နေပြည်တော် ဧပြီ ၄
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက်ကျင်းပနိုင်ရန်၊ ပြည်သူများကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ စွာဖြင့် ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများ မိမိတို့ပင်ပန်း နွမ်းနယ်သမျှကို အတာရေပက်ဖျန်း လန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏တာဝန်များကို စွမ်းအားပြည့် ဆောင်ရွက်နိုင်စေရန်၊ မြန်မာမှုမြန်မာ့ဟန်မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများဖြင့် နိုင်ငံတစ်ဝန်းစည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖျော်ဖြေရေးမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များ ဆောက်လုပ် လျက်ရှိသည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့်လည်း ပြည်သူများစိတ်အပန်းဖြေစေရန် “ခါသင်္ကြန် အဆို၊ အက” အစီအစဉ် တင်ဆက်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာဌာနဆိုင်ရာများ၊ တက္ကသိုလ်နှင့်ကျောင်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ သင်္ကြန်ယိမ်းအဖွဲ့များသည် နေပြည်တော်(တပ်ကုန်း)နှင့် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ရိုက်ကူးရေးဆောင်ရွက်လျက်ရှိသကဲ့သို့ ဌာနဆိုင်ရာများ၊ တက္ကသိုလ်နှင့် ကျောင်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ သင်္ကြန်ယိမ်းအဖွဲ့များသည်လည်း သက်ဆိုင်ရာ နေရာများအလိုက် သင်္ကြန်တေးသီချင်းများဖြင့် ယိမ်းအကများ ဇာတ်တိုက်လေ့ကျင့်လျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်(တပ်ကုန်း)ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သင်္ကြန်ယိမ်းအဖွဲ့များသည် “လှပတင့်တယ် ဟန်မူကြွယ် စီးပွားကူးသန်းပျိုဖြူမယ်”နှင့်“ခွန်းဆက်ခြွေတဲ့နွေ” တေးသီချင်းတို့ဖြင့်လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ သင်္ကြန်ယိမ်းအဖွဲ့များသည် “အိပ်မက်စေတမန်”နှင့် “ဒဂုံမောင်”တေးသီချင်းတို့ဖြင့် လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနမှ သင်္ကြန်ယိမ်းအဖွဲ့များသည် “တစ်နှစ်နွမ်းတစ်နှစ်ဆန်း”နှင့် “နွေမ” တေးသီချင်းတို့ဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သင်္ကြန်ယိမ်းအဖွဲ့များသည် “ဆောက်လုပ်ရေးမှကြိုနေမယ်” တေးသီချင်းဖြင့်လည်းကောင်း ရိုက်ကူးရေးဆောင်ရွက်ကြသည်။
ထို့နောက် ယိမ်းအဖွဲ့များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ စိန်ရတုပြတိုက်အတွင်း ခင်းကျင်း ပြသထားသည့်ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်ရေးလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် အသုံး အဆောင်နှင့်စက်ပစ္စည်းများ၊ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းစဉ် ခင်းကျင်းပြသထားမှုများ၊ မြန်မာ့ရိုးရာနှင့်ခေတ်ပေါ်တူရိယာများ ခင်းကျင်းပြသထားမှုတို့ကို စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာကြသည်။
ထို့ပြင် မြန်မာတို့၏ရိုးရာသင်္ကြန်ကို ပေါ်လွင်အောင်ဆင်နွှဲရင်း ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းကာ စည်းကမ်းတကျ ပျော်ပျော်ရွှင်ရွှင်ဖြစ်စေရန်နှင့် အဆင့်မီသော သင်္ကြန်တစ်ခုဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန်အစီအစဉ်ကို တိုင်းရင်းသားသင်္ကြန်၊ လူငယ် Game သင်္ကြန်၊ သနပ်ခါးသင်္ကြန်စသည်ဖြင့် ကလေး၊ လူငယ်၊ လူကြီးများအားလုံး ပျော်ရွှင်စေရန် ကဏ္ဍများစွာ ထည့်သွင်း၍ ဆောင်ရွက်လျက်ရှိသည့်အပြင် ဝန်ကြီးဌာန မဏ္ဍပ်များမှ ရေကစားမဏ္ဍပ်များလည်း ပူးပေါင်းပါဝင်ဆင်နွှဲရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment