Tuesday, July 18, 2023

ရာသက်ပန်ကုသိုလ်အလှူနှင့် တုနှိုင်းဖွယ်မရှိသောပီတိ

အောင်မြတ်မင်း

ဒီနှစ်က ဝါထပ်သောနှစ်ဖြစ်သည်။ ဝါတွင်းကာလသည် ဗုဒ္ဓဘာသာဝင်တို့အတွက် အထူးအလေးထားသော ကာလဖြစ်သည်။ ကောင်းမှုကုသိုလ်များ အခြားကာလကထက် ပိုလုပ်ဖြစ်ကြသည်။ ၁၃၈၅ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၂ ရက်၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် ထူးထူးခြားခြား ဖိတ်စာတစ်စောင် လက်ခံရရှိသည်။ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်နေသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပွဲသို့တက်ရောက်နိုင်ရေး ဖိတ်ကြားချက်ဖြစ်သည်။

 









ဖရဏာပီတိ ဂွမ်းဆီထိသလို ခံစားလိုက်ရသည်။ ဤဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်ပတ်သက်၍ စတင်တည်ထောင်စကတည်းကပင် စိတ်ဝင်စားမှုက အားကြီးလှသည်။ စကျင်ကျောက်တောင် ကနေ ရေယာဉ်နှင့် စတင်ပင့်ဆောင်ကတည်းက စကျင်ကျောက်တုံးကြီး၏ အရွယ်ပမာဏကိုကြည့်ပြီး အံ့ဩရသည်။ ဒါတောင် အစိတ်အပိုင်းပဲရှိသေးသည်ဆိုသည့်အတွက် တည်ထားပြီးစီးပါက ဖြစ်ပေါ်လာမည့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ခမ်းနားထည်ဝါမှုကို အတွေးနယ်ချဲ့ရင်း မြင်ယောင်ခံစားမိပါသည်။ ဗုဒ္ဓရုပ်ပွားတော်ကြီး ဘယ်လောက်တောင် ကြီးမှာလဲ။ ရေလမ်းမှာတောင် ဒီလောက်ကြီးတာ ကုန်းလမ်းကဘယ်လို သယ်မှာလဲသိချင်သည်။ သယ်ယူပို့ဆောင်နေသည့်ကာလတွင် ၎င်းသတင်းကို ဖော်ပြသည်မှာ မြဝတီရုပ်မြင်သံကြား ချန်နယ်သာရှိသည့်အတွက် တခုတ်တရ ကြည့်မိသည်။ ပြီးတော့လည်း စီးပွားရေး လုပ်ငန်းရှင်ပီပီ မိမိစီးပွားရေးမှာနစ်မျော သွားပြန်သည်။

ထပ်ပြီးသတိထားမိတာက စေတီတော်ကြီးကို CNC Machine များနှင့် ထုဆစ်ပြီး တွဲဆက်ချိန်ဖြစ်သည်။ မြန်မာအင်ဂျင်နီယာတွေ ဒီလောက်တောင်စွမ်းသလား။ သိပ်တော့မယုံချင်။ သတင်းတွေကြည့်၊ မေးမြန်းကြည့်တော့ဟုတ်နေသည်။ မှတ်မှတ်ရရ ဘုရားကြီးကို ဌာပနာသွင်းတော့ ကြည်ညိုစိတ်ပေါက်လာသည်။ဒုတိယအကြိမ် ဌာပနာပိတ်ပွဲမှာ လှူဖြစ်ခဲ့သည်။ အလှူငွေလည်း စထည့်ဖြစ်ခဲ့သည်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးချင်သည်။ တွေ့ချင်သည်။ တည်ဆောက်ဆဲကာလဆိုတော့ အထမမြောက်။

ခုတော့ဆန္ဒပြည့်ပြီ။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးရတော့မည်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြင်ရတော့မည်ဆိုသည့် ဝမ်းသာစိတ်ဖြင့် နေပြည်တော်ကို ကြိုတင်ရောက်ရှိခဲ့ပါသည်။ တည်းခိုသော ဟိုတယ်ဇုန်ကနေပြီး ဘုရားကြီးဆီသို့ သွားရာလမ်းတစ်လျှောက် သစ်ပင် ပန်းမန်များနှင့် ဝေဝေဆာဆာမြင်ကွင်းက စိတ်ချမ်းမြေ့မှုကို စတင်ပေးစွမ်းခဲ့လေပြီ။

ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းမှု၊ အေးချမ်းမှု၊ မေတ္တာတရားထားရှိမှုတို့နှင့် ပြည့်စုံသောဘာသာတရားတစ်ခုဖြစ်ပါသည်။ ထိုကဲ့သို့သော ထေရဝါဒဗုဒ္ဓ ဘာသာစစ်စစ်ကို ကိုးကွယ်သည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံသည်လည်း ပါဝင်ပါသည်။ ငြိမ်းချမ်းသော၊ အေးချမ်းသော ဘာသာတရားတို့ကို ကိုးကွယ်မှုသည် မြန်မာနိုင်ငံ၌ ဗဟိုချက်ဖြစ်စေရေးအတွက် မြန်မာလူမျိုးတို့သည် သဒ္ဓါ၊ သီလ၊ ဘာဝနာတရားများကို ကြိုးစားအားထုတ်လျက် ရှိကြသည့်အပြင် သာသနာတော်ပြန့်ပွားရေးလုပ်ငန်းများကိုလည်း အားကြိုးမာန်တက် တက်ညီ လက်ညီ၊ စည်းလုံးညီညွတ်စွာ တတ်နိုင်သည့် အခန်းကဏ္ဍတိုင်းမှ ဆောင်ရွက် တတ်ကြသူများဖြစ်ပါသည်။

ယခုအခါတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ဘုရားဒါယကာအဖြစ် ဦးစီးဦးရွက်ပြုကာ ခုနစ်ရက်သား၊ သမီး ဘုရားဒါယကာ၊ ဒါယိကာမတို့၏ စည်းလုံးညီညွတ်သောအား၊ သဒ္ဓါတရား ထက်သန်မှု၊ သာသနာတော်အဓွန့်ရှည် တည်တံ့စေလိုသော စိတ်စေတနာ၊ အားကောင်းလှသော ကိုးကွယ်ယုံကြည်မှုတို့နှင့်အတူ ထည့်ဝင်လှူဒါန်းသည့် အလှူတော်ငွေများဖြင့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ထုဆစ်ပူဇော်ခြင်းမှာ ၉၇ ရာခိုင်နှုန်း၊ ဗုဒ္ဓဥယျာဉ်တော် တည်ဆောက်မှုမှာ ၈၆ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့် ရည်ရွယ်ချက် (၄) ခုဖြင့် တည်ထား ကိုးကွယ်ခြင်းဖြစ်ပါသည်။

ထိုကဲ့သို့ ရာခိုင်နှုန်းပြည့်နီးပါး ပြီးစီးအောင် ဆောင်ရွက်ခဲ့ရသည့် ဆောင်ရွက်ခဲ့မှုအခြေအနေ၊ ယူခဲ့ရသည့်အချိန်၊ ကုသိုလ်ယူခွင့်ရခဲ့သည့် လုပ်အားဒါန၊ ဉာဏလူ့စွမ်းအားအရင်းအမြစ်၊ အုပ်ချုပ် မှုဆိုင်ရာ အထောက်အကူပစ္စည်းတို့မှာ မနည်းလှကြောင်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ် လျက်ရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြသခြင်းအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် အသေးစိတ်ရှင်းလင်းပြသမှ ကျောက်တုံးတော်ကြီး တွေ့ရှိသည့် သမိုင်းကြောင်းမှစ၍ ယနေ့ထိတိုင် ပြီးစီးမှုအခြေအနေ သမိုင်းများကို ဂဃနဏ ပြည့်ပြည့်စုံစုံ သိရှိခဲ့ရခြင်းဖြစ်ပါသည်။ နိုင်ငံတော်အတွက် ဂုဏ်ယူဖွယ်ကောင်းလှသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တည်ထားမှု၊ ယခုလိုအောင်မြင်အောင်ဆောင်ရွက်နိုင်မှုတို့ကြောင့် နိုင်ငံတော်အကြီးအကဲနှင့် ပါဝင်ဆောင်ရွက်သူ အားလုံးကိုစာရေးသူစိတ်ထဲမှာ ချီးကျူးမဆုံးလည်း ဖြစ်ရပါသည်။ တက်ရောက်လာကြသူများတွင် သာသနာနုဂ္ဂဟဘွဲ့ရ ပုဂ္ဂိုလ်များ၊ ပြည်တွင်းဘဏ်များနှင့် ကုမ္ပဏီကြီးများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်းရုပ်သံလိုင်းများနှင့် ဆက်သွယ်ရေး အော်ပရေတာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သတ္တုလုပ်ငန်းကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်တာကို တွေ့ရှိရပါသည်။

စတင်တွေ့ရှိမှု

၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် ယခင်နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၃ ခုနှစ်တွင် Angelo Mining Co., Ltd. မှ ၎င်းထံသို့ လှူဒါန်းထားသည့် စကျင်ကျောက်တော်ကြီးအား တပ်မတော်မှဦးဆောင်ပြီး ဘုရားတည်ထားရန် လွှဲအပ်ချက်အရ တပ်မတော်က အောက်တိုဘာလမှစတင်၍ လေ့လာရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ စကျင်ကျောက်တော်ကြီးမှ ထွက်ရှိလာနိုင်သည့် အတိုင်းအတာ၊ ထုထည်နှင့် အပြစ်အနာအဆာ အခြေအနေများကို သိရှိနိုင်ရန် ကျောက်တော်ကြီးအား တူးဖော်၍ X-Ray ရိုက် စမ်းသပ်စစ်ဆေး ခဲ့ကြောင်း၊ ထွက်ပေါ်လာသည့် ကျောက်တုံးတော်ကြီးကို အကြမ်းထည်ပုံဖော် ကြည့်ရှုရာတွင် ဉာဏ်တော် ၆၅ ပေ ထွက်ရှိနိုင်သည်ကို တွက်ချက်ရရှိခဲ့ပြီး အချို့ကျောက်သားများနေရာတွင် လိုအပ်ချက်တွေ ရှိနေသောကြောင့် ကျောက်သားများ ထပ်မံထည့်သွင်းရန် စီစဉ်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။     

ရတနာပုံခေတ် ဘူမိဖဿပုံစံ တည်ထားရခြင်းရည်ရွယ်ချက်

အထက်ပါတင်ပြခဲ့ပြီးသော ရည်ရွယ်ချက်(၄)ရပ်နှင့်အညီ တည်ဆောက်ခဲ့သည်နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများထံမှ သြဝါဒခံယူခဲ့ပြီး ဘုရား၊ ကျောင်း၊ ကန်၊ ဇရပ်များ ပြည့်စုံစွာဖြင့် စီမံတည်ဆောက်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ နိုင်ငံသည် ဆုံးရှုံးခဲ့သောလွတ်လပ်ရေးကို ၁၉၄၈ ခုနှစ်မှသာ ပြန်ရရှိခဲ့ပြီး ထိုကာလ များအတွင်း ပျက်စီးသွားခဲ့ရသည့် ယဉ်ကျေးမှု အမွေအနှစ်များအတွက် နောက်ဆုံးကျန်ရှိခဲ့သည့် ယဉ်ကျေးမှုကို ရယူရန်အလို့ငှာ ဆရာတော်ကြီးများရဲ့ သြဝါဒများနှင့်အညီ ခေတ်အလိုက် တည်ထားဆောင်ရွက်ခဲ့သော ရုပ်ပွားတော်များအနက် အသင့်လျော်ဆုံးဖြစ်မည့် ရတနာပုံခေတ်ဟန် ဘူမိဖဿပုံစံဖြင့် တည်ထားနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။

မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ရာ မြန်မာတို့ ရွှေထီးဆောင်းစဉ်အခါက ရတနာပုံခေတ်ဟန်ကို အသုံးပြု ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား လက်ထက်က မြန်မာတို့အနေဖြင့် ဘုန်းမီးနေလ ထွန်းတောက်ခဲ့ပြီး အမျိုး၊ ဘာသာ၊ သာသနာကို မြှင့်တင်နိုင်ခဲ့သည့် ရှေးမြန်မာမင်းဆက်တို့၏ တိမ်မြုပ်ခဲ့ရသော အစဉ်အလာကောင်းများကို ပြန်လည်ဖော်ထုတ် လက်ဆင့်ကမ်းနိုင်ရန် တစ်နည်းအားဖြင့် ကိုလိုနီလက်အောက်တွင် နှစ်ပေါင်း ၁၀၀ ကျော် တိမ်မြုပ်ပျောက်ကွယ်နေသည့် မြန်မာ့ဟန်၊ မြန်မာ့ဇာတိမာန်နှင့် သာသနာ့ အမွေတို့ကို တစုတစည်းတည်း ပြန်လည်ပေါ်ထွန်းလာစေရန် ရည်ရွယ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ “မာရဝိဇယ” ဟူသည့် ဘွဲ့အမည်ကို ဆက်ကပ်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာသိရှိခွင့်ရခဲ့ပါသည်။

ပင့်ဆောင်ပုံလမ်းကြောင်းအဆင့်ဆင့်

ဆင်းတုတော်အကြမ်းထည် စကျင်ကျောက်တုံးတော်ကြီးအား နေပြည်တော်သို့ စတင်ပင့်ဆောင်ရေးစီမံရာတွင် ထုထည်ပမာဏ ကြီးမားသောကြောင့် မူလဉာဏ်တော်အမြင့်ကို မထိခိုက်စေဘဲ အစိတ်အပိုင်း ၄ ပိုင်းခွဲ၍ လည်းကောင်း၊ ပလ္လင်တော်ကို အစိတ်အပိုင်း ၅ ပိုင်းခွဲ၍ လည်းကောင်း အပိုင်းလိုက်ဖြတ်တောက် သယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ရကြောင်း၊ ကျောက်တုံးတော်များအား ပင့်ဆောင်ရာတွင် စကျင်တောင်မှ နေပြည်တော်သို့ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် အဆင့်ဆင့် ပင့်ဆောင်ခဲ့ရကြောင်း ရင်သပ်ရှုမောဖွယ် သိရှိခဲ့ရပါသည်။

စကျင်တောင်မှ မြောင်မြစ်အထိ အကျယ်ထိပ်ဝ ပေ ၁၂၀၊ အောက်ခြေ ပေ ၉၀၊ တာပေါင်အမြင့် ပေ ၄၀ ရှိ တူးမြောင်းဖောက်လုပ်၍ ၎င်းမှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း မြင်းခြံမြို့နယ်ရှိ ဆီမီးခုံဆိပ်ကမ်းသို့ ပထမအဆင့် ပင့်ဆောင်ခဲ့ရပြီး စကျင်ကျောက်တော်ကြီး ရေကြောင်းမှသယ်ယူ ပို့ဆောင်ရေးခရီးစဉ် အစမှအဆုံး ၁၁-၆-၂၀၂၀ ရက်နေ့မှ ၂၃-၉-၂၀၂၀ ရက်နေ့အထိ ရက်ပေါင်း ၁၀၅ ရက် ကြာမြင့်ခဲ့ကြောင်း၊ ဆီမီးခုံဆိပ်ကမ်းမှ စကားအင်းအဝိုင်းအကြား ကျောက်တုံးတော်ကြီးများ ချောမွေ့စွာ သယ်ယူနိုင်ရေး ၂၂ မိုင် ၅ ဖာလုံအရှည် ရှိသောလမ်းကို ဖောက်လုပ်ခဲ့ရပြီး ၂၅-၁-၂၀၂၁ ရက်နေ့မှစ၍ မန္တလေး-ရန်ကုန် အမြန်လမ်းမကြီးအတိုင်း Modular Trailer များဖြင့် ယခုတည်ထားကိုးကွယ်မည့် ဗုဒ္ဓဥယျာဉ်တော်နေရာသို့ အဆင့်ဆင့်ပင့်ဆောင်ခဲ့ရကြောင်း၊ ကုန်းလမ်းခရီးဖြင့် သယ်ယူရာတွင် စုစုပေါင်း ၇ ခေါက်၊ တန်ချိန်အားဖြင့် ၇၆၃၂ တန်ကို သယ်ယူခဲ့ရပြီးကျောက်တုံးတော်ကြီးများ ပင့်ဆောင်ပြီးစီးချိန်တွင် ဖောက်လုပ်ခဲ့သည့် တူးမြောင်းနေရာအား မြေပြန်လည်ဖို့ခြင်းနှင့် အမြန်လမ်းမကြီး တစ်လျှောက်ရှိ ပြုပြင်ခဲ့သည့် By Pass ၈၄ နေရာနှင့် အခြားနေရာများအား မူလအတိုင်း ပြန်လည်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကျောက်တုံးတော်ကြီးများ ပင့်ဆောင်မှုသည် ကမ္ဘာပေါ်တွင်ရေလမ်းခရီးအရလည်းကောင်း၊ ကုန်းလမ်းခရီး အရလည်းကောင်း အဝေးဆုံးဖြစ်သကဲ့သို့ အလေးချိန်အရလည်း အများဆုံးအဖြစ် စံချိန်တင် ဆောင်ရွက်နိုင်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။ ယခုဆောင်ရွက်ချက်များသည် ပြည်တွင်းအတတ် ပညာရှင်များဖြင့်သာ ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရှိရသည့်အတွက် မြန်မာတို့၏ ထိုးထွင်းကြံဆမှုနှင့် တီထွင်လုပ်ကိုင်နိုင်စွမ်းကို မြန်မာနိုင်ငံသားတစ်ဦးပီပီ ဂုဏ်ယူစိတ်များ တဖွားဖွားပေါ်ပေါက်ခဲ့ရပါသည်။

တပ်မတော်အနေဖြင့် ယခင်အစိုးရ လက်ထက်ကတည်းကပင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားခြင်းနှင့် နိုင်ငံရေးအရ အကျပ်အတည်းဖြစ်ပေါ်ခြင်း စသည့်အခြေအနေ အခက်အခဲအမျိုးမျိုးများကြားမှ ကမ္ဘာပေါ်တွင် ဗုဒ္ဓသာသနာ ရောင်ဝါထွန်းလင်းပြန့်ပွားစေရန်၊ ပြည်သူအများ စိတ်အေးချမ်းကြည်လင်စွာနှင့် ကြည်ညိုသဒ္ဓါပွားများစေရန် စတင်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ တပ်မတော်သည် ထိုအခက်အခဲများကို မဆုတ်မနစ် ရင်ဆိုင်ကျော်လွှား ကြိုးပမ်းနိုင်မှုမရှိခဲ့လျှင် စကျင်ကျောက်တောင်ရှိ မူလနေရာတွင် ကျောက်တုံးကြီးအနေဖြင့်သာ ရှိနေမည်ဖြစ်ပြီး ယခုကဲ့သို့ ဗုဒ္ဓဘာသာဝင်တို့၏ ကြည်ညိုဖွယ်ကောင်းသော အထွတ်အမြတ်ထား ကိုးကွယ်ရာနှင့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဗုဒ္ဓရုပ်ပွားတော်ကြီး ဖြစ်လာနိုင်စရာ အကြောင်းတရား ရှိမည်မဟုတ်ပေ။ ယခုအချိန်တွင်မူ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးသည် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့၏ အထင်ကရဘုရားတစ်ဆူအဖြစ် မင်းနေပြည်တော်တွင် ခမ်းနားထည်ဝါ သပ္ပာယ်စွာဖြင့် စံမြန်းတည်ရှိနေပြီ ဖြစ်ပါသည်။

ရုပ်ပွားတော်မြတ်ကြီးအား ထုဆစ်ပူဇော်ပုံအဆင့်ဆင့်

နေပြည်တော်သို့ ရောက်ရှိလာသည့် ကျောက်တုံးတော်ကြီးများကို အဆင့်မြင့်နည်းပညာဖြစ်သည့် CNC Machine များဖြင့် ပုံဖော်ထုဆစ်ခြင်းလုပ်ငန်းများကို ကျွမ်းကျင်ပညာရှင်များ၊ ခေတ်မီ စက်ကိရိယာများဖြင့် နေ့မအား၊ ညမနား ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားမည့်နေရာတွင် တန် ၂၀၀၀၀ ခံနိုင်ရည်ရှိသည့် အောက်ခံခုံတည်ဆောက်နိုင်ရန်အတွက် Bored Piles များ ရိုက်ပြီး ဆောင်ရွက်ခဲ့ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ချိန်တွင် နိုင်ငံခြားသာသနာပြုအဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ဆွေးနွေးစဉ်က ကျောက်တုံးတော်ကြီးကို ပင်လယ်ရေလမ်းကြောင်းမှ သယ်ယူ သွားပြီး ထုဆစ်ရန်မှာ အလွန်ခက်ခဲသည့် ကိစ္စတစ်ရပ်ဖြစ်ကြောင်း၊ ဆန္ဒရှိသော်ငြား လက်တွေ့လုပ်ဆောင်ရန် ခဲယဉ်းသဖြင့် ၎င်းတို့နိုင်ငံ၌သာ Plaster Statue နည်းလမ်းဖြင့် ထုလုပ်ကိုးကွယ်ရန် ဆုံးဖြတ်ခဲ့ရကြောင်း ဗဟုသုတအနေဖြင့် ကြားသိရပါသည်။ လက်တွေ့ဆောင်ရွက်ရာတွင်လည်း ပြည်ပပညာရှင်များ လုံးဝပါရှိခြင်းမရှိဘဲ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် တပ်မတော်သား အင်ဂျင်နီယာများဖြင့်သာ ဆောင်ရွက်ခဲ့ခြင်း၊ သာသနာပြု စိတ်အားထက်သန်သော ဗုဒ္ဓဘာသာဝင်အများစုရှိသော နိုင်ငံဖြစ်ခြင်း၊ ကြီးမားသည့် စကျင်ကျောက်တောင်ကြီးတည်ရှိနေခြင်း၊ ဦးစီးဦးဆောင်ပြုသည့် ဦးဆောင်ဒါယကာနှင့် အလှူရှင်အများစု၏ သဒ္ဓါတရားပြည့်စုံခြင်းစသည့် အကြောင်းအချက်များ ပြည့်စုံ၍ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး နောင်အနှစ် ၂၀၀အတွင်း ယခုကဲ့သို့ ဘုရားကြီးတစ်ဆူ ဖြစ်တည်လာနိုင်ရန် ခဲယဉ်းကြောင်း လုပ်ငန်းခွင်သို့ လာရောက်လေ့လာဖူးမြော်သည့် နိုင်ငံခြား အဆင့်မြင့်အရာရှိကြီးတစ်ဦးက မှတ်ချက်ပြုခဲ့သည်ကိုလည်း ကြားသိခဲ့ရပါသည်။

ဆင်းတုတော် အပိုင်း (၁၊ ၂၊ ၃၊ ၄) အား ရတနာပလ္လင်ထက်သို့ ပင့်ဆောင်ခြင်း

ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃) တို့ကို တွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့ မင်္ဂလာအချိန်တွင် ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ခဲ့ကာ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပလ္လင်တော်ထက်သို့ အောင်မြင်စွာပင့်ဆောင်ပူဇော်ခြင်း၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဆင်းတု တော်အပိုင်း(၄)ကို ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ရုပ်ပွားတော်မြတ်ကြီးသည် ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေ စုစုပေါင်း ၈၁ ပေ အမြင့်ရှိပြီး ဆင်းတုတော်အလေးချိန် ၁၇၈၂ တန်၊ ပလ္လင်တော် အလေးချိန်တန် ၃၅၁၀ စုစုပေါင်းအလေးချိန် ၅၂၉၂ တန် ရှိပါသည်။ အဆိုပါ အလေးချိန်မှာ အာကာသယာဉ် (Space Shuttle) များထက် တန်ချိန်ပိုမိုများကာ အလေးချိန်ကို အတိအကျတွက်ချက်ခဲ့ရပြီး ရုပ်ပွားတော်မြတ်ကြီးအား တည့်မတ်ရာတွင်လည်း အမှားအယွင်းမရှိ တွက်ချက်ဆောင်ရွက်နိုင်မှုသည် အံ့ဩဖွယ် မှတ်တမ်းတစ်ခုအဖြစ် သမိုင်းတွင်ရစ်မှာ ဖြစ်ပါသည်။

ရာသီဥတုနှင့် အခြားသဘာဝဘေးဒဏ်များခံနိုင်ရည်ရှိရေး

ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရာသီဥတုနှင့် အခြားသဘာဝဘေးဒဏ်များ ခံနိုင်ရည်ရှိရေးအတွက် ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်း၏ အပြင်းဆုံး လေတိုက်နှုန်း 120 Mph နှင့် မြန်မာ နိုင်ငံတွင် အမြင့်ဆုံးလှုပ်ခတ်နိုင်သည့် ငလျင်လှုပ်ခတ်နှုန်း Earthquake Magnitude 8.7, 8.8 အထိ ခံနိုင်ရည်ရှိစေရန် Steel Rebars များ ထည့်သွင်းအားဖြည့်ထားကာ သမားရိုးကျနည်းလမ်း များနှင့် ခေတ်မီနည်းလမ်းများ ပေါင်းစပ်၍ Composite နည်းပညာအသုံးပြု တွဲဆက်ခြင်းများ ဆောင်ရွက်ထားကြောင်း သိရှိရပါသည်။ နိုင်ငံတော်အကြီးအကဲက ဗုဒ္ဓရုပ်ပွားတော်ကြီး ရေရှည် တည်တံ့ခိုင်မြဲစေရေး အသေးစိတ်စဉ်းစားတွက်ချက် ဆောင်ရွက်ထားချက်များကို ရှင်းလင်းနေစဉ်တွင် အတွေးတစ်ချက်လက်မိပါသည်။ ရှေးမြန်မာ အဆက်ဆက် တည်ထားခဲ့သော ရှေးဟောင်းစေတီပုထိုးများသည် ခေတ်အဆက်ဆက်က သဘာဝဘေး၊ စစ်ဘေးတို့ကို အမျိုးမျိုးကျော်ဖြတ်ခဲ့ရင်း လက်ရှိအချိန်တွင် ကမ္ဘာမှာမြန်မာဟု ဂုဏ်ယူမြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်ရမည့် မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အများအဖြစ် လက်ရာများစွာရှိနေခဲ့သည့်အတွက် နောင်လာမည့်မျိုးဆက်များလက်ထက်တွင်လည်း ယခု တည်ထားကိုးကွယ်နေသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် သမိုင်းဝင် သာသနာ့အမွေအနှစ်ကြီးတစ်ခုအဖြစ် အဓွန့်ရှည်စွာ ထာဝရတည်တံ့နေမည့်အဖြစ်ကို တွေးကြည့်မိသည့်အခါ ပီတိဖြစ်မိပါသည်။

ဗုဒ္ဓဥယျာဉ်တော်

“ဗုဒ္ဓဥယျာဉ်တော်” ဟု တင်စားခေါ်ဆိုနိုင်လောက်အောင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အပါအဝင် ကျောက်စာရုံစေတီ၊ မာရဝိဇယကျောင်းတော်၊ သာသနာ့ဗိမာန်တော်ကြီး (သိမ်တော်ကြီး)၊ သံဃာနားနေဆောင်၊ သုဓမ္မာဇရပ်၊ မုစလိန္ဒအိုင်၊ နဂါးရုံဘုရားများ၊ မဟာရံတံတိုင်း၊ မော်ကွန်းတိုက်၊ အဝင်မုခ်ဦး၊ ရွေ့လျားစက်လှေကားနှင့် ဂေါပကရုံးတို့ကိုလည်း ပိဋကတ်တော်လာ အဆိုအမိန့်များနှင့် မဟာဗုဒ္ဓဝင် ကျမ်းဂန်တော်များနှင့်အညီ ပြည့်စုံစွာ တည်ထား ကိုးကွယ်ခဲ့သည်ကိုလည်း ကြည်နူးသဒ္ဓါအပြည့်ဖြင့် တွေ့မြင်ခဲ့ရပါသည်။

ကျောက်စာရုံစေတီများ တည်ထားကိုးကွယ်မှု

ဗုဒ္ဓဥယျာဉ်တော်အတွင်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ရာတွင် ပိဋကတ်သုံးပုံကျမ်းစာမြတ်များကိုပါ တစ်ပါတည်းဖူးမြော်နိုင်ရေး၊ ခေတ်အဆက်ဆက် မှတ်တမ်းကျန်ရှိစေ ရေးရည်ရွယ်ပြီး ကျောက်စာရုံစေတီများကိုပါ တည်ထားကိုးကွယ်ထားသည်ကို တွေ့မြင်ခဲ့ရပါသည်။ ပိဋကတ်သုံးပုံ ပါဠိတော် အဋ္ဌကထာဋီကာကျမ်းစာများသည် ယခင်က မြန်မာအက္ခရာဖြင့်သာရှိခဲ့သဖြင့် ကမ္ဘာ၌ ပိုမိုတွင်ကျယ်စေရေးတို့ကိုရည်ရွယ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီး ၅ ပါးက ကြီးကြပ် ကွပ်ကဲ၍ Romanize Language ဖြင့်ပါ ကျောက်စာရေးထိုးနိုင်ခဲ့သည့်အပြင် ပုံနှိပ်ထုတ်ဝေနိုင်သည်အထိပါ ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ အဆိုပါ ကျောက်စာရုံစေတီများ တည်ထားရာတွင် ယူနက်စကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင်ခဲ့သည့် မန္တလေးမြို့၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားရှိ ပဉ္စသင်္ဂါယနာတင် ပိဋကတ်ကျောက်စာရုံများအား အလေးထားစံပြု၍ တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားရှိ ပဉ္စသင်္ဂါယနာတင် ပိဋကတ်ကျောက်စာရုံ များသည် ကျောက်စာချပ်ပေါင်း ၇၂၉ချပ် စိုက်ထူထားပြီး ယနေ့ထိတိုင် ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးအဖြစ် သမိုင်းဝင် တည်ရှိကြောင်း၊ ယခုမာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်အတွင်း၌ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မျက်နှာမူရာရှေ့တူရူအရပ်တွင် မြတ်ဗုဒ္ဓ၏ သာသနာတော် သုံးရပ်ဖြစ်သည့် ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာတို့၏ ဆဋ္ဌသင်္ဂါယနာမူဖြစ်သည့် ပိဋကတ်ဓမ္မ ကျမ်းစာကျောက်ချပ်ရေ ၁၄၄၀ နှင့် ပင်မကျောက်စာစေတီတွင် မော်ကွန်းကျောက် စာ ၄ ချပ် စုစုပေါင်း ၁၄၄၄ချပ်ရှိကြောင်း သိရှိရပါသည်။

သမိုင်းမော်ကွန်း ကျောက်စာထားရှိမည့် အလယ်ဗဟိုကျောက်စာရုံစေတီသည် အလျား ၂၁ ပေ၊ အနံ ၂၁ ပေ၊ အမြင့် ၂၇ ပေရှိပြီး အခြားကျောက်စာရုံစေတီများအနေဖြင့် အလျား ၁၂ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၈ ပေရှိမည်ဖြစ်ကာ ကျောက်စာချပ်အနေဖြင့် အလျား ၃ ပေ ၉ လက်မ၊ အမြင့် ၆ ပေ ၃ လက်မ၊ ထု ၇ ဒသမ ၂ လက်မရှိမည်ဖြစ်ပြီး ပါဠိနှင့် ရိုမန်ဘာသာများဖြင့် ပိဋကတ်ကျမ်းစာ တော်များကို ရေးထိုးပူဇော်ထားပြီး ဘုရားဖူးလာ မိဘပြည်သူများအပြင် နိုင်ငံတကာလေ့လာသူများပါ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ရာတွင် ကျောက်စာရုံစေတီများအတွင်းရှိ ဘုရားဟောဒေသနာတော်များကို ပါဠိနှင့် ရိုမန်ဘာသာများဖြင့် ပြည့်စုံစွာ ကြည်ညိုလေ့လာနိုင်ရေး စီမံဆောင်ရွက်ထားကြောင်း တွေ့ရှိရပါသည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်အား တောင်ဘက်မှနေ၍ မြောက်ဘက်သို့ မျက်နှာမူထားပြီး တည်ထားကိုးကွယ်မည် ဖြစ်ပါသည်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မျက်နှာတော် ရှေ့တည့်တည့်တွင် မြတ်စွာဘုရား၏ နှုတ်ကပါဌ်တော်များအား ကျောက်စာရုံစေတီအတွင်း ထည့်သွင်းထားသည်ကို တွေ့မြင်ခဲ့ရသည့်အတွက် မြတ်ဗုဒ္ဓ၏ နှုတ်ကပါဌ်တော်များသည် မြတ်စွာဘုရား၏ မျက်လုံးတော်အောက်တွင် တည်ရှိနေသကဲ့သို့ ခံစားမိပြီး ကြည်နူးပီတိဖြစ်ကာ ကုသိုလ် စိတ်များ တဖွားဖွား ပိုမိုတိုးပွားခဲ့ရပါသည်။

သုဓမ္မာဇရပ်နှင့် အောင်မြေ

ဘုရားကြီးပေါ်သို့ တက်ရောက်ဖူးမြော်ကြည်ညိုချိန်တွင် သုဓမ္မာဇရပ်များ၊ ကျောက်စာရုံစေတီတော်များ၊ ရေပန်းကြီး၊ ရေပန်းငယ်များဖြင့် တင့်တယ်ဝေဆာလျက်ရှိပြီး ဘုရားဖူးရာလမ်းတစ်လျှောက် မြတ်ဗုဒ္ဓအရိပ်အာဝါသ၏ အေးမြမှု၊ စကျင်ကျောက်၏ အေးမြမှု များကြောင့် ဘုရားဖူးဓမ္မမိတ်ဆွေများ၏ စိတ်အစဉ်ကို အေးမြကြည်လင်စေလျက်ရှိပါသည်။ သုဓမ္မာဇရပ်များသည် ကျွန်းတိုင်များ အသုံးပြု၍ မြန်မာမှုလက်ရာများဖြင့် ရှေးမူမပျက် ဆောက်လုပ်ထားခြင်းဖြစ်ရာ စာရေးသူငယ်ငယ်က မန္တလေးတောင်ခြေသို့ သွားရင်း တစ်ထောက်နားချိန် ဆွေမျိုးများ၊ မိသားစုများနှင့်အတူ လက်ဆုံစားခဲ့သော ရတနာပုံမြို့တည် မင်းတုန်းမင်း၏ သုဓမ္မာဇရပ်များအား ပြန်လည်အမှတ်ရမိ နေပါသည်။ ထို့အပြင် ဘုရားပေါ်ရှိ မဟာအောင်မြေမှာလည်း မြန်မာပြည်အရပ်ရပ်ရှိ တန်ခိုးကြီးဘုရားအဆူဆူတို့၏ သမိုင်းဝင် အောင်မြေများမှရရှိသော အောင်မြေများအားလုံးကို စုစည်းထားသဖြင့် သာသနာ့အောင်မြေ (သို့မဟုတ်) မြန်မာ့အောင်မြေအဖြစ် တွေ့မြင်ရမည်ဖြစ်ပါသည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ရင်ပြင်တော်ပေါ်သို့ သွားရောက်ဖူးမြော်ရာ၌ အသက်အရွယ်ကြီးရင့်သူ အဘိုးအဘွားများ၊ နာမကျန်းသူများ၊ လမ်းလျှောက်ရန် ခက်ခဲသူများပင် အမိုးအကာရှိသော စက်လှေကားဖြင့် သက်သောင့်သက်သာ စီးနင်းလိုက်ပါ နိုင်သည့်အတွက် အသက်အရွယ်မရွေး စိတ်ဆန္ဒရှိတိုင်း ဖူးမြော်ကြည်ညိုနိုင်ရေး ဘက်ပေါင်းစုံမှ စဉ်းစားတည်ဆောက်ထားကြောင်း တွေ့ရှိခဲ့ရပါသည်။

သစ်ပင်ပန်းမန် စိုက်ပျိုးထားရှိမှု၊ မင်္ဂလာတံတားနှင့် သာသနာ့ဗိမာန်တော်ကြီးများ တည်ဆောက်ထားရှိမှု အခြေအနေ

၎င်းအပြင် ဥယျာဉ်တော်ကြီးအတွင်း ရာသီမရွေး သာယာလှပစေရေးအတွက် ကျည်းပင်၊ အိန္ဒိယနိုင်ငံမှရရှိထားသည့် ဗောဓိညောင်ပင်နှင့် လုမ္ဗိနီအင်ကြင်းပင်များ၊ လင်းလွန်းတောအုပ်၊ ကံ့ကော်ပင် ၁၀၀၀ စသည့် သစ်ပင်ပန်းမန်များစိုက်ပျိုးထားပြီး ပြည်သူအများ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား စိတ်လက်ကြည်လင်စွာဖြင့် ဖူးမြော်နိုင်တော့မည်ဖြစ်သည်။ မာရဝိဇယဥယျာဉ်တော်အတွင်းရှိ သဘာဝချောင်းကို ချောင်းဖြောင့်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ပြီး မန္တလေးရတနာပုံခေတ် မင်္ဂလာတံတားပုံစံအတိုင်း တည်ဆောက်ထားသည်ကိုလည်း တွေ့မြင်ခဲ့ရပါသည်။ ၎င်းအပြင် ဆဋ္ဌသင်္ဂါယနာတင်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးကဲ့သို့သော သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ ကျင်းပ ပြုလုပ်နိုင်သည့် သာသနာ့ဗိမာန်တော်ကြီးတစ်ခုကိုလည်း သုဓမ္မာဇရပ်များနှင့် အပြိုင် တည်ဆောက်ထားရှိပြီး သံဃာအပါး ၉၀၀၊ လူပရိသတ် ၁၂၀၀ ဖြင့် စုစုပေါင်း ၂၁၀၀ ဝင်ဆံ့ကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် သာသနာ့ဗိမာန် တော်ကြီးရှိ နောင်တော်ကြီးရုပ်ပွားတော်နှင့် ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းပြောကြားရာတွင် ဆင်းတုတော်ကြီး ထုဆစ်ရာ၌ ဦးစွာ ၉ ပေ အရွယ်ရှိ ကျောက်ဆစ်ရုပ်ပွားတော်ကို နမူနာထုဆစ်ခဲ့ပြီး ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း ကြားသိခဲ့ရပါသည်။

မုစလိန္ဒအိုင်

မုစလိန္ဒအိုင်ကိုလည်း သမိုင်းအထောက်အထားများ၊ ဆရာတော်ကြီးများ၏ ဩဝါဒများနှင့်အညီ တည်ဆောက်လျက်ရှိပြီး နဂါးရုံဘုရားအား တည်ထားပူဇော်ရာတွင် ဗုဒ္ဓကျမ်းဂန်များအရ နဂါးမင်းက မိုးဒဏ်လေဒဏ်ကာကွယ်ရန် မြတ်ဗုဒ္ဓအား အပြင်ဘက်မှ ၇ ခွေ ရစ်ပတ်၍ ပါးပျဉ်းမိုးသည့်ပုံစံဖြင့် လက်ရာမြောက်စွာ ထုလုပ်ထားသည်ကို ကြည်ညိုစွာ ဖူးမြော်ခဲ့ရပါသည်။ ဗုဒ္ဓဥယျာဉ်တော်ကြီး တည်ဆောက်ပြီးစီးချိန်တွင် ဂေါပကဆရာတော်ကြီးများ သီတင်းသုံးနေထိုင်နိုင်ရေးကျောင်းဆောင်တော်ကိုလည်း တင့်တယ်ခမ်းနားစွာ တည်ဆောက်ထားပါသေးသည်။

မူလအစီအစဉ်တွင်မပါဝင်သော အလှူငွေလှူဒါန်းခြင်း

တိုင်းပြည်ရတနာ (၉)ပါးမှာ (၁) ပြည့် ဦးကင်း (တိုင်းရေးပြည်ရာကို စီမံ‌ဆောင်ရွက်ပေးနိုင်သူ မှူးကြီးမတ်ရာများ)၊ (၂) ပြည့်တံခွန် (သီလာဝန္တပညာဝန္တ ရဟန်းတော်များ)၊ (၃) ပြည့်မျက်စိ (လိမ္မာကျွမ်းကျင်ကုန်သော ဆေးဆရာ၊ ဟူးရား ဗေဒင်ဆရာ၊ စက်ယန္တရားဆရာများ)၊ (၄) ပြည်၏နား (သစ္စာရှိသောသူလျှိုများ)၊ (၅) ပြည့်အစွယ် (သူရသတ္တိရှိကြသည့် မင်းညီမင်းသား မင်းဆွေမျိုးများ)၊ (၆) ပြည်ကြီးမျက်နှာ (ရုပ်ရည်ချောမောသည့်လှမျိုးမယ်များ)၊ (၇) ပြည်၏ ဝမ်းဗိုက် (စားနပ်ရိက္ခာနှင့် ဥစ္စာပေါများသော သူဌေးသူကြွယ်များ)၊(၈) ပြည်၏ခြေ (စစ်သည်ဗိုလ်ပါအပေါင်းနှင့် ယာဉ်မျိုးစုံ)၊ (၉) ပြည်၏လက် (ခဲယမ်း မီးကျောက်၊ အမြောက်၊ သေနတ် စသောလက်နက်စုံ) တို့ဟူ၍ မှတ်သားဖူးပါသည်။ ထိုရတနာ (၉) ပါးကို မညှဉ်းပန်း၊ မနှိပ်စက်ရာဟုလည်း ဆိုဆုံးမစကားတို့ ရှိခဲ့ဖူးပါသည်။ ယခုအခါတွင်လည်း ဦးဆောင် ဘုရားဒါယကာဖြစ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှု အခြေအနေနှင့်ပတ်သက်၍ ဓမ္မမိတ်ဆွေများကို အမျိုးဘာသာ၊ သာသနာအတွက်သော်လည်းကောင်း၊ နိုင်ငံတော်၏ လူမှုစီးပွားဘဝ တိုးတက်စေရေးအတွက်လည်းကောင်း တစ်စိတ်တစ်ပိုင်းတွင် ပါဝင်ထမ်းဆောင် နေကြသူများ၊ နိုင်ငံဂုဏ်ကို ဆောင်နေကြသူများဖြစ်သဖြင့် အသိပေးရှင်းလင်း ပြသပေးခြင်းဟုသိရှိရသဖြင့် ပြည့်ဝမ်းဗိုက်နှင့်တူသော ပုဂ္ဂိုလ်များကို ချီးမြှင့် မြှောက်စားခြင်းပင်ဖြစ်ကြောင်း စာရေးသူ စိတ်ထဲတွင် အသိတစ်ခုဝင်ခဲ့ပါသည်။ အခမ်းအနားကို တက်ရောက်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်ကြီးနှင့်ပတ်သက်၍ အံ့ဩမှင်တက်ဖွယ်၊ မထင်မှတ်ဖွယ် အခက်အခဲများအား ကျော်ဖြတ်ခဲ့ရပုံများကို ရုပ်ပုံများ၊ Vedio Clip များဖြင့် မျက်ဝါးထင်ထင် တွေ့မြင်ကြားသိရသည့် အချိန်တစ်ခဏအတွင်း ကြည်ညိုသဒ္ဓါပွားများစိတ်များ တဖွားဖွား ပေါ်ပေါက်လာသည့်အတွက် မိမိတို့တတ်နိုင်သည့် တစ်ထောင့်တစ်နေရာမှနေ၍ တိုင်းပြည်အကျိုးသယ်ပိုးလိုသည့်စိတ်၊ ဘာသာတရားကို ကိုးကွယ်ယုံကြည်သောစိတ်တို့ဖြင့် အလှူငွေများ လှူဒါန်းလိုကြောင်း တင်ပြခဲ့ခြင်းဖြစ်ပါသည်။ ထို့အတွက် ချက်ချင်းဆိုသလိုပင် အလှူရှင်များအတွက် ကြားဖြတ်အစီအစဉ် ပြုလုပ်ပေးခဲ့ပြီး အလှူရှင် ၁၀၁ ဦးမှ လှူဒါန်းမှုစုစုပေါင်းမှာ ငွေကျပ် ၁၆၁၇၇ သန်း (၁၆ ဒသမ ၁၇၇ ဘီလီယံ) လှူဒါန်းခဲ့ကြသည့် ထိုအခိုက်အတန့်သည် မြန်မာတို့၏ ဗုဒ္ဓသာသနာတော်အတွက် တန်ဖိုးမဖြတ်နိုင်သော မွန်မြတ်သည့် စိတ်ထားများအဖြစ် သမိုင်းတွင်စေခဲ့ပြီ ဖြစ်ပါသည်။

အလှူရှင်တစ်ဦး၏ပီတိ

တည်ဆောက်ပြီးစီးနေသည့် သာသနိကအဆောက်အဦများကို နိုင်ငံတော် အကြီးအကဲကိုယ်တိုင် လိုက်လံရှင်းလင်းပြသစဉ်အချိန်အတွင်း စာရေးသူအပါအဝင် အလှူရှင်များအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရှုထောင့်အမျိုးမျိုးမှဖူးမြော်ရင်း မိမိလှူဒါန်းခဲ့သည့် ရာသက်ပန်ကုသိုလ်အလှူအတွက် တုနှိုင်းဖွယ်မရှိသော ပီတိအေးမြမှုကို အပြည့်အဝ ရရှိခံစားခဲ့ရပါသည်။

အချုပ်အားဖြင့်ဆိုသော် ရည်ရွယ်ချက်ကောင်းများဖြင့် တည်ထားကိုးကွယ်ခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ကြီးအား အောင်မြင်စွာတည်ဆောက်ပြီးစီးပြီး တည်ထားကိုးကွယ်ချိန်မှစ၍ အမျိုးဘာသာ၊ သာသနာနှင့် နိုင်ငံတော်၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်ကောင်းမွန်လာစေမည်… ဟုလည်း သက်ဝင် ယုံကြည်မျှော်လင့်မိပါသည်။ တစ်ချိန်က ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ရွှေထီးဆောင်းခဲ့ကြသည့် ရတနာပုံခေတ် မြန်မာဟန်၊ မြန်မာမာန်တို့ဖြင့် ထုံမွမ်းထားသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေ အနှစ်များသည်လည်း မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်အတူ ပြန်လည်ထွန်းလင်း တောက်ပလာတော့မည်မှာ မလွဲဧကန်ဖြစ်ပါသည်။

ရှေးမြန်မာ့ယဉ်ကျေးမှုလက်ရာများကို ပြန်လည်ထုတ်ဖော်တည်ဆောက်ခဲ့သည့် ဘုရားပုထိုး ကျောင်းကန်များ၏ ကြီးကျယ်ခမ်းနားမှုကို အံ့ဩမဆုံးဖြစ်ခဲ့ရသလို ယခုကဲ့သို့ အင်မတန်ကြီးကျယ်ခမ်းနားပြီး ကမ္ဘာပေါ်တွင် ဗုဒ္ဓသာသနာအတွက် အမြင့်မြတ်ဆုံးတစ်နေရာ (Holy Place) အဖြစ် ပေါ်ထွန်းလာမည့် ဗုဒ္ဓရုပ်ပွားတော်ကြီး ရာနှုန်းပြည့်ပြီးစီးနိုင်ရေးအတွက် တည်ဆောက်နေဆဲကာလတွင် လှူဒါန်းခွင့်ရသဖြင့်တစ်နည်းဆိုရသော် ရှေးဦးအလှူရှင် (Founder) ဘုရားဒါယကာ၊ ဒါယိကာမများအဖြစ် လှူဒါန်းခွင့်ရရှိခဲ့သဖြင့် သာသနာ့မှတ်တမ်းတစ်ခု စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပြီး မိမိတို့၏ နောင်လာနောက်သားများအတွက်ပါ ဓမ္မအမွေပေးဆပ်နိုင်မည့် လက်ဆင့်ကမ်း ရာသက်ပန်ကုသိုလ် အလှူတစ်ခုအဖြစ် ကြည်နူးသဒ္ဓါပီတိပွားများကာ သာဓုအကြိမ်ကြိမ် ခေါ်ဆိုမိပါကြောင်း ရေးသားလိုက်ရပါသည်။ ။

No comments:

Post a Comment