အာဖရိကပြည်သူတွေအတွက် ဘယ်သူကမိတ်ဆွေလဲ
တကယ်တော့ မိုဟာမက်ဘဇွန်းဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံသမ္မတတစ်ဦးပါ။
ပြင်သစ်ကိုလိုနီဖြစ်ခဲ့ဖူးပြီး ပြင်သစ်ဩဇာခံအရပ်သားအစိုးရဆိုရင်လည်း မမှားဘူးပေါ့၊
အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ အခိုင်အမာထောက်ခံမှုနဲ့ သူတို့ဆီက
စစ်ရေးအထောက်အပံ့အပါအဝင် အကူအညီ အမြောက်အမြားရထားတဲ့ နိုင်ငံတစ်နိုင်ငံလည်း
ဖြစ်ပါတယ်။ နိုင်ငံအခြေအနေကတော့ လက်ရှိမှာ တင်းမာနေဆဲပါပဲ။ အာဏာသိမ်းတပ်မတော်ကို
အာဖရိကသမဂ္ဂ၊ နိုင်ဂျီးရီးယားသမ္မတ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပြီး ၁၅
နိုင်ငံပါဝင်တဲ့ Economic
Community of West African States(ECOWAS) လို့ခေါ်တဲ့ အာဖရိကအနောက်ပိုင်းနိုင်ငံများ
စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံအချို့နဲ့ထုံးစံအတိုင်း
ဥရောပသမဂ္ဂလိုအနောက် တိုင်းအဖွဲ့တွေကတော့ မထောက်ခံစီးပွားရေး
ပိတ်ဆို့ကန့်ကွက်ကြတော့တာပါပဲ။ ဒါပေမဲ့ ECOWAS အဖွဲ့ဝင်အဖြစ်က
ဆိုင်းငံ့ခံထားရတဲ့အိမ်နီး ချင်းမာလီနဲ့ ဘူကီနာဖတ်ဆိုနိုင်ငံများကတော့
အာဏာသိမ်းနိုင်ဂျာခေါင်းဆောင် အဗ္ဗဒူရာမိန်းချီရာနီ ဦးဆောင်တဲ့ အမိမြေကာကွယ်စောင့်ရှောက်ရေး
အမျိုးသားကောင်စီကို တစ်သွေးထဲတစ်သားထဲ အခိုင်အမာထောက်ခံကြပါတယ်၊၊
ယူကရိန်းပဋိပက္ခမှာ နာမည်ကျော်ခဲ့တဲ့ ဝဂ်နာပုဂ္ဂလိက
စစ်ဘက်အဖွဲ့ကလည်း အာဏာသိမ်းခြင်းကို လုံးဝထောက်ခံပြီး လိုအပ်တာမှန်သမျှကူညီသွားမယ်လို့
ဆိုပါတယ်။ နိုင်ဂျာပြည်သူထောင်ပေါင်း များစွာဟာ ရုရှားအလံတွေဝှေ့ယမ်းပြီး
ကာကွယ်ရေးကောင်စီကိုထောက်ခံကာ ပြင်သစ်သံရုံးကို တိုက်ခိုက်ခဲ့ကြပါတယ်။
ဘူကီနာဖတ်ဆိုမှာ ၂၀၂၂ ခုနှစ် အာဏာသိမ်းတုန်းကလည်း ပြည်သူတွေဟာ
ရုရှားအလံတွေဝှေ့ယမ်းပြီး အာဏာသိမ်းခြင်းကို ထောက်ခံခဲ့ကြပါတယ်။ ကာကွယ်ရေးကောင်စီ
ဘက်ကရပ်တည်ကြတဲ့ နိုင်ငံတွေ အဖွဲ့အစည်းတွေဟာ နိုင်ဂျာပြည်တွင်းရေးကို
ဝင်ရောက်စွက်ဖက်မှု ဘယ်လိုပုံစံကိုမှလက်မခံဘဲ ပြန်လည်တိုက်ထုတ် သွားကြမယ်လို့ ဆိုပါတယ်။
မိမိပိုင်နယ်မြေထဲက သယံဇာတတွေကို အမြတ်ထုတ်သိမ်းပိုက်နေတဲ့ အနောက်အုပ်စုနဲ့တခြားစီ
အာဖရိကခြောက်နိုင်ငံက တင်ရှိနေတဲ့ပေးရမယ့်အကြွေး အမေရိကန် ဒေါ်လာ ငွေ ၂၃
ဘီလီယံကို ရုရှားနိုင်ငံက လျှော်ပစ်လိုက်တဲ့ အခါမှာတော့ ဘယ်သူကရန်သူ ဘယ်သူကမိတ်ဆွေဆိုတာကို
အာဖရိကပြည်သူတွေ ကွဲကွဲပြားပြား သိလိုက်ကြရပါပြီ။
ဒေသတွင်းပဋိပက္ခအထိ ပြဿနာများဖန်တီးခံရမယ့် အာဖရိက
အဖြစ်အပျက်တွေရဲ့ နောက်ဆက်တွဲအနေနဲ့ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့တွေ၊
ပြင်သစ်တပ်ဖွဲ့ တွေဟာ နိုင်ဂျာနိုင်ငံတွင်းက အလုံးအရင်းနဲ့ ထွက်ခွာနေကြပါပြီ။
သူတို့ကို နိုင်ဂျာပြည်သူတွေနဲ့ တပ်မတော်က လက်မခံကြတော့ဘဲ ပြင်သစ်ပိုင်အဆောက်အဦတွေ၊
ပြင်သစ်အလံတွေကို မီးရှို့ ဖျက်ဆီးလိုက်ကြပါတယ်။ နှစ်ဖက်စလုံးမှာ အကျိုးစီးပွားချင်းအပြင်းအထန်
ထိပါးပွတ်တိုက်ခံရတယ် လို့ ယူဆကြရင်တော့ နိုင်ဂျာမှာပြည်တွင်းစစ်မီးထတောက်နိုင်တဲ့
အခြေအနေမှာရှိပါတယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့အားနဲ့ နိုင်ဂျာပြည်သူတွေ
စည်းလုံးညီညွတ်ရင်တော့ ပြင်းထန်တဲ့ပြည်တွင်းပဋိပက္ခများကနေ
ကျော်လွှားလွန်မြောက်နိုင်မှာပါ။ သို့ပေမဲ့ အမေရိကန်နဲ့ အနောက်အုပ်စုပြင်သစ်တို့ကတော့
ဒီအတိုင်းလက်ပိုက်ကြည့်မယ် မထင်ပါဘူး။ မစားရတဲ့အမဲ သဲနဲ့ပက်ဆိုသလို
ရွှေနဲ့ယူရေနီယံကိုခွထိုင်ထားတဲ့ နိုင်ဂျာမှာပြည်တွင်းအုပ်စုတွေကို
မြှောက်ပင့်သွေးထိုးပြီး နိုင်ငံမတည်မငြိမ်ဖြစ်အောင် လုပ်မှာသေချာပါတယ်။
အိမ်ကြက်ချင်းအိုးမဲသုတ် ဒီလိုလုပ်ကွက်မျိုးဟာ အမေရိကန်နဲ့ပြင်သစ်တို့
အကျွမ်းကျင်ဆုံး လုပ်ရပ်တွေပါပဲ။ အမေရိကန်နဲ့ ပြင်သစ်ဘာလုပ်နိုင်မလဲ၊ သူတို့လုပ်နိုင်တာက
ECOWAS ကို
တစ်ဆင့်ခံ ကြိုးကိုင်၊ နိုင်ဂျာပြည်တွင်း ထဲဝင်တိုက်ခိုင်း၊ အာဖရိကသားအချင်းချင်း
စစ်ကိုဖန်တီး ဒီလိုလုပ်နိုင်စရာတော့ ရှိပါတယ်။ မြန်မာ နိုင်ငံပြည်တွင်းရေးကို ဆိုးသထက်ဆိုးအောင်
အာဆီယံကို ကြိုးကိုင်ခြယ်လှယ် ပြဿနာဖန်တီး လိုက်တဲ့ ပုံစံတူပါပဲ။ တစ်နိုင်ငံချင်း ပြည်တွင်းပဋိပက္ခကနေဒေသတွင်း
ပဋိပက္ခကြီးအထိ ဖန်တီးပြီး ကိုယ့်အလိုကျ
ကိုယ့်အမျိုးသားအကျိုးစီးပွားဆောင်ရွက်သွားကြမယ့် အခြေအနေကို တွေ့မြင်နေရပါတယ်။
အာဏာသိမ်းကောင်စီဘက်က ဘာကြောင့်ရပ်တည်နေကြသလဲ
ဘာကြောင့်များ ပြည်သူတွေဟာ အာဏာသိမ်းကာကွယ်ရေးကောင်စီကို
ထောက်ခံခဲ့ကြပါသလဲ ဆိုရင် လက်ရှိအာဏာရ ဒီမိုကရေစီအစိုးရနဲ့ ဒီမို ကရေစီစနစ်ကို မကြိုက်လို့ဘဲလို့
ယူဆရမှာပါ။ တကယ်လည်း ကမ္ဘာမှာ ယခုလိုထူးခြားပြောင်းလဲလာမှုတွေကို
နိုင်ဂျာနိုင်ငံရဲ့ဖြစ်စဉ်နဲ့တကွ နမူနာယူ သင်ခန်းစာထုတ် ဆန်းစစ်သင့်ပါတယ်။
ကမ္ဘာ့အရွေ့ဟာဘယ်ကိုဦးတည်နေသလဲ၊ ကမ္ဘာ့ပြည်သူအားလုံး ငြိမ်းချမ်းမှု
ဖွံ့ဖြိုးတိုးတက်မှုကို လိုလားနေပြီဆိုတာ ပြသလိုက်သလိုပါပဲ။ လူမှုစီးပွားဘဝကျဆင်း၊
ဆင်းရဲလွန်းတဲ့ အာဖရိကသားတွေရဲ့ကာလရှည် သည်းခံခဲ့ရမှုတွေဟာကုန်ဆုံးသွားပြီလား
တွေးမြင် ကြည့်လို့ရပါတယ်။ သူတို့ဟာ သူတို့ကိုနှစ်ပေါင်းများစွာလွှမ်းမိုးခဲ့ကြတဲ့
အနောက်ဥရောပလူဖြူတွေ အပေါ်စိတ်မရှည်ကြတော့ပါဘူး။ ဒီမိုကရေစီကို
စိတ်ကုန်နေပုံရပါတယ်။ ကောင်းမယ်ထင်လို့ ဒီမိုကရေစီကို သွတ်သွင်းခဲ့ကြတယ်။ ဒါပေမဲ့
သူတို့ ရလိုက်တာက အရည်အချင်းမရှိ၊ စွမ်းဆောင်ရည်မဲ့၊
အနောက်အုပ်စုဩဇာခံအစိုးရအောက်မှာ အနေအစားဆင်းရဲခြင်းနဲ့ ဆင်းရဲမွဲတေမှု၊ တရားဥပဒေ
စိုးမိုးမှုမရှိ နိုင်ငံကမတည်ငြိမ်တဲ့ဘဝမှာ အစ္စလာမ္မစ်အကြမ်းဖက်များရဲ့ ခေတ်အဆက်ဆက်အကြမ်းဖက်
ခံရမှု၊ အလွန်အမင်းကြီးထွားလာနေတဲ့ အဂတိလိုက်စားမှုတွေအောက်မှာ ဆုံးရှုံးသွားတာက
နိုင်ငံရဲ့အဖိုးတန်သယံဇာတတွေ၊ လူ့အသက်တွေ၊ အမြတ်ထွက်နေတာက
နိုင်ငံခြားသားကုပ်သွေးစုပ် သူတွေ။ ပြင်းမယ်ဆို သူတို့ခံစားချက်က အတော်ပြင်းထန်လောက်ပါတယ်။
အစ္စလာမ္မစ်စစ်သွေးကြွ ရန်က ကာကွယ်ပေးဖို့ တာဝန်ယူထားကြတဲ့ အမေရိကန်နဲ့
ပြင်သစ်တပ်ဖွဲ့တွေကလည်း တကယ် တမ်းမှာ ထိထိရောက်ရောက် မကာကွယ်ပေးနိုင်ဘဲ
သူ့အကျိုးစီးပွားသူ ကာကွယ်သလိုသာဖြစ်နေတာ တွေ့ရပါတယ်။ ပြည်သူတွေဟာ ဒီမိုကရေစီနဲ့လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစနစ်ကို
အပြည့် အဝမခံစားရဘဲ တစ်နေ့တခြားမြင့်တက်လာတဲ့ လူနေမှုစရိတ်နဲ့
ကုန်ဈေးနှုန်းကြီးမြင့်တဲ့ ဒဏ်ကို အလူးအလဲ ခံစားကြရပါတယ်။ ဒါကြောင့်လည်း
ယခုလိုအာဏာသိမ်းမှုမှာ ကာကွယ်ရေးကောင်စီဘက်ကို အပြင်းအထန်ထောက်ခံနေခြင်းဖြစ်တယ်လို့
ယူဆနိုင်ပါတယ်။ နိုင်ဂျာရဲ့အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်း
သူတို့ရဲ့ရပ်တည်ချက်ကို ကမ္ဘာသိထုတ်ဖော်ပြသခဲ့ကြပြီဆိုတော့...။ ဒီမိုကရေစီအမည်ခံ
အနောက်အုပ်စုဟာ ဒီမိုကရေစီအစစ်အမှန် ကို တင်ပို့ရမယ့်အစား
အကြမ်းဖက်စနစ်ကိုတင်ပို့၊ အိုက်ဆစ်၊ အယ်လ်ခိုင်ဒါ၊ ဘိုကိုဟာရမ်စတဲ့ အကြမ်းဖက်အင်အားစုတွေကို
မွေးထုတ်သလိုဖြစ်၊ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင်သာ ဖန်တီးနေတာကို အာဖရိကပြည်သူတွေ
သဘောပေါက်သွားကြပါပြီလို့ သုံးသပ်နိုင်ပါတယ်။ နယ်ချဲ့ကိုလိုနီလက်သစ်တွေဟာ
အာဖရိကပြည်သူအချင်းချင်းကို သွေးခွဲခဲ့ကြ တယ်။ ကမ္ဘာမှာ အကောင်းဆုံးစနစ်နဲ့
ဖွံ့ဖြိုးအတိုး တက်ဆုံးဆိုတဲ့ ပြင်သစ်နဲ့အမေရိကန်တို့ရဲ့ အကူ
အညီအထောက်အပံ့အများအပြား ရယူထားတဲ့နိုင်ဂျာလိုအာဖရိကနိုင်ငံတွေဟာ ဘာကြောင့်များစီးပွားရေးကျဆင်းပြီး
လုံခြုံမှုမရှိဆုံးဖြစ်နေရသလဲ။ ဒါကိုပဲ ထပ်ခါထပ်ခါမေးရမလို ဖြစ်နေပါတယ်၊၊
အာဖရိကစစ်ဘက်အာဏာသိမ်းမှုများအား ပြန်ကြည့်လျှင်
ပြန်ကြည့်တဲ့အခါ နိုင်ဂျာမှာက ၁၉၆၀ ပြည့်နှစ်
ပြင်သစ်လက်အောက်က လွတ်မြောက်ပြီးနောက် ပိုင်း လေးကြိမ်တိတိ စစ်ဘက်ကအာဏာသိမ်းယူတဲ့
အစဉ်အလာရှိပြီးဖြစ်တယ်။ ၂၀၁၀ ပြည့်နှစ်ကတော့ နောက်ဆုံးအကြိမ်ပါ။
ပြောရမယ်ဆိုရင် အာဖရိကနိုင်ငံတွေမှာ
စစ်ဘက်အာဏာသိမ်းမှုများဟာ အဆန်းတကျယ် မဟုတ်တော့ပါဘူး။ ၂၀၂၁ ခုနှစ် တစ်နှစ်ထဲ
အိမ်နီးချင်းဂါနာ၊ မာလီနဲ့ ဆူဒန်နိုင်ငံတွေမှာနဲ့ ၂၀၂၂ ခုနှစ် ဘူကီနာဖတ်ဆိုမှာ
နှစ်ကြိမ်အာဏာသိမ်းဖြစ်စဉ်တွေ ခပ်စိပ်စိပ်လေးဖြစ်ခဲ့ကြဖူးတယ်။
အာဖရိကတိုက်ကြီးတစ်ခုလုံးခြုံကြည့်ရင်တော့ ၁၉၅၀ ပြည့် နှစ်ကနေ ၂၀၂၂ ခုနှစ်အထိ
စစ်ဘက်အာဏာသိမ်းမှု အကြိမ်ပေါင်း ၂၁၄ ကြိမ်မှာ ၁၀၆ ကြိမ် အောင်မြင်ခဲ့ ပြီး အောင်မြင်မှု
ရာခိုင်နှုန်း ၅၀ % ရှိခဲ့ပါတယ်။
အာဏာသိမ်းအောင်မြင်မှုရာနှုန်းဟာ နောက်ပိုင်းမှာ
များလာပြီး ၂၀၂၂ ခုနှစ် တစ်နှစ်တည်း ရှစ်ကြိမ်မှာ အောင်မြင်မှု ၇၅ %
အထိရှိခဲ့တယ်လို့ တွေ့ရှိရပါတယ်။ ဒီအချက်က ဘာကိုပြသလဲဆိုရင် သက်ဆိုင်ရာ ဒေသတွင်းမှာ နိုင်ငံရေး၊
စီးပွားရေးနဲ့လူမှုရေးမတည်မငြိမ်ဖြစ်မှုများကြောင့် မကြာခဏ အာဏာ
သိမ်းခြင်းများဖြစ်ရသလို မတည်ငြိမ်မှုမြစ်ဖျားခံရာ အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့မျိုးစုံဟာ
ဒေသတွင်းမှာ ခြေကုပ်ယူထားနိုင်တဲ့ အချက်တွေလည်းပါဝင်နေတာတွေ့ရပါတယ်၊၊ တစ်ဆက်တည်း
အရပ်သားနိုင်ငံရေးအစိုးရတွေနဲ့ စစ်သွေးကြွတွေကိုနှိမ်နင်းရတဲ့ တပ်မတော်များအကြား
အမြင်မတူမှုတွေရှိလာပြီး နောက်ဆက်တွဲနိုင်ငံရေး၊ လုံခြုံရေးပဋိပက္ခတွေ ပေါ်ပေါက်လာခြင်းဟာလည်း
အကြောင်းရင်းတွေ အဖြစ် ရပ်တည်နေပါတယ်။
နှိုင်းယှဉ်သုံးသပ်စေလို
အခြေအနေကတော့ ပြင်သစ်နဲ့အနောက်အုပ်စု တွေဟာ
အာဖရိကနယ်မြေကနေ ထွက်ခွာရတော့ မယ့် အခြေအနေဆီ ဦးတည်နေပါပြီ။ ဒါပေမဲ့ နိုင်ဂျာအနာဂတ်အခြေအနေက
လောလောဆယ် ခန့်မှန်း ရခက်ဆဲ အခြေအနေမှာပဲ ရှိပါသေးတယ်။ အမေရိကန်နဲ့အနောက်အုပ်စုရဲ့
အာဖရိကအိပ်မက် ကတော့ အဆုံးသတ်ဖို့ သေချာသလောက်ရှိနေပြီ ဖြစ်သလို နိုင်ဂျာဟာ အနောက်အုပ်စုနဲ့
ရုရှား၊ တရုတ်နိုင်ငံတို့ရဲ့ ပထဝီနိုင်ငံရေးကစားကွင်းသစ်တစ်ခုအဖြစ်လည်း ဖြစ်မှန်းမသိဖြစ်လာနေပါပြီ။
အပြောင်းအလဲဆန်တဲ့ အခြေအနေသစ်တွေဟာ ကမ္ဘာအနှံ့မှာမြန်ဆန်လွန်းနေတာ မျက်ခြည်မပြတ်
လေ့လာနေဖို့ လိုအပ်သလို ကျွန်တော်တို့ဆီကအနောက်မျှော် အတွေးအခေါ်သမားတွေအနေနဲ့လည်း
ဒီအချက်ကို သတိထားဆင်ခြင်ကြဖို့ လိုအပ်မယ်လို့ယူဆပါတယ်။ အာဖရိကပြည်သူတွေသဘော
ပေါက်သလို ကျွန်တော်တို့အာရှသားတွေလည်း သဘောပေါက်သင့်ပါပြီ။ အရေးကြုံရင်အခက်အခဲကို
ဖြေရှင်းပေးတတ်တဲ့ မိတ်ဆွေအစစ်အမှန်ဟာ ဘယ်သူလဲ။ အဖြူ၊ အမည်းသဲကွဲသွားပြီဖြစ်တဲ့
အာဖရိကသင်ခန်းစာကိုယူပြီး ကျွန်တော်တို့ပြည်သူတွေ
တကယ့်အခြေအနေမှန်ကိုနားလည်သင့်ပါပြီ။ နိုင်ဂျာဒီမိုကရေစီရှင်သန်ဖို့နဲ့
စစ်သွေးကြွဂျီဟဒ်တွေကိုနှိမ်နင်းဖို့ အမေရိကန်နဲ့ ပြင်သစ်တပ်ဖွဲ့တွေ
ခြေကုပ်ယူထားပေမယ့် နောက်ဆုံးရလဒ်ကတော့ ဘယ်လိုဖြစ်နေသလဲ၊ မြင်တဲ့အတိုင်းပါပဲ။ နိုင်ငံကို
တည်ငြိမ်အောင်၊ ဖွံ့ဖြိုးတိုးတက်အောင်လုပ်မပေးနိုင်ခဲ့တဲ့ ပြင်သစ်၊ အမေရိကန်စတဲ့
ကိုလိုနီနယ်ချဲ့တွေရဲ့လွှမ်းမိုးမှုကို အာဖရိကန်တွေက မလိုလားတော့ဘူး ဆိုတာလည်း ထင်ရှားလာပါတယ်။
နိုင်ငံခြားတပ်ဖွဲ့တွေကိုအထင်ကြီးအားကိုး ကိုယ့်ဆီအလည် ဖိတ်ခေါ်ချင်သူတွေအတွက်
သင်ခန်းစာယူသတိပြုမိ နိုင်အောင်ဖြစ်ပါတယ်။ အာဆီယံနဲ့ မိမိတို့မြန်မာနိုင်ငံ အခြေအနေများနဲ့
အလားတူ ECOWAS
ကို ကြိုးကိုင် ပြီး နိုင်ဂျာပြည်တွင်းရေးကို ဝင်နှောက်လာမယ့်
အနောက်အုပ်စုရဲ့ အနေအထားတွေကို ကြိုတင် မြင်ပြီး နှိုင်းယှဉ်သုံးသပ်နိုင်ပါတယ်။
နိုင်ဂျာဖြစ်စဉ်ကိုကြည့်ရင် နောက်ပြန်လျှော ဆင်းနေတဲ့ဒီမိုကရေစီဟာ
ပြည်သူတွေအတွက် အလုံးစုံမျှော်လင့်ချက်တစ်ခု ဖြစ်တယ်ဆိုတဲ့အချက်ကို
သံသယဝင်မိပါတယ်၊၊ သယံဇာတအရင်းအမြစ် ပေါကြွယ်ဝပေမယ့် စွမ်းဆောင်ရည်မပြည့်ဝတဲ့
အစိုးရတစ်ရပ်ဟာ ဘယ်လိုချမ်းသာကြွယ်ဝမှုမျိုးမှ ပေးနိုင် မှာမဟုတ်ဘူးဆိုတာ တွေ့ရပါတယ်၊၊
နိုင်ငံခြားစစ်တပ်တွေ အခြေပြုခွင့်ပေးထားပြီး နိုင်ငံခြား ဩဇာခံတစ်ဦးအုပ်ချုပ်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့
ပြည်တွင်းမှာစည်းလုံးညီညွတ်မှုမရှိ၊ တရားဥပဒေ စိုးမိုးမှုမရှိ၊ ငြိမ်းချမ်းမှုမရှိ၊
တည်ငြိမ်မှုမရှိစတဲ့ အခြေအနေများသာ ကြုံရတတ်ကြောင်း မြင်တွေ့ နိုင်ပါတယ်။ နောက်ဆုံးမှာနိုင်ငံအချုပ်အခြာ
အမိမြေလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမယ့်တာဝန်များဟာ
တပ်မတော်အပေါ်မှာပဲ ကျရောက်လာတဲ့အခြေ အနေမျိုးတွေကို ဆင်ခြင်နေရမှာဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေဟာ မိမိ ပြည်တွင်းရေးနဲ့တကွ ဒေသတွင်းကိုပါ
ဂယက်ရိုက်ခတ်လာနိုင်တာနဲ့အတူ မိမိနိုင်ငံအရေးရော ပြောင်းလဲလာမယ့် ပထဝီနိုင်ငံရေးအခြေအနေများကိုပါ
ကြိုတင်တွက်ဆမြော်တွေးနိုင်စွမ်းရှိဖို့ လိုတယ်ဆိုတဲ့ အချက်များကို စဉ်းစားမိရင်းက...
ယခုလို နိုင်ဂျာနိုင်ငံရဲ့ဖြစ်စဉ်နဲ့ သင်ခန်းစာယူ လောက်စရာများကို ရေးသားတင်ပြလိုက်ရခြင်း
ဖြစ်ပါတယ်။ ။
မြင့်မြတ်

No comments:
Post a Comment