မောင်မျိုးအောင်(ပန်းဧရာ)
ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန် မြင့်မားကြီးထွားလာသည့် နိုင်ငံကြီးဖြစ်ပါသည်။ ရုရှားပြည်သူများသည် မိမိတို့နိုင်ငံတော်ကို ခေတ်မီပြီး အင်အားကြီးသော နိုင်ငံတော်ဖြစ်ပေါ်လာရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Mr. Vladimir Vladimirovich Putin ၏ ဦးဆောင်မှုအောက်တွင် အင်တိုက် အားတိုက်တည်ဆောက်နေပေသည်။ ဤမျှကြီးမားလှသော ကြိုးပမ်းအားထုတ်မှုအောက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ပညာရေးသည်အရေးပါသော အခန်းကဏ္ဍတစ်ရပ်အဖြစ်ပါဝင်ပြီး ခေတ်မီ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် အရေးပါသော အဆုံးအဖြတ်ပေးမည့် အခန်းကဏ္ဍတစ်ရပ် ဖြစ်နေပေသည်။ ပညာရေးသည် နိုင်ငံတော်၏ မူဝါဒတည်ဆောက်ရေးကို အကျိုးပြု ဖော်ဆောင်ပေးပြီး နိုင်ငံတော်၏ မူဝါဒတည်ဆောက်ရေးသည်လည်း ပညာရေးအပေါ် အမှီသဟဲပြုနေ၏။ ထိုသဘော တရားကြောင့်ပင် ရုရှားနိုင်ငံသည် ပညာဗဟိုပြုသည့်နည်းပညာနယ်ပယ်တွင် ကမ္ဘာ့ထိပ်တန်းအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်၏။ ကမ္ဘာ့ပညာရေးထိပ်တန်းအဆင့်ရှိ နိုင်ငံတစ်နိုင်ငံ၏ ချီးမြှင့်အပ်နှင်းသော ပညာဆိုင်ရာ ဘွဲ့တံဆိပ်ရရှိသူ တစ်ဦးအတွက်လည်း ဂုဏ်ရည်မြင့်မားမှုဂုဏ်နှင့် ထိုက်တန်လှ၏။ အချို့အရာ များမှာ သူတစ်ဦးတစ်ယောက် စွမ်းဆောင်မှုကိုအကောင်းမြင်သည့် လူ့ပတ်ဝန်းကျင်တစ်ရပ်က ချီးကျူး ထောမနာပြုကာ ၎င်းတို့ပညာရပ်နယ်ပယ်၌ လိုက်လျောညီသည့် ဘွဲ့တံဆိပ်တစ်မျိုးမျိုးအား စွမ်းဆောင် နိုင်သူအပေါ်ချီးမြှင့်ကြ၏။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအား ပညာရေးထိပ်တန်းနိုင်ငံဖြစ်သော ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ရုရှားသိပ္ပံအကယ်ဒမီ အရှေ့တိုင်းလေ့လာရေး အင်စတီကျုက နိုင်ငံအကြီးအကဲ၏ ရိုးသားဖြောင့်မတ်ပြီး မိမိနိုင်ငံရေရှည် အကျိုးစီးပွားအတွက် အမြော်အမြင်ကြီးစွာ စွမ်းစွမ်းတမံဆောင်ရွက်မှု၊ လူသားချင်းစာနာထောက်ထားမှု နယ်ပယ်အပါအဝင် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုတို့ကြောင့် “ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့”ကို လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့၏။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တစ်ဦးအတွက် သာမကနိုင်ငံတော်အတွက် ထိုက်တန်မှုရှိသည့် မင်္ဂလာသတင်းတစ်ရပ်ပင်ဖြစ်ပေသည်။
ပညာတတ်များ ပေါကြွယ်ဝ၍ နိုင်ငံဆုတ်ယုတ်မှုမရှိ
ပညာဆိုသည်မှာ လေ့လာဆည်းပူးခဲ့ရသည့် မြောက်မြားစွာသော အချက်အလက်များနှင့် အတွေ့အကြုံပေါ် မူတည်၍ လုပ်ငန်းဆောင်တာအမျိုးမျိုးကို နိုင်နင်းစွာ ထိန်းသိမ်းစီမံအုပ်ချုပ်နိုင်သော စွမ်းရည်ဖြစ်ပြီး မှားမှန်ကောင်းဆိုး ကြောင်းကျိုးဆက်စပ် စဉ်းစားဆင်ခြင် ဝေဖန်ပိုင်းခြားတတ်သော အသိတရား ပင်ဖြစ်သည်။ လက်ရှိကျွန်ုပ်တို့နိုင်ငံသည် စာပေတတ်မြောက်သူကားများ၏။ သို့သော် ပညာတတ်မြောက်သူကားရှား၏။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေး အခြေအနေတစ်ခုအပေါ်တွင် စာပေတတ်မြောက်သူတို့သည် ပညာဆိုသည့် အပြစ်နှင့်အကျိုးကို ခွဲခြားနိုင်သည့်ဉာဏ်ကို မျက်ကွယ်ပြုလုပ်ဆောင်နေခြင်းများမှာ နိုင်ငံ့အတွက်အံ့အားသင့်ဖွယ် ဆုတ်ယုတ်မှုများပင်ဖြစ်၏။ ကျွန်ုပ်တို့ နိုင်ငံနည်းတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံသည်လည်း နိုင်ငံရေးအကျပ်အတည်း တွေ့ကြုံနေရပေသည်။ သို့ရာတွင် စာပေတတ်သည့် ပညာတတ်များ ပေါကြွယ်ဝ၍ နိုင်ငံဆုတ်ယုတ်မှုမရှိခြင်းသည် လေးနက်စွာ သင်ခန်းစာယူဖွယ်ပင်ဖြစ်၏။
ရုရှားနိုင်ငံနှင့် ပညာရေးစနစ်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ပညာရေးစနစ်သည် ကျွန်ုပ်တို့နိုင်ငံ၏ ပညာစနစ်နှင့် ကွဲပြားမှုရှိ၏။ မူကြိုပညာရေးသည် ရုရှားတွင် မသင်မနေရဖြစ်သော်လည်း အသက် ၆ နှစ်အောက် ကလေးအများ အပြား မူကြိုကျောင်းတက်ကြသည်။ မူကြိုကျောင်းတွင် အခြေခံအားဖြင့် ကလေးများ၏ ကိုယ်လက်လှုပ်ရှားမှုနှင့် တီထွင်ဖန်တီးနိုင်မှုအပေါ် အာရုံစိုက်စေသည်။ မူကြိုကျောင်းပြီးသည့်နောက်တွင် အခြေခံပညာရေးစနစ်အား ဆက်လက်သင်ယူရသည်။ ကလေးများ၏ ဉာဏ်ရည်၊ စိတ်ပိုင်းဆိုင်ရာ၊ ကာယပိုင်းနှင့် ကိုယ်ကျင့်တရား ဖွံ့ဖြိုးတိုးတက်မှုအပေါ် အာရုံစိုက်စေ၏။ ရုရှားနိုင်ငံတွင် မူလတန်းပညာရေးကို အသက် ၆ နှစ်မှ ၁၀ နှစ်အတွင်း သတ်မှတ်ပြီး အသက် ၁၀ နှစ်မှ ၁၅ နှစ်အရွယ်ရှိ ကျောင်းသားများအတွက် အကြီးတန်း သို့မဟုတ် အလယ်တန်းပညာရေးစနစ်ကို သင်ယူရ၏။ အသက် ၁၅ နှစ်အရွယ်တွင် အခြေခံ ပညာအဆင့်အား အောင်မြင်ပြီးစီးပြီဖြစ်၏။ ရုရှားနိုင်ငံတွင် အသက် ၆ နှစ်မှ ၁၅ နှစ်အကြား ကလေးများသည် ကျောင်းတက်ရန် မဖြစ်မနေလိုအပ်သည်။ အခြေခံပညာရေးသည် လူတိုင်းအတွက် အခမဲ့ဖြစ်သည်။ ကျောင်းသားတစ်ဦးသည် အဆင့်မြင့်ပညာရေးကို သင်ယူလိုပါက အထက်တန်းကျောင်း တွင် နောက်ထပ် ၂ နှစ် ပညာဆည်းပူးရမည်ဖြစ်သည်။ အခြေခံပညာအဆင့်ပြီးဆုံးပြီးနောက် နောက်ဆုံးစာမေးပွဲအားပြုလုပ်သည်။ ကျောင်းသားများအား အခြေခံအထွေထွေပညာရေးလက်မှတ် ချီးမြှင့်သည်။ အဆိုပါလက်မှတ်၏ အကူအညီဖြင့် ကျောင်းသားသည် ဝင်ခွင့်ရနိုင်သည့် အသက်မွေးဝမ်းကျောင်း ပညာရေး သို့မဟုတ် တက္ကသိုလ်မဟုတ်သောအဆင့်ထိ (အဆင့်မြင့်ပညာရေး) တက်ရောက်ရသည်။ ၎င်းမှအောင်မြင်ပြီးပါက ဘွဲ့လွန်နှင့် အဆင့်မြင့်ပညာရပ်များအား တက်ရောက်သင်ယူ နိုင်၏။ ထိုကဲ့သို့ ပညာရေးကိုအလေးပေး ဆောင်ရွက်နေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် ၂၀၂၃ ခုနှစ် World Population Review ၏ သုံးသပ်ချက်အရ ပညာရေးသည် အဆင့် ၂၃ တွင် ရှိပါသည်။ ထိုကဲ့သို့ အဆင့်ရှိသော ရုရှားနိုင်ငံတွင် ၂၀၀၁ ခုနှစ်မှစတင်၍ လက်ရှိအချိန်ထိ ရုရှားနိုင်ငံရှိ တက္ကသိုလ်အသီးသီးတွင် မြန်မာ နိုင်ငံမှ ပညာတော်သင်ကျောင်းသားများအနေဖြင့် မဟာဘွဲ့ရရှိသူ ၆၀၀၀ ကျော်၊ ပါရဂူဘွဲ့ရရှိသူ ၅၀၀ နီးပါး၊ D.Sc ဘွဲ့ရရှိ သူ ၁၁ ဦး ရှိခဲ့ပြီဖြစ်သည်။
ယနေ့ရုရှားနိုင်ငံ၏ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်မှုအပေါ် သုံးသပ်ကြည့်မည်ဆိုလျှင် ကမ္ဘာ့ပညာရေးကဏ္ဍတွင် ရုရှားနိုင်ငံရှိတက္ကသိုလ်များသည် ကမ္ဘာ့ထိပ်တန်း အဆင့်ရှိသည်ကို မျက်ဝါးထင်ထင်သိနိုင်မည်ဖြစ်၏။ ထိုသို့ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်မှုတွင် ရုရှားသမ္မတပူတင်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်ရှိ ရုရှားသိပ္ပံအကယ်ဒမီ၏ အခန်းကဏ္ဍသည် အလွန်တရာမှအရေးပါသည်။ ရုရှားသိပ္ပံ အကယ်ဒမီသည် နိုင်ငံတော်အဆင့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရုရှားတစ်နိုင်ငံလုံး၏ ဝိဇ္ဇာ၊ သိပ္ပံ၊ နည်းပညာ စသည့် ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒနှင့်သုတေသနလုပ်ငန်းများအား ကိုင်တွယ်ထိန်းချုပ်နေသော ရုရှားနိုင်ငံ၏ ပညာရေးဆိုင်ရာတစ်ခုတည်းသော အဖွဲ့အစည်းတစ်ခုပင် ဖြစ်သည်။ အဆိုပါအဖွဲ့အစည်းအောက်တွင် နိုင်ငံတော်၏ မူဝါဒအတွက်အရေးပါသည့် သင်ကြားရေးနှင့် သုတေသနဆိုင်ရာကိစ္စရပ်များအား လုပ်ဆောင်နေသော အဖွဲ့အစည်းများစွာပါရှိပြီး ၎င်းတို့အထဲတွင် အရှေ့တိုင်းလေ့လာရေး အင်စတီကျုသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။
အရှေ့တိုင်းလေ့လာရေးအင်စတီကျု၏ သမိုင်းမှာရှည်လျားလှသည်။ အရှေ့တိုင်းလေ့လာရေး အင်စတီကျုအား ရုရှားဇာဘုရင် ပထမအလက်ဇန္ဒား လက်ထက် ၁၈၁၈ ခုနှစ်ကတည်းက စိန့်ပီတာစဘတ်မြို့ သိပ္ပံပညာအကယ်ဒမီလက်အောက်ရှိ အာရှပြတိုက်တစ်ခုအဖြစ် စတင်တည်ထောင်ခဲ့သည်။ ထိုပြတိုက်ကို အရှေ့တိုင်းစာမူများသိမ်းဆည်းခြင်း၊ လာရောက်လေ့လာသည့် ဧည့်သည်များအတွက် ခင်းကျင်းပြသခြင်း၊ အရှေ့တိုင်းလေ့လာမှုများအတွက် သိပ္ပံနှင့်စည်းရုံးရေးစင်တာ အပြင် ပညာရေးဆိုင်ရာ သုတေသနအတွက် စာကြည့်တိုက်တစ်ခုအဖြစ် အသုံးပြုခဲ့သည်။ ၂၀ ရာစုအစ ပြတိုက် တည်ထောင်သည့် နှစ် ၁၀၀ ပြည့် နှစ်ပတ်လည်တွင် ပြတိုက်သည် အရှေ့တိုင်းဘာသာစကား ၄၅ မျိုးဖြင့် စာမူများစုစည်းထားသော အဓိကဗဟိုချက်နေရာဖြစ်လာခဲ့သည်။ ၁၉၂၀-၁၉၃၀ ပြည့်နှစ်တွင် သိပ္ပံအကယ်ဒမီ၏ အရှေ့တိုင်းဌာနကိုပြန်လည်ဖွဲ့စည်းခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စု၏ သိပ္ပံ အကယ်ဒမီအောက်ရှိ ပြတိုက်ကိုအခြေခံ၍ အရှေ့တိုင်းလေ့လာရေးအင်စတီကျုကို ဖွဲ့စည်းခဲ့သည်။ ဆိုဗီယက် ပြည်ထောင်စု၏ ဦးဆောင်မှုအောက်တွင် နိုင်ငံရေးဆိုင်ရာများအပြင် အခြေခံ သုတေသနလုပ်ငန်းများကိုပါ တာဝန်ပေးအပ်စေခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ရုရှားသိပ္ပံအကယ်ဒမီသည် အရှေ့တိုင်း လေ့လာရေးအင်စတီကျုကို ၎င်း၏ စိန့်ပီတာစဘတ်ဌာနခွဲမှ ခွဲထွက်ခဲ့ပြီး နောက်ပိုင်းတွင် Institute of Eastern Manuscripts အဖြစ် သီးခြားရပ်တည်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် ရုရှားအစိုးရသည် အရှေ့တိုင်းလေ့လာရေးအင်စတီကျု၏ ထိန်းချုပ်မှုကိုအခြားသော သိပ္ပံအကယ်ဒမီ ပညာရပ်ဆိုင်ရာအဖွဲ့အစည်း အားလုံးနှင့်အတူ အစိုးရအေဂျင်စီ Federal Agency for Scientific Organizations (FASO) သို့ လွှဲပြောင်းပေးခဲ့ပါသည်။
မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ
ယခုအခါ ရုရှားသိပ္ပံအကယ်ဒမီ၏ အရှေ့တိုင်းလေ့လာရေးအင်စတီကျုသည် အရှေ့တိုင်းယဉ်ကျေးမှုနှင့်သမိုင်းကြောင်းများ၊ စီးပွားရေးနှင့်နိုင်ငံရေး၊ အာရှနှင့် မြောက်အာဖရိကနိုင်ငံများ၏ ဘာသာစကားများနှင့် စာပေများကိုလေ့လာသည့် သုတေသနစင်တာအဖြစ် တိုးတက် ဖြစ်ထွန်းလာခဲ့ပါသည်။ အင်စတီကျုမှ မွေးထုတ်ပေးလိုက်သည့် သူများမှာလည်း စွမ်းဆောင်ရည်မြင့်မား သည့်အတွက် ၁၉၈၀ ပြည့်နှစ်တွင် Order of the Red Banner of Labour တံဆိပ်ချီးမြှင့်ခြင်းခံခဲ့ရသည်ကို တွေ့ရှိရသည်။ ရုရှားသိပ္ပံအကယ်ဒမီ၏ အရှေ့တိုင်းလေ့လာရေးအင်စတီကျုတွင် ဌာနပေါင်း ၁၉ ခုဖြင့် ဖွဲ့စည်းထားပြီး သိပ္ပံဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံတကာအစီအစဉ်များ၊ သုတေသနပရောဂျက်များနှင့် ထုတ်ဝေခြင်းအစီအစဉ်များ၊ နိုင်ငံတကာအရှေ့တိုင်းအသင်းများနှင့် စီးပွားရေး၊ ယဉ်ကျေးမှုနှင့်လူသားချင်းစာနာမှု ပူးပေါင်းဆောင်ရွက်ခြင်း စသည်ဖြင့် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအတွက်မူ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံ၏ ဘာသာစကား၊ မြန်မာ့သမိုင်းနှင့်ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများကို လေ့လာခဲ့ကြ၏။
တိုင်းပြည်ပျက်စီးအောင် လုပ်သူများ ကျရှုံးပျက်သုဉ်းနေမည်
နိုင်ငံတစ်နိုင်ငံ၏ အကြောင်းအရာများကို သုတေသနပြုလေ့လာရာတွင် နိုင်ငံ့အကြီးအကဲများ၏ နိုင်ငံအပေါ် ထားရှိသည့် စိတ်ထားနှင့် ဦးဆောင်မှုအပေါ်လည်း လေ့လာကြသည်မှာ ပကတိအမှန်တရားပင်ဖြစ်၏။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ယခင် NLD အစိုးရ၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတော်အာဏာအား မဲမသမာမှုနည်းလမ်းဖြင့် အတင်းအဓမ္မရယူရန်ကြိုးပမ်းခဲ့သည်ကို တားဆီးနိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာပြီး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန်တွင် ဒီမိုကရေစီကျင့်စဉ်နှင့် ဆန့်ကျင်ဘက် လက်နက်ကိုင် လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်ကို လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများသည် အပြစ်မဲ့ပြည်သူများနှင့် စစ်ရေးပစ်မှတ်မဟုတ်သည့်နေရာများကို ရည်ရွယ်ချက်ရှိစွာ ပစ်မှတ်ထား တိုက်ခိုက်လာကြသည်။ တိုင်းပြည်တည်ငြိမ်ရေးနှင့် အစိုးရယန္တရားရပ်ဆိုင်းသွားစေရန် နည်းမျိုးစုံဖြင့် ဆောင်ရွက်ခဲ့၏။ ပြည်ပမှရုပ်သံများ၊ သတင်းဌာနများစွာက အခကြေးငွေရယူ၍ ဝါဒမှိုင်းအမျိုးမျိုးဖြင့် ပြည်သူနှင့် အစိုးရ၊ တပ်မတော်အား ဝါဒဖြန့်အမုန်းတရား ရိုက်သွင်းကာ ရန်တိုက်သွေးခွဲခဲ့သည်။ နိုင်ငံတော်အကြီးအကဲနှင့် လက်အောက်ခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စိတ်ရှည်သည်းခံစွာ ဥပဒေနှင့်အညီ ဆောင်ရွက်မှုအပေါ် အခွင့်အရေးယူကာ ဆောင်ရွက်ခဲ့၏။ အဓမ္မသည် ဓမ္မကိုမယှဉ်နိုင်၊ ဓမ္မတရားသည် အချိန်တန်သည်နှင့် အမှန်တရားအဖြစ် ထွက်ပေါ်လာသည်။ တိုင်းပြည်ပျက်စီးအောင်လုပ်သူများက အချိန်ကြာလာသည်နှင့်အမျှ ကျရှုံးပျက်သုဉ်းနေမည်သာဖြစ်ပါသည်။
သုတေသနပြု လေ့လာမှတ်တမ်းတင်ထား
ထိုကဲ့သို့ အခြေအနေများကြားတွင် နိုင်ငံတော်ကို ဦးဆောင်မှုပေးရသည်က မလွယ်ကူချေ။ ပြည်တွင်း၊ ပြည်ပအတား အဆီးအနှောင့်အယှက်မျိုးစုံကြားတွင် နိုင်ငံတော်မယိမ်းမယိုင်စေရေးထိန်းသိမ်း ဖြတ်သန်းရသည့် နိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ ဦးဆောင်ဖြတ်သန်းမှုသည် ထက်မြက်သော အတွေးအခေါ်နှင့် နက်ရှိုင်းသော နှလုံးသားခံစားချက်တို့ဖြင့်သာ ဖြတ်သန်းနိုင်မည်ဖြစ်၏။ နိုင်ငံတော်အကြီးအကဲ၏ မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူများအပေါ် ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေး လက်တွဲပူးပေါင်းဦးဆောင်ဆောင်ရွက်မှု၊ တရားမျှတမှုအားအခြေခံသည့် နိုင်ငံရေးလုပ်ငန်းစဉ် ဆောင်ရွက်မှုများအား ပွင့်လင်းမြင်သာ ဆောင်ရွက်နေမှုတို့အပေါ် ရုရှားသိပ္ပံအကယ်ဒမီ အရှေ့တိုင်း လေ့လာရေး အင်စတီကျုအနေဖြင့် သုတေသနပြုလေ့လာမှတ်တမ်း တင်ထားခဲ့ပါသည်။ ထို့အပြင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း မြန်မာနိုင်ငံအစိုးရသည် နိုင်ငံရေးနှင့် စီးပွားရေးအကျပ်အတည်းအား တစ်ပြိုင်နက် ဖြေရှင်းခဲ့ ရသည်မှာလည်း ကောင်းမြတ်သော မှတ်တမ်းတစ်ခုပင်ဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ်ကစတင်ပြီး စီးပွားရေးဆိုင်ရာနှင့်ကုန်သွယ်မှုဆိုင်ရာ စီမံခန့်ခွဲမှုအားနည်းချက်များအပြင် ကိုဗစ်-၁၉ ရောဂါ၏ ကန့်သတ်မှုများကြောင့် နိုင်ငံ့စီးပွားရေးသည် ကျဆင်းခဲ့ရသည်။ တိုင်းပြည်သည် နိုင်ငံခြားဝင်ငွေများ ရရှိခဲ့ခြင်းမရှိခဲ့ဘဲ ပြည်ပကသွင်းကုန်များကိုသာ တင်သွင်း ခဲ့မှုများကြောင့် ကုန်သွယ်မှုလိုငွေများစွာ ဖြစ်ပေါ်ခဲ့ရသည်။ ထို့ပြင်အချို့သော နိုင်ငံတော်အဆင့်နှင့် ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်များ၏ အဂတိလိုက်စားမှုကိစ္စရပ်များသာမက မလျော်မကန်သည့် အာဏာသုံးဆောင်ရွက်မှုများကြောင့် တိုင်းပြည်၏ စီးပွားရေးသည် များစွာထိခိုက်နစ်နာဆုံးရှုံးခဲ့ရမှုများရှိခဲ့ သည်။ ထိုသို့သော အခြေအနေအရပ်ရပ်ကြောင့် တိုင်းပြည်သည် တိုးတက်သင့်သလောက် မတိုးတက်ဘဲ ဒေသတွင်းနိုင်ငံများနှင့် ယှဉ်လျှင် နောက်ကျကျန်ရစ်ခဲ့ရသည်။
နိုင်ငံတော်အကြီးအကဲသည် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း ပြည်ပချေးငွေနှင့် ထောက်ပံ့ငွေများ ရရှိခဲ့မှုမရှိသော်လည်း နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအား ရသမျှသောခွန်အားဖြင့် ဆောင်ရွက်ခဲ့ရသည်။ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် စီးပွားရေးတိုးတက် မှုနှုန်း အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ရာမှ ကြားကာလ ၆ လ စီမံကိန်း အကောင်အထည်ဖော်မှုတွင် ၂ ဒသမ ၄ ရာခိုင်နှုန်း၊ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်း အထိ ပြန်လည်တိုးတက်လာခဲ့သည်။ နိုင်ငံအကြီးအကဲတစ်ဦး၏ စီးပွားရေး အခြေခံသဘောတရားများအပေါ် သိရှိနားလည်သည်သာမက အဆင့်ဆင့်ဖြတ်သန်းခဲ့ရသော ဘဝအတွေ့အကြုံမှရရှိခဲ့သည့် အတွေးအခေါ်အသိများက နိုင်ငံတစ်နိုင်ငံ ယိမ်းယိုင်နေသောအခြေအနေမှ အကောင်းဆုံးရုန်းထွက်နိုင်ခြင်း ၏ သာဓကပင်ဖြစ်သည်။ ယနေ့ နိုင်ငံတော်အကြီးအကဲ၏ လုပ်ဆောင်ချက်များသည် မိမိစိတ်ခံစားချက်အပေါ် ဦးစားပေး လုပ်ဆောင်နေခြင်းမဟုတ်ဘဲ နိုင်ငံတော်အတွက် အကောင်းဆုံးဖြစ်မည့် လမ်းကြောင်းကို ရေရှည်မြော်မြင်မှု၊ ဆင်ခြင်တုံတရားလက်ကိုင်ထား၍ သတိတရားဖြင့် တည်ဆောက်နေခြင်းဖြစ်သည်ကို တွေ့ရသည်။ ဆင်ခြင်စဉ်းစားနိုင်စွမ်းမရှိသူအတွက် စိတ်ခံစားမှုသည် အဓိက ဖြစ်သောကြောင့်လုပ်ချင်ရာကို လုပ်တတ်သည့်သဘောရှိ၏။ လုပ်သင့်သည်ကို မလုပ်ကိုင်ဘဲ လျစ်လျူရှု၏။ သုတေသနပြုသူတို့သည် ထိုမျှသော အခြေခံအချက်အပေါ်က စိစစ်ကြည့်ရှုသုံးသပ်လေ့လာ ၏။ ရုရှားသိပ္ပံအကယ်ဒမီအနေဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအပေါ်တွင်လည်း သုတေသနပြု၍ စိစစ်သုံးသပ် အကဲဖြတ်ခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ရောဂါကြိုတင်ကာကွယ်ရေး၊ ကုသရေးလုပ်ငန်းစဉ်များနှင့် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများတွင် မိမိရင်ဝယ်သားကဲ့သို့ သဘောထားကာအယုတ်၊ အလတ်၊ အမြတ်၊ ရန်သူ၊ မိတ်ဆွေမရွေး လူသားချင်းစာနာထောက်ထားမှုများစွာကိုလည်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်အကြီးအကဲသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ရေရှည်အကျိုးစီးပွားအတွက် မှတ်ကျောက်တင်ထူးခြားသည့် စွမ်းဆောင်မှုများဖြင့်သာ အလေးပေးဆောင်ရွက်ခဲ့၏။ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်အနေနှင့် ကမ္ဘာ့အင်အား ချိန်ခွင်လျှာမျှတရေးအတွက် အမြော်အမြင်ရှိရှိ ဉာဏ်ပညာပြည့်ဝစွာဖြင့် ရုရှား ခေါင်းဆောင်နှင့်အတူ အတူတကွပူးပေါင်းဆောင်ရွက်နေသည်မှာ မြန်မာ့နိုင်ငံရေးသမိုင်း၏ မော်ကွန်းတင်မည့် စွမ်းဆောင်ရည်များပင်ဖြစ်၏။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးသမိုင်းအား စဉ်ဆက်မပြတ် သုတေသနပြုလေ့လာနေပြီး ရုရှားသိပ္ပံအကယ်ဒမီ အရှေ့တိုင်းလေ့လာရေး အင်စတီကျု၏ ပညာရေးကောင်စီက မငြင်းပယ်နိုင်လောက်အောင် တညီတညွတ်တည်း မဲခွဲဆုံးဖြတ်ခဲ့ပြီး “ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့” အားပေးအပ်ခဲ့ရသည်။
အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့၏ နိုင်ငံတော်ကြီး စည်းလုံးညီညွတ်ပြီး သာယာဝပြောလာအောင်စောင့်ရှောက်ခဲ့သည့် ရှေးမြန်မာမင်းတို့၏ စွမ်းဆောင်မှုများအား ယနေ့ နောင်လာနောက်သားများက အစဉ်အမြဲ ကျေးဇူးတင်ဦးခိုက်နေလျက်ရှိပါသည်။ ယနေ့ နိုင်ငံတော်အကြီးအကဲ၏ စွမ်းဆောင်မှုများအားလည်း ပြည်ပအင်အားကြီးနိုင်ငံက အသိအမှတ်ပြုသကဲ့သို့ နောင်ဝယ်ငယ်သားများကလည်း အသိအမှတ်ပြု လေးစားအားကျနေမည်သာဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် “အကောင်းမြင်စိတ်မရှိသူက အခွင့်အရေးကို အခက်အခဲဟုသာမြင်မိဖြစ်၏။ အပြုသဘောစိတ်ဓာတ်ရှိသူက အခက်အခဲကို အခွင့်အရေးဟုသာ မြင်မိဖြစ်၏။” နိုင်ငံတော် အကြီးအကဲသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် ကြုံတွေ့လာသော အခက်အခဲ အခြေအနေအရပ်ရပ်အပေါ် နာယကဂုဏ်ခြောက်ပါးဖြင့်သာ ဦးဆောင် ဦးရွက်ပြုဆောင်ရွက်ခဲ့သည်မှာ သမိုင်း သက်သေတည်နေပြီဖြစ်၏။ ကမ္ဘာ့ထိပ်တန်းနေရာတွင် ရပ်တည်လျက်ရှိပြီး စွမ်းရည်ထက်မြက်သူများကိုသာ မွေးထုတ်ပေးလျက်ရှိသည့် ရုရှားသိပ္ပံအကယ်ဒမီ အရှေ့တိုင်းလေ့လာရေး အင်စတီကျုမှပေးအပ်သည့် လက်ခံရယူရန်ခက်ခဲသည့် “ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့”ကို လက်ခံရရှိခဲ့သည့် နိုင်ငံတော်အကြီးအကဲ၏ စွမ်းဆောင်ချက်များအပေါ် ထိုက်တန်စွာအသိအမှတ် ပြုလေးစားဂုဏ်ယူမိပါတော့၏။ ။
No comments:
Post a Comment