မြန်မာတစ်မျိုးသားလုံးအလေးအမြတ်ထားပြီး ပျော်ရွှင်စွာဆင်နွှဲကြသည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလကို ယခင်နှစ်များနည်းတူ ၂၀၂၃ ခုနှစ်တွင်လည်း မြန်မာ့ရိုးရာ အစဉ်အလာများနှင့်အညီ ဆင်နွှဲသွားမည်ဖြစ်ပါသည်။ ထိုသို့ဆင်နွှဲရာတွင် ဖျော်ဖြေမှုအနေဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ/ ဝန်ကြီးဌာနများအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာများသည် မဟာသင်္ကြန်တေးသီချင်းများကို ဖျော်ဖြေသီဆိုမှုများ၊ တင်ဆက်ကပြမှုများကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထိုသို့ နိုင်ငံတော်အစိုးရကိုယ်စားပြုလုပ်သည့် မြို့တော်ဝန်မဏ္ဍပ်များနှင့် ယခုနှစ်မှ နေပြည်တော်တွင် စတင်ပြုလုပ်မည့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များ တွင် သင်္ကြန်နှင့်သက်ဆိုင်သော တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက အများပြည်သူသို့ အခမဲ့ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။
သို့ဖြစ်ရာ စီးပွားရေးအကျိုးအမြတ်အတွက်မဟုတ်ဘဲ အများပြည်သူဖျော်ဖြေရေးအတွက် ရည်ရွယ်ဆောင်ရွက်သော အထက်ပါနေရာများ၌ သီဆိုဖျော်ဖြေခြင်း၊ ထုတ်လွှင့်ဖော်ပြခြင်းများတွင် ပါဝင်သည့် တေးသီချင်းများအား မေတ္တာဖြင့် အခမဲ့သုံးစွဲခွင့်ပြုနိုင်ပါရန် မူပိုင်ခွင့်ရှိသည့် ပညာရှင်ကြီးများကို လေးစားစွာ မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
ထိုသို့ အသုံးပြုခွင့်ပေးသည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက သက်ဆိုင်သည့် မူပိုင်ခွင့်ရှိသူ ပုဂ္ဂိုလ်တစ်ဦးချင်းစီအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန
No comments:
Post a Comment