ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ပြီးမြောက်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော်မဟာမင်္ဂလာအခမ်းအနားများကို ဩဂုတ်လ ၁ ရက်နေ့၊ ဒုတိယဝါဆိုလပြည့်နေ့တွင် အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ရာ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုအပ်ပါသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း
ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များကို မြင့်မြတ်သည့်ဘုရားပရိဝုဏ်
အင်္ဂါရပ်များနှင့်လျော်ညီအောင် ပြည့်စုံစွာထည့်သွင်းတည်ဆောက်ထားသည်မှာ
စိတ်နှလုံးချမ်းမြေ့ဖွယ်ဖြစ်သည်။ ဘုရားဖူးလာပြည်သူများ အနားယူနိုင်ရန်နှင့်
ရုပ်ပွားတော်မြတ်ကြီးအား စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုနိုင်ရန်
ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊
အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးနှင့် ဘုရားဖူးလာ မိဘပြည်သူများအနေဖြင့်
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ပိဋကသုံးပုံတော်လာ
အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါတည်း လေ့လာကြည်ညိုနိုင်ရေး စကျင်
ကျောက်ချပ်များပေါ်၌ ပါဠိအက္ခရာ၊ ရိုမန်ဘာသာတို့ဖြင့် ထွင်းထုထားသည့်
ကျောက်စာရုံစေတီ ၇၂၀ ကို လေ့လာကြည်ညိုသဒ္ဓါပွားနိုင်ကြပြီဖြစ်သည်။
ဗုဒ္ဓမြတ်စွာသာသနာတော်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင်
ရှေးအစဉ်အဆက်မှ မျက်မှောက်ခေတ်တိုင်အောင် ထေရဝါဒဗုဒ္ဓသာသနာကို အခိုင်အမာယုံကြည်
ကိုးကွယ်ဆည်းကပ်ခဲ့ကြသည်။ ယခုအခါ ဗုဒ္ဓသာသနာတော်နေလိုလလို ထွန်းလင်း တောက်ပလျက်ရှိသည်ကို
ထူးခြားအံ့ဖွယ်အပေါင်းစုံလင်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော် မူကျောက်ဆစ်ရုပ်ပွားတော်များအနက်
ဉာဏ်တော်အမြင့်ဆုံးဖြစ်လာသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားနိုင်မှုဖြင့်
သက်သေထူပြနိုင်ခဲ့ပြီဖြစ်သည့်အပြင် သာသနာတော်၏အသက် သုံးလောကထွတ်ထား
မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားရတနာကို
ကမ္ဘာတည်သရွေ့ အရှည်ခံ့စေရန် မြော်ငံ့ရည်ရွယ်လျက် ကျောက်စာရုံစေတီတော်များ
တည်ထားနိုင်ခဲ့သည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။
အံ့ချီးဖွယ်ရာ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်မှုနှင့်
မြတ်စွာဘုရားရှင် ၄၅ ဝါကာလပတ်လုံး ဟောကြားတော်မူခဲ့သော တရားရတနာများ
မှတ်ကျောက်တင်နိုင်မှုတို့ကို အာရုံပြုရုံမျှဖြင့်ပင် ကုသိုလ်ကောင်းမှုများ
တိုးပွားမည်မှာ မလွဲဧကန်ဖြစ်သည်။ မြတ်စွာဘုရားရှင်အားလည်းကောင်း၊ တရားတော်အားလည်းကောင်း
စိတ်ဝယ်ညွတ်ထား အာရုံပြုခြင်းအားဖြင့် ကောင်းသောကုသိုလ်များရရှိကြသည့် သာဓကများစွာရှိသည်။
အသိဉာဏ်မြင့်မားသော လူသားများတွင် ရတနာသုံးပါးကို ကြည်ညိုသဒ္ဓါပွားလျှင်
ရမည့်ကုသိုလ်များမှာ ပြောစရာမရှိပေ။ ရတနာသုံးပါးကို မသိနားမလည်သော တိရစ္ဆာန်ပင်ရတနာသုံးပါးကို
နှစ်သက်သော အသိဖြစ်ပါက ကြီးမားသောကုသိုလ်ရနိုင်သည်ကို ကဿပဘုရားလက်ထက်က
လင်းနို့သားငါးရာတို့၏ ကျွတ်တမ်းဝင်ခဲ့သည့်ဥပမာမှာ မှတ်သားဖွယ်ရာဖြစ်သည်။
သာသနာတော်နှင့်စပ်လျဉ်း၍လည်းကောင်း၊
ကောင်းမှုကုသိုလ်တို့နှင့်စပ်လျဉ်း၍လည်းကောင်း
မိမိကိုယ်တိုင်မပြုလုပ်နိုင်သော်လည်း အခြားသူတစ်ပါးပြုလုပ်မှုတို့အပေါ်
မုဒိတာပွားခြင်း၊ သာဓုခေါ်ဆိုခြင်းဖြင့် မျှဝေကြရမည်ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့်
သူတစ်ပါးပြုလုပ်သော ကောင်းမှုကုသိုလ်အပေါ် ကဲ့ရဲ့ခြင်း၊ အပြစ်တင်ခြင်း၊
ဝေဖန်ခြင်း၊ ပြက်ရယ်ပြုခြင်းပြုလုပ်ပါက လုံးဝမဖယ်ရှားနိုင်သော ကြီးမား သောအကုသိုလ်ကံများ လိုက်ပါလာနိုင်သည်ကို
သတိပြုဖို့လိုသည်။ မနာလိုဝန်တို တတ်သည့် အကုသိုလ်သည် လွန်စွာကြောက်ဖွယ်ကောင်း၏။
ကောင်းမှုကုသိုလ်များ အား မိမိမပြုလုပ်နိုင်လျှင်လည်း ယောနိသောမနသီကာရ
သင့်တင့်မှန်ကန်စွာ နှလုံးသွင်းကာ အကုသိုလ်ရှောင်ကွင်း၍ ကုသိုလ်ဖြစ်အောင် ကြိုးစားအားထုတ်သင့်သည်။
သို့ဖြစ်ရာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်
ကျောက်စာရုံစေတီတော်များအား အောင်မြင်စွာတည်ထားပြီး ရေစက်သွန်းချမင်္ဂလာ၊
ကုသိုလ်တော်မဟာ မင်္ဂလာအခမ်းအနားများပြုလုပ်ပြီးဖြစ်ရာ ရဟန်းရှင်လူအများပြည်သူများ
ဖူးမြော်ကြည်ညိုနိုင်ရေးအလို့ငှာ ဩဂုတ်လ ၈ ရက်နေ့မှ ၁၆ ရက်နေ့အထိ လုံခြုံရေးအရ
စစ်ဆေးမှုကိုခံယူကာ အခမဲ့လာရောက်ဖူးမြော်ကြည်ညိုနိုင်ပြီဖြစ်၍ ရဟန်း၊ ရှင်လူ
ပြည်သူများအနေဖြင့် ကောင်းမှုကုသိုလ်များ ရယူနိုင်ကြပြီဖြစ်သလို ဤသို့တည်ထား
ကုသိုလ်ပွားများ ရယူနိုင်ကြမှုများကို ယောနိသောမနသီကာရ ကောင်းသောစိတ်ထားများဖြင့် မုဒိတာပွားများ
ဝမ်းမြောက်ဝမ်းသာဖြစ်ကြရမည်ဖြစ်ပါ ကြောင်း။
။
No comments:
Post a Comment