နေပြည်တော် ဧပြီ ၄
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်များနှင့် ဆေးပညာ နှီးနွှယ်တက္ကသိုလ်များတွင် ၂၀၂၄ ခုနှစ် ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများဖွင့်လှစ်ရန် ဘွဲ့လွန် ဆေးပညာသင်ကြားရေးအဖွဲ့ အစည်းအဝေး(၁/၂၀၂၃)ကို ယနေ့နံနက် ၁၀ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၊ တပ်မတော်ဆေးတက္ကသိုလ်နှင့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ဝင် ပါမောက္ခ/ဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်းများကို ၁၉၆၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့သော ဘွဲ့လွန်သင်တန်းများမှ ဒီပလိုမာ ဘွဲ့ရရှိသူပေါင်း ၃၇၇၃ ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ရရှိသူပေါင်း ၁၁၁၀၃ ဦးနှင့် ပါရဂူဘွဲ့ရရှိသူပေါင်း ၁၅၇၈ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် ဒီပလိုမာသင်တန်းရှစ်ခု၊ မဟာသိပ္ပံသင်တန်း ၄၃ ခုနှင့် ပါရဂူဘွဲ့သင်တန်း ၄၃ ခု စုစုပေါင်း ၉၄ ခုဖွင့်လှစ်နိုင်ခဲ့ပြီး ဒီပလိုမာသင်တန်းသို့ တက်ရောက်ခွင့်ရရှိသူ ၁၄ ဦး၊ မဟာသိပ္ပံသင်တန်းသို့ တက်ရောက်ခွင့်ရရှိသူ ၃၀၈ ဦးနှင့် ပါရဂူဘွဲ့သင်တန်း သို့ တက်ရောက်ခွင့်ရရှိသူ ၁၃၃ ဦး စုစုပေါင်း ၄၅၅ ဦး ဘွဲ့လွန်သင်တန်းများသို့ တက်ရောက်ခွင့်ရရှိခဲ့ကြောင်း၊ ယခုနှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများကို တက္ကသိုလ်အလိုက် ဝင်ခွင့်ခေါ်ယူရာတွင်လည်း ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအပါအဝင် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ လိုအပ်ချက်များ၊ ပြင်ဆင်တိုးချဲ့သော ဖွဲ့စည်းပုံများနှင့် ကိုက်ညီမှုရှိအောင် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဦးစီးဌာနများအားလုံး ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း။
ပညာရပ်ပိုင်းဆိုင်ရာ အရည်အသွေးပြည့်မီစေရန် သင်ကြားပေးရုံမျှမကဘဲ ကျင့်ဝတ်ပိုင်းဆိုင်ရာများကိုပါ သင်ကြားလေ့ကျင့်ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျန်းမာ ရေးဝန်ထမ်းများ၏ ရာထူးအခွင့်အလမ်းများနှင့်ပတ်သက်၍ အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင်လည်း အထူးပြုဘာသာရပ်အလိုက် လူ့စွမ်းအားအရင်းအမြစ်လိုအပ် ချက်နှင့်အညီ ခေါ်ယူနိုင်ရေး ဆောင်ရွက်သွားစေလိုကြောင်း၊ ကုသရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအနေဖြင့် သင်ကြားရေးတာဝန်များကိုလည်း တွဲဖက်တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များတွင်ဖွင့်လှစ်မည့် ဘွဲ့လွန်ဆေးပညာဘာသာရပ်အလိုက်၊ တက္ကသိုလ်အလိုက် အများဆုံးလက်ခံသင်ကြားပေးနိုင်မည့် လျာထားဦးရေကို အတည်ပြုဆွေးနွေးသွားမည်ဖြစ်သည့်အတွက် ယခုအစည်းအဝေးမှ ထွက်ပေါ်လာသည့် သဘောတူဆုံးဖြတ်ချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ဥက္ကဋ္ဌ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဘွဲ့လွန်ဆေးပညာသင်တန်းဝင်ခွင့်ခေါ်ယူရေး လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ အတွင်းရေးမှူးက ၂၀၂၄ ခုနှစ် ပညာသင်နှစ် အတွက် ဘွဲ့လွန်ဆေးပညာသင်တန်းများကို တက္ကသိုလ်အလိုက်ဝင်ခွင့်ခေါ်ယူရေးကိစ္စ၊ ဝင်ခွင့် စာမေးပွဲစစ်ဆေးမည့် အစီအစဉ်များ၊ အမှတ်ပေးစနစ်များ၊ ဝင်ခွင့်ခေါ်ယူမည့် လုပ်ငန်းအစီအစဉ်များ၊ ဘာသာရပ်အလိုက် လျာထားဦးရေများ၊ ဆေးတက္ကသိုလ်များတွင် အသစ်ဖွင့်လှစ်လိုသည့် ဘွဲ့လွန်သင်တန်းများ၏ သင်ရိုးညွှန်းတမ်းများကို အသေးစိတ်ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက တက္ကသိုလ်အလိုက် သတ်မှတ်ထားသော ဘွဲ့လွန်ဘာသာရပ်အလိုက် လျာထားဦးရေ၊ အသစ်ဖွင့်လှစ်လိုသည့် ဘွဲ့လွန်သင်တန်းများ၏ သင်ရိုး ညွှန်းတမ်းများနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ အစည်းအဝေး(၁/၂၀၂၃)ကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment