၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ်တွေမှာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းဟာ အတော်လေးလှုပ်ရမ်းမှုတွေ ဖြစ်ပါတယ်။ ရုရှား−ယူကရိန်းပဋိပက္ခဟာ ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးသတင်းတွေမှာ နေရာအတော်များများ ယူထားပါတယ်။ အခုနောက်ဆုံးဖြစ်ခဲ့တဲ့ နိုင်ဂျာနိုင်ငံဖြစ်စဉ်ကလည်း စိတ်ဝင်စားစရာကမ္ဘာ့သတင်းအဖြစ် နေရာယူလာပါတယ်။ သာမန်ကြည့်လိုက်ရင် နိုင်ဂျာတပ်မတော်က နိုင်ငံတော်အာဏာရယူလိုက်တယ်ဆိုပေမယ့် နောက်ကွယ်မှာ အကြောင်းတရားတွေ များစွာရှိနေနိုင်ပါတယ်။
နိုင်ဂျာနိုင်ငံဆိုတာ အနောက်အာဖရိကမှာရှိတဲ့
ကုန်းတွင်းပိတ်နိုင်ငံလေးတစ်နိုင်ငံ ဖြစ်ပါတယ်။ အရှေ့မြောက်ဘက်မှာ လစ်ဗျားနိုင်ငံ၊
အရှေ့ဘက်မှာ ချဒ်ပြည်သူ့သမ္မတနိုင်ငံ၊ တောင်ဘက်မှာ နိုင်ဂျီးရီးယားနိုင်ငံ၊
အနောက်တောင်ဘက်မှာ ဘာကီနာဖာဆိုနဲ့ဘီနင်နိုင်ငံ၊ အနောက်ဘက်မှာ မာလီနိုင်ငံ၊
အနောက်မြောက်ဘက်မှာ အယ်ဂျီးရီးယားနိုင်ငံတို့ ရှိနေကြပါတယ်။ ၂၀၂၁ ခုနှစ် ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့စာရင်းအရ
လူဦးရေ ၂၅ သန်းကျော်ရှိပါတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းအချို့လည်း
လုပ်ကိုင်ကြပါတယ်။
နိုင်ဂျာနိုင်ငံမှာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်မှာတော့ နိုင်ငံရေးအပြောင်းအလဲတစ်ခု
ဖြစ်သွားခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးအဗ္ဗဒူဟာမန်တီချနီဦးဆောင်တဲ့ နိုင်ဂျာတပ်မတော်က နိုင်ငံတော်အာဏာကို
ရယူလိုက်ပါတယ်။ လုံခြုံရေးအခြေအနေ ယိုယွင်းလာတာနဲ့ လူမှုစီးပွားချို့ယွင်းလာတာတွေကို
ကာကွယ်ဖို့အတွက် နိုင်ငံတော်အာဏာကို ရယူခဲ့တာဖြစ်တယ်လို့ နိုင်ငံပိုင်ရုပ်သံကနေ ကြေညာခဲ့ပါတယ်။
သူကိုယ်တိုင်လည်း နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အမျိုးသားကောင်စီရဲ့ဥက္ကဋ္ဌ
တာဝန်ကိုယူထားကြောင်း သတင်းတွေကဆိုပါတယ်။ နိုင်ဂျာနိုင်ငံဟာ နိုင်ငံတောင်ပိုင်းမှာ
အစ္စလာမ်စစ်သွေးကြွတွေရဲ့ပုန်ကန်မှုနဲ့ နိုင်ငံတစ်ဝန်းရှိပြည်သူတွေဟာလည်း ကုန်ဈေးနှုန်းကြီးမြင့်လာမှုဒဏ်ကို
ခံစားနေကြရတယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။
မုန်းတီးစိတ်တွေ အမြစ်တွယ်နေ
နိုင်ဂျာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မာလီနဲ့ဘာကီနာဖာဆို
နိုင်ငံသုံးနိုင်ငံတို့ဟာ ကိုလိုနီအင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့တဲ့
ပြင်သစ်နိုင်ငံရဲ့ကိုလိုနီနိုင်ငံတွေ ဖြစ်ခဲ့ကြပါတယ်။ အခုလို နိုင်ဂျာတပ်မတော်က နိုင်ငံတော်အာဏာရယူလိုက်တာနဲ့ပတ်သက်လို့
ကန့်ကွက်သူတွေ ရှိသလို ထောက်ခံသူတွေလည်း ရှိပါတယ်။ ထောက်ခံတဲ့ပြည်သူတွေဟာ အရင်ကနိုင်ဂျာနိုင်ငံကို
ကိုလိုနီပြုအုပ်ချုပ်ခဲ့တဲ့ ပြင်သစ်နိုင်ငံကို ဆန့်ကျင်ဆန္ဒပြဖို့ မြို့တော် Niamey မှာ စုဝေးခဲ့ကြတာတွေ၊
တချို့က ရုရှားအလံတွေကို ဝှေ့ယမ်းကိုင်ဆောင်ခဲ့ကြတာမျိုးတွေ ရှိခဲ့ပါတယ်။
နိုင်ဂျာနဲ့ အရင်က ကိုလိုနီဖြစ်ခဲ့ဖူးတဲ့ အနောက်အာဖရိက နိုင်ငံအချို့ကပြည်သူတွေမှာ
ပြင်သစ်အပေါ် မုန်းတီးစိတ်တွေ အမြစ်တွယ်နေပါတယ်။
နိုင်ဂျာတပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့တာနဲ့ ပတ်သက်လို့
ရုရှားကြေးစားတပ်ဖွဲ့ ဝက်ဂနာ ခေါင်းဆောင် ပရီဂိုဇင်ကတော့ နိုင်ဂျာမှာဖြစ်ပျက်ခဲ့တာတွေက
ကိုလိုနီနယ်ချဲ့သမားတွေနဲ့ နိုင်ဂျာ ပြည်သူတွေရဲ့ တိုက်ပွဲကလွဲလို့တခြားဘာမှမဟုတ်ပါဘူး၊
ဒါဟာလွတ်လပ်ရေး ရယူနိုင်ခဲ့တာ ဖြစ်ပြီးတော့ ကိုလိုနီနယ်ချဲ့သမားတွေကို ဖယ်ရှားလိုက်နိုင်တာဖြစ်တယ်လို့
သူရဲ့တယ်လီဂရမ်ကနေ တစ်ဆင့် သတင်းစကားပါးခဲ့တယ်လို့လည်း သတင်းတွေမှာဖတ်ရပါတယ်။
နိုင်ဂျာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်ပေမယ့် ကမ္ဘာမှာအကြီးဆုံး
ယူရေနီယံသိုက် တချို့ ရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။ ၁၉၆၀ ပြည့်နှစ်မှာမှကိုလိုနီအုပ်စိုးသူဟောင်း
ပြင်သစ်ထံကနေအပြည့်အဝ လွတ်လပ်ရေးရရှိခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံဟာ အရင်ကကိုလိုနီဟောင်းနိုင်ငံတွေအပေါ်
နိုင်ငံရေး အရရော၊ စီးပွားရေးအရပါ သြဇာလွှမ်းမိုးမှုတွေ ဆက်ရှိနေပါသေးတယ်။
ယူရေနီယံသတ္တု ထုတ်လုပ်မှု
နိုင်ဂျာတပ်မတော်က အခုလို နိုင်ငံတော် အာဏာ ရယူလိုက်တာနဲ့
ပတ်သက်လို့ နိုင်ဂျာကနေ ဥရောပကို ယူရေနီယံတင်ပို့နေမှုတွေအပေါ် အတားအဆီးဖြစ်စေနိုင်ပြီး
ပြင်သစ်နဲ့အခြားနိုင်ငံတွေမှာ နျူကလီးယားစွမ်းအင်ထုတ်လုပ်မှုကို ထိခိုက်စေနိုင်တယ်ဆိုတဲ့စိုးရိမ်မှုများ
ဖြစ်ပေါ်စေခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။ နိုင်ဂျာရဲ့ပထမဆုံးစီးပွားဖြစ်
ယူရေနီယံသတ္တု ထုတ်လုပ်မှုကို ၁၉၇၁ ခုနှစ်မှာ စတင်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ဂျာမှာကမ္ဘာ့သတ္တုမိုင်းရဲ့ ၅ ရာခိုင်နှုန်းကို ထောက်ပံ့ပေးနိုင်တဲ့
ထင်ရှားတဲ့ ယူရေနီယံမိုင်းတွင်း နှစ်ခု ရှိပါတယ်။ ပြင်သစ်နိုင်ငံဟာ သူ့နိုင်ငံရဲ့
လျှပ်စစ်ဓာတ်အား ၇၀ ရာခိုင်နှုန်းခန့်ကို နျူကလီးယားစွမ်းအင်ကနေ ရရှိနေတာဖြစ်ပါတယ်။
အခြားနိုင်ငံတွေထက် နျူကလီးယားအသုံးပြုမှု ပိုမိုများပြားပြီး ကမ္ဘာ့အကြီးဆုံးနျူကလီးယားစွမ်းအင်
အသားတင် တင်ပို့တဲ့နိုင်ငံလည်း ဖြစ်နေပြန်ပါတယ်။ အဲဒီလို တင်ပို့မှုကနေတစ်နှစ်ကို
ယူရို ၃ ဘီလီယံကျော် ရရှိနေပါတယ်။ နိုင်ဂျာဟာ ပြင်သစ်ရဲ့နျူကလီးယား ဓာတ်အားပေးစက်ရုံတွေအတွက်
လိုအပ်နေတဲ့ ယူရေနီယံကိုထောက်ပံ့ပေးနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
ဒီနေရာမှာ နိုင်ဂျာတပ်မတော်က နိုင်ငံတော်
အာဏာရယူလိုက်တာကို မှန်တယ်၊ မှားတယ် ဆိုတာကို အဓိကမဆွေးနွေးလိုပါဘူး။ ဒါပေမယ့်
နိုင်ငံတိုင်းမှာနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ နိုင်ငံသားတွေဆီမှာ အမှန်တကယ်ရှိနေရဲ့လားဆိုတာကို
နိုင်ဂျာနိုင်ငံဖြစ်စဉ်နဲ့ မြန်မာနိုင်ငံရေး ဖြစ်စဉ် တွေထဲက
တချို့အကြောင်းအရာလေးတွေကို ဆက်စပ်စဉ်းစားစရာ ဖြစ်လာပါတယ်။ ကိုလိုနီပြုခဲ့ ဖူးတဲ့
နိုင်ငံတွေဟာ သူတို့ရဲ့လက်အောက်ခံနိုင်ငံတွေကို မတတ်သာလို့စွန့်လွှတ်ရပေမယ့်
သူတို့အကျိုး စီးပွားအတွက်ဆက်ပြီး အသုံးတော်ခံနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေကြတာ
တွေ့ရပါတယ်။ ဒီနေ့ အင်အားကြီးနိုင်ငံအချို့ဟာလည်း သူတို့အကျိုးစီးပွားအတွက်
နိုင်ငံငယ်တွေရဲ့အတွင်းစည်းထဲကို နည်းမျိုးစုံ၊ ပုံသဏ္ဌာန်မျိုးစုံနဲ့ထိုးဖောက်ဝင်ရောက်ပြီး
လိုသလိုပုံသွင်းနေကြတာတွေဟာ လယ်ပြင်မှာ ဆင်သွားသလို အထင်အရှားတွေ့နေရပါတယ်။
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ
နိုင်ဂျာတပ်မတော်က နိုင်ငံတော်အာဏာရယူလိုက်ချိန်မှာ
ပြည်သူတချို့ဟာ ပြင်သစ်သံရုံးဆီ အပြေးအလွှားသွားပြီး ဆန္ဒဖော်ထုတ်ကြပါတယ်။ သူတို့ရဲ့
ပြင်သစ်မုန်းတီးရေးစိတ်တွေကို ဖွင့်ထုတ် ကြတယ်။ ပြင်သစ်က နိုင်ဂျာရဲ့အဆီအနှစ်တွေ
ထုတ်ယူစားသုံးနေတာ ပြည်သူတွေကောင်းကောင်း သိနေကြတယ်။ မတတ်သာလို့ သည်းခံနေရပေမယ့်
အခါအခွင့်ပေါ်လာတော့ သူတို့ဆန္ဒကို ဖော်ထုတ် ကြတာပါပဲ။ လွတ်လပ်တဲ့ နိုင်ဂျာနိုင်ငံလို့ဆိုပေမယ့်
သူတို့အချုပ်အခြာအာဏာ သူတို့လက်ထဲမှာ မရှိတော့ဘူးလို့ခံစားနေကြရတယ်။
ကမ္ဘာ့အကြီးဆုံးယူရေနီယံသိုက်ကြီးတချို့ရှိနေပေမယ့် သူတို့ဟာ
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံထဲမှာ ပါနေပြန်တယ်။
နိုင်ဂျာရဲ့အတွင်းစည်းထဲကို ပြင်သစ်ကပုံစံအမျိုးမျိုးနဲ့
ဘယ်လိုစိမ့်ဝင်နေမလဲ အတိအကျမသိ နိုင်ပေမယ့် ခန့်မှန်းကြည့်လို့ရနိုင်ပါတယ်။
ဒါကြောင့်လည်း နိုင်ဂျာတပ်မတော်က လုံခြုံရေးယိုယွင်းလာမှု နဲ့ လူမှုစီးပွား ကျဆင်းလာမှုကို
ကာကွယ်ဖို့ “to preserve
our homeland in a context of a deteriorating security situation, and poor
economic and social governance” အတွက် နိုင်ငံတော်အာဏာကို
ရယူခဲ့ရတာလို့ အတိအလင်း ထုတ်ပြန်ထားပါတယ်။
ကိုလိုနီပြုခံထားရတဲ့ အုပ်ချုပ်ရေးမျိုး
မြန်မာနိုင်ငံမှာလည်းပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ
သြစတြေးလျနိုင်ငံသား Sean
Turnell ကို စီးပွားရေးအကြံပေးအဖြစ် ခန့်အပ်ခဲ့တာကို တွေ့ရပါတယ်။
အလွန်အရေးကြီးတဲ့ အချက်အလက်တွေ ကို သိခွင့်ရနေတဲ့နေရာလည်း ဖြစ်ပါတယ်။ ယခင်အစိုးရလက်ထက်က
Sean Turnell အပါအဝင် နိုင်ငံခြားသားအကြံပေး ၉၀ ကျော်
ခန့်အပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ဖတ်ခဲ့ရပါတယ်။ သူ့ရဲ့ အင်တာဗျူးတွေ
ကြည့်မယ်ဆိုရင် သူဟာ စီးပွားရေးမူဝါဒဆိုင်ရာ မြန်မာအစိုးရ အတိုင်ပင်ခံ၊ Myanmar
Development Institute (MDI) အဖွဲ့ဝင်ဆိုပြီးဖြေတာတွေ ဖတ်ရပါတယ်။ အတိုင်ပင်ခံပဲဖြစ်ဖြစ်၊
အကြံပေးပဲဖြစ်ဖြစ် သူဟာ မြန်မာနိုင်ငံရဲ့စီးပွားရေးနယ်ပယ်မှာ ထဲထဲဝင်ဝင်
ပါဝင်ပတ်သက်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာပါဝင်ပတ်သက်သလိုမျိုး
သြစတြေးလျအစိုးရကတောင် သူ့ကို လက်ခံနိုင်မှာ မဟုတ်ဘူးဆိုတဲ့ မြန်မာ့နိုင်ငံရေးလေ့လာသူတစ်ဦးရဲ့
မှတ်ချက်ကိုနားထောင်ရဖူးပါတယ်။ Sean Turnell ပါဝင်တဲ့ Myanmar
Development Institute (MDI) ဆိုတာ နိုင်ငံတကာဖွံ့ဖြိုးရေး
အမေရိကန်အေဂျင်စီ(USAID)ကနေ ထောက်ပံ့ထားတဲ့အဖွဲ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ်မှာ
လွှမ်းမိုးထားတဲ့ ကွန်ရက်ကြီးဟာ အတော်ကိုကြီးပါတယ်။ Sean Turnell ဟာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့
အမြဲလိုလိုအတူရှိနေတတ်သူ ဖြစ်ပါတယ်။ သူ့အနားမှာလည်း ဂျော့ဆိုးရော့စ်ရဲ့ Open
Society နဲ့ National Endowment for Democracy (NED)ကလူတွေ ဝိုင်းရံနေကြပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာ့နိုင်ငံရေးယန္တရားကို
ထောင့်ပေါင်းစုံကနေ သွယ်ဝိုက်ပြီးထိန်းချုပ်ထားတာမျိုးလို့တောင် ဆိုနိုင်ပါတယ်။ အဲဒီအချိန်က
မြန်မာဆိုတာ ရှေ့မှာမျက်နှာစာတစ်ခုသာရှိပြီးတော့ ကိုလိုနီပြုခံထားရတဲ့ အုပ်ချုပ်ရေးမျိုးဖြစ်နေ
တာမျိုးပါ။
တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ ၇ ဒသမ ၅
ဘီလီယံတန်ဖိုးရှိတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းမျိုးဆိုရင် Sean Turnell အလွန်
စိတ်ဝင်စားပါတယ်။ ဘာကြောင့် သူက ဒီလိုစီမံကိန်း မျိုးကို အထူးစိတ်ဝင်စားရသလဲဆိုတာ ပထဝီနိုင်ငံရေးကို
တစေ့တစောင်းလေ့လာဖူးသူတိုင်း အလွယ်သိနိုင်တဲ့ကိစ္စမျိုး ဖြစ်ပါတယ်။ မြန်မာပြည်သူတွေ
အုပ်ချုပ်နေတာမျိုးထက် တစ်ဆင့်ခံ အုပ်ချုပ်နေတာ မျိုးလို့တောင် ဆိုရမလို ဖြစ်နေပါတယ်။
Sean Turnell ဟာ ၂၀၁၆ ခုနှစ်ကနေစပြီးတော့
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းရဲ့ အထူးစီးပွားရေးအတိုင်ပင်ခံအနေနဲ့
ဆောင်ရွက်လာခဲ့တာဆိုတော့ ငါးနှစ်လောက်မြန်မာ့စီးပွားရေး အချက်အလက်တွေကို
ထိတွေ့မွှေနှောက်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးဝင်ငွေ
အများဆုံးရှာပေးနေတာ ဘယ်ကဏ္ဍကဆိုတာ သူကသိပါတယ်။ မြန်မာ့စီးပွားရေးရဲ့ ဝင်ပေါက်
ထွက်ပေါက် တွေ၊ Key sectors တွေကို သူကကောင်းကောင်းသိနေသူဖြစ်ပါတယ်။
ဒါကြောင့်လည်း ဘယ်ဘဏ် ကိုပိတ်ပါ၊ ဘာလုပ်ပါဆိုတာကို ဟိုပြည်ပြေးအစိုးရဆီကို
အကြံပေးဆိုပြီး ဆရာကြီးလုပ်နေတာဖြစ်ပါတယ်။
ပြန်ကြည့်မယ်ဆိုရင် အဲဒီအချိန်က မြန်မာ့အချုပ်အခြာအာဏာဆိုတာ
မြန်မာစစ်စစ်တွေရဲ့ လက်ထဲမှာ ရှိခဲ့ရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ စီးပွားရေးအကြံပေးဆိုသူ
Sean Turnell က ဘယ်ရှုထောင့်ကနေစဉ်းစားမလဲ။ မြန်မာနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားရှုထောင့်ကနေ
စဉ်းစားပါ့မလား။ သူလည်း သူ့နောက်မှာ လက်မည်းကြီးရှိနေသေးတာ မဟုတ်လား။ အဲဒီ အချိန်က
သူ့ကို စီးပွားရေးအကြံပေးခန့်ခဲ့သူတွေက သူ့ကိုတစ်လ ဒေါ်လာတစ်သိန်းပေးထားရင်
လက်မည်းကြီးက သူ့ကို တစ်လ ဒေါ်လာဆယ်သိန်း ပေးနေကြမှာ မဟုတ်လား။ အဲဒီတော့ Sean
Turnell ကလည်း ဘာကို အဓိကကြည့်ပြီး ဘယ်လို အကြံဉာဏ်တွေ
ပေးနေမလဲဆိုတာ သာမန်စဉ်းစား ဉာဏ်ရှိသူတောင် သိနေနိုင်တာပါပဲ။ ထီးကျိုးစည်
ပေါက်ခြင်းရဲ့ အကျိုးဆက်တွေဟာ နိုင်ငံတော်နဲ့ ပြည်သူတွေပဲ ခံစားကြရတာပဲ
မဟုတ်ပါလား။
အာဏာကို မက်မောလို့
မဟုတ်ဘူး
ဒါကြောင့် တပ်မတော်က နိုင်ငံတော်အာဏာကို ရယူတယ်ဆိုတိုင်း
အာဏာကို မက်မောလို့ မဟုတ်ဘူးဆိုတာ ဒီနေ့နိုင်ဂျာနိုင်ငံရေးဖြစ်စဉ်ကိုပဲကြည့်ကြည့်၊
မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကိုပဲ ကြည့်ကြည့်သိနိုင်ပါတယ်။ ဒီနေ့ကမ္ဘာမှာ တစ်နိုင်ငံတည်းထီးထီးနေလို့မရဘူးဆိုတာ
အရပ်ဘက် ခေါင်းဆောင်တွေရော၊ တပ်မတော်ခေါင်းဆောင်တွေရောသိကြပါတယ်။ နိုင်ငံတကာနဲ့
ထိတွေ့ဆက်ဆံ ရမယ်၊ အပြန်အလှန် လေ့လာသင်ယူရမယ်၊ ကုန်သွယ်ရမယ်ဆိုတာလည်း သိကြပါတယ်။
ဒါပေမယ့် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့် ကြွေးကြော်ခဲ့တဲ့ American first ဆိုတာလိုပဲ
အမျိုးသားအကျိုးစီးပွားနဲ့ ပတ်သက်လာရင် Myanmar First, Niger First ဆိုတာမျိုးက ဖြစ်နေရမှာပဲ မဟုတ်လား။ နိုင်ငံတော်လုံခြုံရေးလို့ဆိုရာမှာ
နိုင်ငံသားများလုံခြုံရေး၊ စီးပွားရေးအရ လုံခြုံရေးနဲ့ အင်စတီကျူးရှင်းတွေ လုံခြုံရေးအပါ
အဝင် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် နေထိုင် နိုင်ရေးအတွက် ကာကွယ်ရေးနဲ့ လုံခြုံရေးကိုဆောင်ရွက်တာဖြစ်တယ်လို့
အဓိပ္ပာယ်ဖွင့်ဆိုကြတာဖြစ်ပါတယ်။ တချို့ကလည်း စွမ်းအင်လုံခြုံရေး၊ သတင်းအချက်အလက် လုံခြုံရေးတွေလည်း
ပါတယ်လို့ ဖွင့်ဆိုကြပါတယ်။ ဟိုတလောကပဲ အိန္ဒိယနိုင်ငံမှာ ပြည်ပကို ဆန်တင်ပို့မှု ကန့်သတ်
လိုက်တယ်ဆိုတဲ့ သတင်းတွေ ဖတ်လိုက်ရတယ်။ အိန္ဒိယဝန်ကြီးချုပ်ကလည်း အိန္ဒိယပြည်သူတွေဟာ
ပထမဦးစားပေးပါလို့ ပြောသွားတာ မှတ်သားစရာပါ။
နိုင်ဂျာနိုင်ငံဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် နိုင်ဂျာ
တပ်မတော်က နိုင်ငံတော်အာဏာကို ရယူလိုက် တယ်။ သမ္မတကို ထိန်းသိမ်းလိုက်တယ်။
အဲဒီအတွက် အနောက်နိုင်ငံတွေအပါအဝင် နိုင်ငံတချို့က ပြစ်တင် ရှုတ်ချတယ်။ ဖမ်းဆီးထားသူတွေခြွင်းချက်မရှိပြန်လွှတ်ပေးပြီး
အာဏာပြန်အပ်ဖို့ပြောတယ်။ နောက်ကွယ်ကိုကြည့်ရင် အဲဒီလောက်မရိုးရှင်းပါဘူး။ နိုင်ငံတော်ရဲ့
အချုပ်အခြာအာဏာကိစ္စ ဖြစ်တယ်။
အချုပ်အခြာအာဏာဆိုတာ အမျိုးသားအကျိုးစီးပွားကိုလိုလားတဲ့
နိုင်ငံသားစစ်စစ်တွေရဲ့ လက်ထဲမှာရှိနေဖို့ လိုအပ်ပါတယ်။ အချုပ်အခြာအာဏာငါးနှစ်လောက်
ဆုံးရှုံးသွားတာတောင် ပေးဆပ်ရတဲ့ အရင်းအနှီးဟာ အဆမတန်ကြီးလွန်းပါတယ်။ နိုင်ဂျာမှာရော
ဘယ်လောက်ကြာကြာ အချုပ်အခြာအာဏာ ဆုံးရှုံးသွားခဲ့ရတာလဲ။
အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံအဖြစ်ရပ်တည်နိုင်ဖို့က ပါဝင်ပတ်သက်ကြတဲ့ stakehol-ders တွေမှာ တာဝန်ရှိသလို နိုင်ငံသားတစ်ဦး ချင်းစီမှာလည်း တာဝန်ရှိပါတယ်။ ။
ကိုပြည်ချစ်


No comments:
Post a Comment