Saturday, March 11, 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်ချက်များ

 

သမိုင်းကြောင်း

မြန်မာနိုင်ငံသည် ၁၉၄၇ ခုနှစ်တွင် ပြည်သူ့ထောက်ပံ့ရေးပစ္စည်းများ ခိုးယူခြင်းမှ ကာကွယ်သည့်ကော်မတီကို ဖွဲ့စည်း၍လည်းကောင်း၊ ပြည်သူ့ပစ္စည်းကာကွယ်ရေးရဲအဖွဲ့ကို ဖွဲ့စည်း၍ လည်းကောင်း လာဘ်ပေးလာဘ်ယူနှင့် အဂတိလိုက်စားမှုများကို ရာဇသတ်ကြီး (Penal Code)အရ အရေးယူခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် အဂတိ လိုက်စားမှုတားမြစ်ရေးအက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၅၁ ခုနှစ်၌ အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဌာန အက်ဥပဒေကိုပြဋ္ဌာန်း၍ အထူးစုံစမ်းစစ်ဆေးရေးဌာနကို နိုင်ငံတော်ဝန်ကြီးချုပ်၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင် ဖွဲ့စည်းခဲ့ပြီး အဂတိ လိုက်စားမှုများကို အရေးယူဆောင်ရွက်ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ကဏ္ဍအလိုက် ပြဋ္ဌာန်းထားသည့်ဥပဒေများတွင် အဂတိလိုက်စားမှု တားမြစ်ရေးနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များ ထည့်သွင်းပြဋ္ဌာန်းထားပြီး အဂတိလိုက်စားမှုများကို အရေးယူ ဆောင်ရွက်ခဲ့သည်။

ကမ္ဘာတစ်ဝန်း အဂတိလိုက်စားမှုနှင့်ဆက်စပ်နေသည့် နိုင်ငံ ဖြတ်ကျော်လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု စသည်တို့ကို တားဆီး ကာကွယ်ရန်၊ အရေးယူအပြစ်ပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ကုလသမဂ္ဂသည် ၂၀၀၃ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းကို အတည်ပြုခဲ့သည်။ မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ်တွင် ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းကို လက်မှတ် ရေးထိုးခဲ့ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် အတည်ပြုဝင်ရောက်ခဲ့သည်။ ၂၀၁၃ ခုနှစ် သြဂုတ်လတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ ၂၅-၂-၂၀၁၄ ရက်စွဲပါအမိန့် အမှတ် ၆/၂၀၁၄ ဖြင့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ကို ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင် ၁၃ ဦး တို့ဖြင့် ဖွဲ့စည်းခဲ့ပြီး ၄-၈-၂၀၁၄ ရက်စွဲပါအမိန့်အမှတ် ၁၉/၂၀၁၄ ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖြစ် အမည်ပြောင်းလဲ သတ်မှတ်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဩဂုတ်လတွင် ကော်မရှင်ရုံးဖွဲ့စည်းခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့်အညီ ကော်မရှင်ကသာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကိစ္စရပ်များအတွက် အရေးယူဆောင်ရွက်နိုင်သော အဖွဲ့အစည်းဖြစ်လာသည်။ ၂၃-၁၁-၂၀၁၇ ရက်နေ့တွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် ၁၀ ဦးပါဝင်သည့် ဒုတိယအကြိမ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို လည်းကောင်း၊ တတိယအကြိမ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ၂၀-၂-၂၀၂၁ ရက်နေ့တွင် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ၂၀၁၈ ခုနှစ်မှစ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်ကို လေးနှစ် တစ်ကြိမ်ရေးဆွဲပြီး ရေးဆွဲထားသည့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းဧရိယာနှင့် လုပ်ငန်းစဉ်များအပေါ်မူတည်၍ နှစ်စဉ်လုပ်ငန်းစီမံချက် (Action Plan) များရေးဆွဲလျက် လုပ်ငန်းစဉ် ၁၀ ရပ်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

အနာဂတ်မျှော်မှန်းချက်(Vision)

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုများကို အများပြည်သူတို့နှင့်အတူ လက်တွဲ၍ နိုင်ငံတစ်ဝန်း တွန်းလှန် တိုက်ဖျက်ခြင်းဖြင့် အများပြည်သူတို့၏ဘ၀များ သာယာဝပြောလာ စေရန် (Fighting Corruption together for Public Prosperity) ဟူသော အပြုသဘောအယူအဆကို ကော်မရှင်၏အနာဂတ်မျှော်မှန်းချက် (Vision) အဖြစ် သတ်မှတ်ထားသည်။ မျိုးဆက်သစ်များအတွက် ရည်ရွယ်သော အဆိုပါအနာဂတ်မျှော်မှန်းချက်ကို ရည်ညွှန်း၍ကော်မရှင်၏ ဆောင်ပုဒ်ကို “အဂတိပယ်ခွာ ပြည်သာယာ (Remove Corruption, Promote Prosperity)” ဟူ၍ သတ်မှတ်ထားသည်။

ရည်မှန်းချက်တာဝန် (Mission)

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည့် ရည်ရွယ်ချက် (၆) ချက်ကို ကော်မရှင်၏ ရေရှည်မဟာဗျူဟာ ရည်မှန်းချက်တာဝန်အဖြစ် ဦးတည်ချက်ထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

မဟာဗျူဟာ ရည်မှန်းချက်များ (Objectives)

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်ကာလကို ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ဒုတိယကာလတို လေးနှစ်တာကာလ သတ်မှတ်ထားသည်။ အဆိုပါ ကာလတိုအတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် အဂတိလိုက်စားမှုအခြေအနေများကို အောက်ပါအတိုင်း မဟာဗျူဟာရည်မှန်းချက်များ သတ်မှတ်၍ ထိရောက်စွာ တိုက်ဖျက်သွားမည်ဖြစ်ပါသည်-

(က) သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖြစ်ထွန်းစေရန် ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ ပေးအပ်လာသော လုပ်ငန်းတာဝန်များကို အားသွန်ခွန်စိုက်ကြိုးပမ်း အားထုတ် ဆောင်ရွက်သွားရမည်၊

(ခ) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တည်ဆောက်ခြင်း၊ ဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းများတွင် အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်နေသော ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေဆုံးရှုံးမှုကို ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု တို့ဖြင့် လျှော့ချနိုင်ရမည်၊

(ဂ) အများပြည်သူဆိုင်ရာအဖွဲ့အစည်းများတွင် စနစ်တစ်ခုကဲ့သို့ နက်ရှိုင်းစွာပျံ့နှံ့နေသော အဂတိလိုက်စားမှု (Syste-mic Corruption) ကို သိသာထင်ရှားစွာ ကျဆင်းသွားစေ ရန် တိုက်ဖျက်ရမည်၊

(ဃ) ကမ္ဘာ့ဘဏ်မှထုတ်ပြန်သော ကောင်းမွန်သောစီမံအုပ်ချုပ်မှု ဆိုင်ရာညွှန်းကိန်း (Worldwide Governance Indicators – WGI)တွင် အဂတိလိုက်စားမှု ထိန်းချုပ်နိုင်ခြင်း (Control of Corruption) ညွှန်းကိန်း သိသာထင်ရှားစွာ အဆင့် တိုးတက် လာစေရမည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးခြင်း

ကော်မရှင်သည် လျှို့ဝှက်ထိန်းသိမ်းရမည့် သတင်းအချက်အလက်များမှအပ ကော်မရှင်၏လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများ၊ ဆောင်ရွက်ချက်များကို အများပြည်သူ လက်လှမ်းမီ သိရှိနိုင်စေရန်နှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာများ မြင့်မားတိုးတက်စေရန်အတွက် ကော်မရှင်၏ WebsiteFacebook Page နှင့် နိုင်ငံပိုင်သတင်းစာများတွင် သတင်း၊ ဆောင်းပါးများ အချိန် နှင့်တစ်ပြေးညီ ထည့်သွင်းဖော်ပြလျက်ရှိပြီး နိုင်ငံပိုင်ရုပ်မြင်သံကြားများ တွင်လည်း အသိပညာပေးဇာတ်လမ်းတိုများ ထုတ်လွှင့်လျက်ရှိသည်။ ၎င်းအပြင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှစ၍ “အဂတိ ပယ်ခွာ ပြည်သာယာဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” Facebook Page ကို ဖွင့်လှစ်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Post များကို အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင် တင်ပြလျက်ရှိသည်။

ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးကဏ္ဍကို ပိုမို တိုးမြှင့်ဆောင်ရွက်သည့်အနေဖြင့် ၂၀၂၂ ခုနှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်းများကို ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

ကော်မရှင်သည် မဟာဗျူဟာစီမံချက်နှင့်အညီ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ဆရာကိုင်စာအုပ်များ ပြုစု၍ ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ရည်ညွှန်း စာစောင်များပါ သင်ခန်းစာများကို အခြေခံပညာအဆင့်နှင့် ပညာရေးတက္ကသိုလ် သင်ရိုးညွှန်တမ်းများတွင် ထည့်သွင်းရေးဆွဲသင်ကြားလျက်ရှိသည်။ ၎င်းအပြင်UNODC ၏ (Education for Justice (E4J) Initiative University Module Series) မှ Anti-Corruption Module နှင့် Integrity & Ethics Module တို့ကို ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ဘာသာပြန်ဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့်နှင့် ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်တက္ကသိုလ်အဆင့် ရည်ညွှန်း စာစောင်များအဖြစ် ထုတ်ဝေခဲ့ပြီး ပညာရေးဝန်ကြီးဌာနအပါအဝင် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန/အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ရုံးများ၊ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများသို့ ဖြန့်ဝေနိုင်ခဲ့သည်။

၎င်းအပြင် “မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းများ၊ တက္ကသိုလ်များတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး (Edu-tainment) အစီအစဉ်”အဖြစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်များတွင် အသိပညာပေးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကော်မရှင်ရုံးခွဲများ တည်ရှိသည့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် မော်လမြိုင်မြို့များရှိ အခြေခံပညာကျောင်းများတွင် ကျယ်ပြန့်စွာအသိပညာပေး ဆောင်ရွက်လျက်ရှိသည်။

အသိပညာပေးပြခန်းနှင့် အသိပညာပေးစာစောင်များ ဖြန့်ဝေခြင်း

ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်ထားသည့် နှစ်စဉ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သည့်အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အခမ်းအနားကိုလည်း ကော်မရှင်အနေဖြင့် ၂၀၁၇ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ (၁၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၁) တွင် ကျင်းပခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ စာအုပ်စာတမ်းများ၊ လက်ကမ်းစာစောင်များ၊ မှတ်တမ်းဓာတ်ပုံ များကို ခင်းကျင်းပြသည့် အသိပညာပေးပြခန်းကိုလည်း ခင်းကျင်းပြသခဲ့သည်။

အဂတိလိုက်စားမှုတားဆီးကာကွယ်ခြင်းနှင့် အသိပညာပေးခြင်းကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများရှိ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) များ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၊ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများမှဖွင့်လှစ်သည့် သင်တန်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများတွင် ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများနှင့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတို့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေစာအုပ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။

ကော်မရှင်အနေဖြင့် စီးပွားရေးလုပ်ငန်းများတွင် ဖြောင့်မတ်တည်ကြည်မှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် စီးပွားရေးဝန်းကျင်ကောင်း ဖြစ်ပေါ်လာစေရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်ပူးပေါင်း၍ အသိပညာပေးဆွေးနွေး ဟောပြောမှုများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

စီးပွားရေးကဏ္ဍနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဆိုင်ရာ ကြေညာစာတမ်းကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခြင်းနှင့် စီးပွားရေးလုပ်ငန်းများတွင် ကျင့်ဝတ်များ ရေးဆွဲလိုက်နာကြရန် ကော်မရှင်က အမိန့်ကြော်ငြာစာ ၁၄/၂၀၁၈ ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရန် အခြေခံခိုင်မာသောကျင့်ဝတ်များ ရေးဆွဲရာတွင် အခြေခံရမည့်အချက် (၈)ချက်ကိုလည်း သတ်မှတ် ပြဋ္ဌာန်းခဲ့သည်။

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) များ ဖွဲ့စည်းဆောင်ရွက်ခြင်း

တားဆီးကာကွယ်ရေးကဏ္ဍအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်နှင့်အညီ ပြည်သူတစ်ဦးချင်းအပေါ် သက်ရောက်နေသည့် အသေးစားအဂတိလိုက်စားမှုများကို လျော့နည်း ကျဆင်းစေရန်နှင့် ပြည်သူလူထု၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်ပေးနေသည့် ဝန်ဆောင်မှုများကို ပိုမိုပြည့်စုံကောင်းမွန်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU)များကို ၂၀၁၉ ခုနှစ် မတ်လတွင် ရှေ့ပြေးစီမံကိန်းအဖြစ် အစိုးရဝန်ကြီးဌာန၊ အစိုးရအဖွဲ့အစည်း ၁၄ ခုတွင် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ၃၈ ခုတို့တွင် ဖွဲ့စည်းထားပြီးဖြစ်ပါ သည်။ ဆက်လက်၍ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့ ၁၄ ခုတို့တွင်လည်း CPU အဖွဲ့များ ဖွဲ့စည်းနိုင်ခဲ့ပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းများ ပို့ချပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ၁၉-၁-၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များအတွက် မူဝါဒပိုင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် CPU များ၏ လုပ်ငန်းတာဝန်သုံးရပ်ကို ချမှတ်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ကျင်းပပြုလုပ်ခဲ့သည့် CPU များအတွက် နည်းပညာဆိုင်ရာ သင်တန်းအမှတ်စဉ် (၂/၂၀၁၉) တွင် လုပ်ငန်းအစီအစဉ် (၆) ရပ်ကို ချမှတ်နိုင်ခဲ့သည်။

အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme-PFP) များ တိုးချဲ့ဆောင်ရွက်ခြင်း

လုပ်ငန်းအစီအစဉ် (၆)ရပ်ပါ ဆဋ္ဌမမြောက်အချက်ကို အကောင်အထည်ဖော်ဆောင်ရွက်မှု အနေဖြင့် သက်ဆိုင်ရာဌာနများ၏ ကြီးကြပ်မှုအောက်ရှိ ရုံးဌာနခွဲများ၌ ဝန်ဆောင်မှုရယူခဲ့သော ပြည်သူများ၏ တယ်လီဖုန်းများသို့ Short Code “1111” အသုံးပြု၍ SMS မှ တစ်ဆင့် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့်မေးခွန်းများ မေးမြန်းခြင်းဖြင့် တုံ့ပြန်မှုရယူ၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programme - PFP)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ ပိုမိုပူးပေါင်းပါဝင် နိုင်ရေးနိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် TV Spot Radio Spot Crawler တို့ဖြင့် ထုတ်လွှင့်လျက်ရှိသည်။

အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်အရ Short Code “1111” ဖြင့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ SMS ပေးပို့ မေးမြန်းလိုသော မေးခွန်းများကို ပွင့်လင်းမှန်ကန်စွာ ပြန်လည်ဖြေကြားပေးခြင်းဖြင့် ဌာနများအလိုက် ပြုပြင်ရန်လိုအပ်နေသည့် အားနည်းချက်များကို ပြုပြင်နိုင်ခြင်း၊ အသေးစားအဂတိလိုက်စားမှုများကို လျှော့ချနိုင်ခြင်း၊ အစိုးရအဖွဲ့အစည်းနှင့် ပြည်သူလူထုအကြား ယုံကြည်မှုတည်ဆောက် လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိပြီး ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများကို ပေးနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ ပြည်သူလူထုအနေဖြင့် “အဂတိပယ်ခွာပြည်သာယာဖို့ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်ကို ပူးပေါင်းဆောင်ရွက်ကြပါစို့” ဆောင်ပုဒ်နှင့်အညီ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) တွင် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း

မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ ကွန်ဗင်းရှင်းအကောင် အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ် ပထမစက်ဝန်း (၂၀၁၀ - ၂၀၁၅) အတွက် မြန်မာနိုင်ငံ၏ ကွန်ဗင်းရှင်း အကောင်အထည်ဖော် ဆောင်မှုအပေါ် ထိုင်းနိုင်ငံနှင့် ဘူရွန်ဒီနိုင်ငံတို့က သုံးသပ်ခဲ့ပြီး မြန်မာနိုင်ငံနှင့် တိုဂိုနိုင်ငံတို့က ကမ္ဘောဒီးယားနိုင်ငံ၏ အကောင်အထည်ဖော်ဆောင်မှုအပေါ် သုံးသပ်ခဲ့သည်။ ပထမစက်ဝန်း အတွက် မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုအပေါ် သုံးသပ်မှုအစီရင်ခံစာပါ အကြံပြုချက်များနှင့်အညီ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပြင်ဆင်ခြင်းကို ဆောင်ရွက်နိုင်ခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။ ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ် ဒုတိယစက်ဝန်း (၂၀၁၆-၂၀၂၀)အတွက် မြန်မာနိုင်ငံ၏ ကွန်ဗင်းရှင်းအကောင်အထည်ဖော် ဆောင်ရွက်မှုအပေါ် အီရတ်နိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့က သုံးသပ်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် အိုင်ဗရီကို့စ်နိုင်ငံနှင့်ပူးပေါင်း၍ နိုင်ဂျီးရီးယား နိုင်ငံ၏ အကောင်အထည်ဖော်ဆောင်မှုအပေါ် လည်းကောင်း၊ ကူဝိတ်နိုင်ငံနှင့်ပူးပေါင်း၍ ယူအေအီးနိုင်ငံ၏ အကောင်အထည်ဖော် ဆောင်မှုအပေါ် လည်းကောင်း သုံးသပ်ခဲ့သည်။ ဒုတိယစက်ဝန်းအတွက် မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုအပေါ်သုံးသပ်မှု အနှစ်ချုပ်အစီရင်ခံစာ ထွက်ပေါ်လာပြီဖြစ်ပြီး အစီရင်ခံစာပါ အကြံပြုချက်များနှင့်အညီ သက်ဆိုင်ရာကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (South East Asia Parties Against Corruption-SEA-PAC) သို့ ၁၄-၁၁-၂၀၁၃ ရက်နေ့တွင် ဝင်ရောက်ခဲ့သည်။ အဖွဲ့ဝင် နိုင်ငံဖြစ်သည့် အချိန်မှစ၍ နှစ်စဉ်ကျင်းပသည့် အဖွဲ့၏အကြီးအမှူး အစည်းအဝေးနှင့် ရုံးအဖွဲ့အစည်းအဝေးများသို့ ပါဝင်တက်ရောက် လျက်ရှိပြီး ၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက် အကြီးအမှူး အစည်းအဝေးနှင့် (၁၃) ကြိမ်မြောက် ရုံးအဖွဲ့အစည်းအဝေးတို့ကို မြန်မာနိုင်ငံ နေပြည်တော်၌ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကျင်းပပြုလုပ်သည့် အာဆီယံအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ (၁၈) ကြိမ်မြောက် အကြီးအမှူး များ အစည်းအဝေးသို့ ကော်မရှင်ဥက္ကဋ္ဌဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့တက်ရောက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဆောင်ရွက်နိုင်ခဲ့သည်။

နိုင်ငံတကာအဂတိလိုက်စားမှုတိုက်ဖျက်ရေးအကယ်ဒမီ IACA ၏ နိုင်ငံတကာအဖွဲ့အစည်း ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ၃၁-၁၁-၂၀၁၉ ရက်တွင် ၇၉ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုဝင်ရောက်ခဲ့သည်။ IACA မှကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲများ၊ ညီလာခံများသို့ ပါဝင် တက်ရောက်လျက်ရှိပြီး ၇-၁၀-၂၀၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် IACA ၏ (၁၀) ကြိမ်မြောက် အဖွဲ့ဝင်ညီလာခံသို့ ကော်မရှင်ရုံးမှ အရာထမ်းများ တက်ရောက်ခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ၁၅-၁၀-၂၀၁၅ ရက်တွင် ဗီယက်နမ်နိုင်ငံ Government Inspectorate of Vietnam နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း၊ ၁-၂-၂၀၁၇ ရက်တွင် ထိုင်းနိုင်ငံ National Anti-Corruption Commission(NACC)နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း၊ ၁၅-၁-၂၀၁၈ ရက်တွင် လာအိုနိုင်ငံ State Inspection and Anti-Corruption Authority (SIAA) နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း၊ ၃၀-၅-၂၀၁၈ ရက်နေ့တွင် ကိုရီးယားနိုင်ငံ Anti-Corruption and Civil Rights Commission (ACRC) နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း၊ ၃၀-၁၀-၂၀၁၉ ရက်တွင် ဒိန်းမတ်နိုင်ငံနှင့် စစ်တမ်းကောက်ယူခြင်း၊ ဆန်းစစ်အကဲဖြတ်ခြင်း၊ အခြားစွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများတွင် နည်းပညာအကူအညီပေးရေးအတွက် Letter of Intent(LOI) လက်မှတ်ရေးထိုးခြင်းနှင့် ၇-၉-၂၀၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာအား Online မှ တစ်ဆင့် လက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ကော်မရှင်ရုံးနှင့် ရုံးခွဲများဖွင့်လှစ်ခြင်း

ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်နှင့်အညီ ၂၀၁၉ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ရန်ကုန်ရုံးခွဲနှင့် မန္တလေးရုံးခွဲကို လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် မော်လမြိုင်ရုံးခွဲနှင့် တောင်ကြီးရုံးခွဲကိုလည်းကောင်း ဖွင့်လှစ်နိုင်ခဲ့သည်။ ၎င်းအပြင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၊ တိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမိုထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကော်မရှင်ရုံး ၏ဖွဲ့စည်းပုံကို ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁) အရ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှစ၍ ကော်မရှင်ရုံး အဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေး ဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ၎င်းအပြင် ကော်မရှင်ရုံး(ရုံးချုပ်)အပါအဝင် ရုံးခွဲလေးခုတို့၌ အရာထမ်း ၂၂၅ နေရာ၊ အမှုထမ်း ၆၁၃ နေရာ စုစုပေါင်းရာထူး ၈၃၈ နေရာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို စတင်ဖွဲ့စည်း ခဲ့သော ၂၀၁၄ ခုနှစ် ကော်မရှင်၏ ပထမသက်တမ်းမှ ယခုတတိယ အကြိမ်သက်တမ်းအထိ အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေး အရေးယူခြင်းများ ပြုလုပ်နိုင်ရေး၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးရေး အစီအစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာ ဗျူဟာစီမံချက်များ ချမှတ်ခြင်း၊ ကော်မရှင်တွင် လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်ရေးဆွဲ ထုတ်ပြန်ခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပြင်ဆင်ခြင်းနှင့် နည်းဥပဒေများရေးဆွဲခြင်း၊ တိုင်ကြားစာများအား စနစ်တကျ စိစစ်ဆောင်ရွက်ခြင်း၊ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများတွင် ဖွဲ့စည်းထားသော အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံတကာနှင့် ဒေသတွင်းရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အလေးထားဆောင်ရွက်လျက် ရှိသည်။ ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အဟန့်အတားဖြစ်သည့် အဂတိလိုက်စားမှုကို စဉ်ဆက်မပြတ်တိုက်ဖျက်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူသည့် တတိယအကြိမ် ကော်မရှင်သက်တမ်းကာလတွင် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ တံစိုးလက်ဆောင်ပေးခြင်း၊ ရယူခြင်းဖြင့် ကျူးလွန်သည့် အဂတိလိုက်စားမှုများကိုသာမက တည်ဆဲ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်၍ နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်းဖြင့် အများပြည်သူအကျိုးစီးပွား ထိခိုက်နစ်နာမှုများကိုလည်း စုံစမ်းစစ်ဆေးပြီး အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်လျက်ရှိသည်။ ကော်မရှင် အနေဖြင့် စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုအရေးယူဆောင်ရွက် နိုင်မှုမှာ နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ ၆၄ ဦး၊ အဆင့်မြင့်အရာရှိ ၃၅ ဦး၊ အရာထမ်း ၇၃ ဦး၊ အမှုထမ်း ၇၃ ဦး၊ ပြည်သူ့ဝန်ထမ်း ၁၉ ဦး၊ အခြား ပုဂ္ဂိုလ် ၂၈ ဦး စုစုပေါင်း ၂၉၂ ဦးကို အရေးယူနိုင်ခဲ့ကြောင်း တွေ့ရှိရသည်။

ရှုမြင်သုံးသပ်ခြင်း

အဂတိလိုက်စားမှုပြဿနာသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့ရောက်ရှိနေပြီး နိုင်ငံများအားလုံး (ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ)တွင် အစိုးရပိုင်း၊ ပုဂ္ဂလိကပိုင်းနှင့် အမြတ်အစွန်းအတွက် မဟုတ်သည့် ကုသိုလ်ဖြစ်လှူတန်းရေးအဖွဲ့များတွင်ပါ အမြစ်တွယ်နိုင်ကြောင်း သတိပြုလာရပြီ ဖြစ်သည်။ အဂတိလိုက်စားမှုသည် နိုင်ငံရေးနယ်ပယ်တွင် ယခင်ကာလများထက် ပိုမိုပတ်သက်ပါဝင်လာနေပြီ ဖြစ်ကြောင်းနှင့် အဂတိလိုက်စား ကိုယ်ကျိုးရှာအကျင့်ပျက်မှုများသည် နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြီးမားသည့်အဟန့်အတားဖြစ်သည့်အတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များတွင် အဂတိလိုက်စားမှု ပပျောက်ရေးလုပ်ငန်းတစ်ရပ်ကို ဦးစားပေးအစီအစဉ်အဖြစ် ပါဝင်သင့် ကြောင်း ရှုမြင်သုံးသပ်လာကြသည်။

နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍများတွင် တိုးတက်မှုရရှိစေရန် အဂတိလိုက်စားမှု ကင်းစင်ရေးသည် အထူးအရေးကြီးသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ပေါ်လစီမူဘောင် ဖွံ့ဖြိုးတိုးတက်ရေး၊ ဥပဒေမူဘောင်ခိုင်မာရေးနှင့် ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေးတို့ကို အလေးထား၍ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေး စနစ်ဖြစ်ထွန်းရေး၊ အများပြည်သူဆိုင်ရာအုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူမှုမြင့်မားရေးတို့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါသည်။

ရည်ညွှန်းကိုးကားသည့် စာအုပ်စာစောင်များ

-         အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ

-         ကော်မရှင်၏ နှစ်ပတ်လည်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာများ

-         ကော်မရှင်၏ (၂၀၂၂-၂၀၂၅) မဟာဗျူဟာစီမံချက်

No comments:

Post a Comment