒတွေက ဒီနေ့ဒီနေရာကို ရောက်လာအောင် တွန်းပို့နိုင်ခဲ့တာပါ။ ကိုယ်တိုင်ဖူးမြော်ခွင့်ရတဲ့အခါ မွေးနေ့မှာ စိတ်ချမ်းသာမှုတွေ ပြည့်ပြည့်ဝဝ ရရှိပါတယ်။ ဦးဆောင်ဘုရားဒါယကာကြီးအနေနဲ့ ဘယ်သူမှ မလုပ်နိုင်တဲ့အလုပ်တွေ၊ ခဲရာခဲဆစ်လုပ်ခဲ့ရတဲ့ အလုပ်တွေ၊ ကမ္ဘာပေါ်မှာ အကြီးဆုံး စကျင်ကျောက်ဘုရားကြီးဆိုတဲ့ ဂုဏ်သတင်းတွေ ကြီးမားလာအောင် ကြိုးစားအကောင်အထည် ဖော်တာတွေကို တွေ့မြင်နေရတာ ဘယ်လောက်ခက်ခဲမလဲဆိုတာ ဦးပဉ္စင်းတို့သိပါတယ်။ အဓိကကတော့ စွမ်းနိုင်တဲ့ပုဂ္ဂိုလ်အနေနဲ့ပဲ အခုလို မာရဝိဇယဘုရားကြီးကို အချိန်တိုအတွင်းမှာ တည်ထားနိုင်တာ ဖြစ်ပါတယ်။ ဒီလိုတည်ထားခြင်းကြောင့် သမိုင်းမှာ ပယ်ဖျောက်လို့ မရတာ တွေ ကျန်ခဲ့ပါတယ်။ ဦးပဉ္စင်းအနေနဲ့ မာရဝိဇယဘုရားကြီးကို အခမဲ့ဝင်ရောက်ဖူးမြော်ခွင့်ပြုပေး တဲ့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြည်သူတွေကိုယ်စား ကျေးဇူးတင်ပါတယ်။ ခုနစ်ရက် သားသမီးတွေ အန္တရာယ်ကင်းရှင်းကြပါစေ။ သွားလာအိပ်စက်တဲ့အခါ ကပ်ကြီးသုံးပါးမှ အမြဲထာဝရ ကျော်လွှားနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သ လိုက်ပါတယ်။
ဒေါ်ခင်စီလွင် (ရန်ကုန်မြို့)
ကျွန်မအနေနဲ့ လူဖြစ်ကျိုးနပ်ရအောင် ရန်ကုန်မြို့ကနေပြီး မာရဝိဇယဘုရားကြီးကို လာရောက် ဖူးမြော်ဖြစ်ခဲ့တာပါ။ ဦးဆောင်ဘုရားဒါယကာကြီးဖြစ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ တိုင်းပြည်အတွက် တည်ပေးထားတဲ့ ဘုရားကြီးကို ဘုရားဖူးရဟန်း ရှင်လူပြည်သူတွေ ဩဂုတ်လ ၈ ရက်နေ့ကနေ ယနေ့အထိ စည်စည်ကားကားနဲ့ လာရောက်ဖူးမြော်ကြည်ညို နေကြတာကိုလည်း ဝမ်းသာပီတိ ဖြစ်မိပါတယ်။ စိန်ရတုလွတ်လပ်ရေးနေ့ နေပြည်တော်မှာကျင်းပတဲ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်တဲ့အခမ်းအနားမှာ ကျွန်မရဲ့ဖခင်ဖြစ်တဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဗိုလ်ချုပ်မြင့်လွင်ကို နိုင်ငံတော်က သီရိပျံချီဘွဲ့အပ်နှင်းတဲ့အခါ ကျွန်မ တက်ရောက်လက်ခံခဲ့ပါတယ်။ အဲဒီတုန်းက မာရဝိဇယဘုရားကြီးကို တည်ထားနေဆဲ ဖြစ်တဲ့အတွက် မဖူးမြော်ဖြစ်ခဲ့ပါဘူး။ ဘုရားကြီးကို ဖူးမြော်တဲ့အခါ ဝှီးချဲကအစ၊ ဘက်ဂီကအစ၊ စက်လှေကားအဆုံး အစစအရာရာ အသေးစိတ်ဆောင်ရွက် ပေးထားတာတွေကို မြင်ရတော့ သာဓုအကြိမ်ကြိမ် ခေါ်ဆိုပါတယ်။ နိုင်ငံသူ နိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသား ကျန်းမာချမ်းသာကြ ပါစေလို့ ဘုရားကြီးဖူးမြော်ရင်း ဆုတောင်းမေတ္တာတွေ ပို့သပေးခဲ့ပါတယ်။
ဒေါ်အိဇင်ဝေမွန် ဆရာမ (နေပြည်တော် အ.ထ.က ၁၁)
ကမ္ဘာ့ဉာဏ်တော် အမြင့်ဆုံးထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို ကျောင်းသား ကျောင်းသူလေးတွေ ဖူးမြော်နိုင်အောင်ဆိုပြီး ကျောင်းအုပ်ဆရာမကြီးရဲ့စီစဉ်မှုနဲ့ လာရောက်ဖူးမြော်ဖြစ်ခဲ့ပါတယ်။ ဂန္ဓကုဋိတိုက် ၂၄ တိုက်အတွင်းက ၂၄ ပစ္စည်းတွေကို ကလေးတွေ မသိသေးတာတွေ အများကြီးသိလာရတယ်။ ကျွန်မအနေနဲ့လည်း ကျောင်းသား ကျောင်းသူလေးတွေ နားလည်လာအောင် ရှင်းပြခွင့်ရပါတယ်။ ကျောင်းသား ကျောင်းသူလေးတွေအနေနဲ့ စကျင်ကျောက်တွေနဲ့ ထွင်းထုထားတဲ့ အနုစိတ် လက်ရာတွေကိုလည်း သေသေချာချာ စိတ်ဝင်တစားလေ့လာနေကြတာကိုလည်း မြင်တွေ့ရတော့ ယဉ်ကျေးလိမ္မာတာတွေ၊ အသိပညာဗဟုသုတတွေ တိုးပွားလာမယ်လို့ ယုံကြည်မိပါတယ်။ ကျွန်မတို့ကျောင်းမှာ အတန်းတိုင်းက ကလေးတွေကို ဘုရားကြီးဖူးမြော် ဖို့အတွက် လိုက်လံပို့ဆောင်ပေးနေပါတယ်။ ကျွန်မတို့ကျောင်းက ကျောင်းသား ကျောင်းသူလေး တွေကို ပို့ဆောင်ပေးသလိုပဲ အခြားအခြားသော ကျောင်းတွေက ကလေးတွေကိုလည်း အသိပညာဗဟုသုတတွေ တိုးပွားလာအောင် လိုက်လံပို့ဆောင်ပေးစေချင်ပါတယ်။ ကျောင်းသား ကျောင်းသူလေးတွေက ဘုရားကြီးဖူးမြော်ဖို့ ဝင်ကြေးပေးရမှာလား ဆရာမဆိုပြီး ကျောင်းမှာ မေးလာတာရှိပါတယ်။ ဝင်ကြေးမပေးရပါဘူးလို့ရှင်းပြတော့ ဝမ်းသာနေကြတာလည်း မြင်ရပါတယ်။ ဘုရားကြီးဖူးမြော်ဖို့ ဝင်ကြေးအခမဲ့ဆိုတော့ ကျောင်းသား ကျောင်းသူလေးတွေ ပျော်ရွှင်နေတာ မြင်ရပါတယ်။ အခုလို အခမဲ့ဝင်ရောက်ဖူးမြော်နိုင်အောင် စီစဉ်ပေးတဲ့ ဦးဆောင် ဘုရားဒါယကာကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။ ကျန်းမာပါစေလို့ ဆုမွန်ကောင်းလည်း တောင်းပါတယ်။
ကိုသူရိန် (နေပြည်တော်၊ ပျဉ်းမနားမြို့နယ်)
အရင်နေ့တွေကလည်း ဘုရားကြီးကို လာရောက်ဖူးမြော်ဖို့ အစီအစဉ်တွေ ရှိပါတယ်။ ဒါပေမယ့် အလုပ်တွေနဲ့ မအားတဲ့အတွက် ဒီနေ့မှ လာရောက်ဖူးမြော်ဖြစ်ပါတယ်။ ဩဂုတ်လ ၈ နေ့ကစပြီး ဘုရားကြီးကို အခမဲ့ဖူးမြော်ခွင့်ပြုခဲ့တာလည်း သိရပါတယ်။ အဲ့ဒီနောက် ဘုရားဖူးလာ ရဟန်းရှင်လူ ပြည်သူတွေ ကြိတ်ကြိတ်တိုး စည်ကားစွာ လာရောက်ဖူးမြော်ခဲ့တဲ့အတွက် အခမဲ့ ဝင်ရောက်ဖူးမြော်နိုင်ဖို့ ရက်တိုးသတ်မှတ်ခဲ့ပါတယ်။ ယခုအခါမှာလည်း ဘုရားကြီးကို ဖူးမြော်တဲ့ ပြည်သူတွေအနေနဲ့ အခမဲ့ဖူးမြော်ခွင့်ပြုပေးထားတဲ့အတွက် ဦးဆောင်ဘုရား ဒါယကာကြီးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ရှိပါတယ်။ ဘုရားကြီးရဲ့ ပရိဝုဏ်ထဲ ရောက်ကတည်းက ကိုယ်စိတ်နှလုံးအလွန်ပဲ အေးချမ်းလှပါတယ်။ မာရဝိဇယဘုရားကြီးဟာ ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်တွေထဲမှာ ဉာဏ်တော်အမြင့်ဆုံးဘုရား ကြီးဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက်လည်း ဂုဏ်ယူစရာအဖြစ် ပေါ်ထွန်းလာခဲ့သလို ဘာသာရေးအတွက်လည်း အဖိုးမဖြတ်နိုင်တဲ့ ဘုရားကြီးတစ်ဆူ ဖြစ်ပါတယ်။ ဘုရားကြီးကို နေပြည်တော် ပတ်ဝန်းကျင်မြို့နယ်က ဒေသခံတွေအပြင် တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဘုရားဖူးပြည်သူတွေလည်း တစ်ခဲနက်လာ ရောက်ဖူးမြော်ကြတာကို ဝမ်းသာ ဖွယ်ရာ တွေ့မြင်ရပါတယ်။ အနယ်နယ်အရပ်ရပ်က ဘုရားဖူး ပြည်သူတွေအနေနဲ့ မာရဝိဇယ ဘုရားကြီးကိုဖူးမြော်ပြီး နေပြည်တော်က အထင်ကရနေရာတွေကိုလည်း လာရောက်လည်ပတ် ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။
ဟိန်းထက်ဇော်(မြန်မာ့အလင်း)
ဓာတ်ပုံ - အိမ့်ဘီလီယံမောင်
No comments:
Post a Comment