မောင်သမ္မာဒိဋ္ဌိ
မြန်မာနိုင်ငံသမိုင်းတွင် တွေ့ကြုံခဲ့ရသည့် သူ့ကျွန်ဘဝသည် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်မြင့်မားရေးကို အမြဲတစေ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ဖော်ပြနေသည့် အဓိကကျသော သမိုင်းရေးသင်ခန်းစာတစ်ခု ဖြစ်ပါသည်။ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် ဝံသာနုရက္ခိတတရား(မျိုးစောင့်တရား)ကို အရင်းခံခဲ့သောကြောင့်သာ ယနေ့တိုင် ပြည်ထောင်စုမြန်မာနိုင်ငံ တော်နှင့် မြန်မာလူမျိုးဟူ၍ တည်ရှိနေနိုင်ခြင်းပင် ဖြစ်ပါသည်။
‘မြန်မာ’ တည်းဟူသော အမည်သည်တိုင်းရင်းသား
လူမျိုးတစ်မျိုးတည်းကို ရည်ညွှန်းကိုယ်စားပြုသည့်အမည် လုံးဝမဟုတ်ပါ။ မြန်မာအဘိဓာန်ကျမ်းကြီးတွင်
‘နှစ်ရှည် ကာလရှည်စွာ အစဉ်အဆက် ပျံ့နှံ့စွာ အတူတကွ အခြေစိုက်နေထိုင်သော
တိုင်းရင်းသားလူမျိုး’ ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ထို့ကြောင့်
‘မြန်မာ’ဟူသော အမည်နာမသည် ပြည်ထောင်စုဖွားတိုင်းရင်းသား
မျိုးနွယ်စုအားလုံးအတွက် ပေါင်းရုံးသိမ်းကျုံးကာ ခေါ်ဝေါ်သတ်မှတ်ထားသည်မှာ ထင်ရှားလှပါသည်။
အင်္ဂလိပ်ဘာသာအားဖြင့်လည်း “ပြည်ထောင်စု မြန်မာနိုင်ငံ”
(Union of Myanmar) ဟု ဖွင့်ဆိုသတ်မှတ်ထားခြင်း ဖြစ်ပါသည်။
တစ်ခုတည်းသော ပိုင်နက်နယ်မြေ နယ်နိမိတ်အတွင်း၌ နှစ်ပရိစ္ဆေဒ ရှည်ကြာလှစွာကတည်းကပင် ဘိုးဘေးဘီဘင် အစဉ်မပြတ် နေရာဒေသဖြန့်၍ ပျံ့နှံ့ကူးလူးသွားလာ ဆက်ဆံပေါင်းသင်း မှီတင်းအခြေစိုက် လိုက်ပါနေထိုင်လာကြကုန်သော ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးကို ကိုယ်စားပြုအမည် စကားလုံးနှစ်လုံးတည်းဖြင့် ပေါင်းရုံးကာ ‘မြန်မာ’ဟု ခေါ်ဆိုခြင်းပင် ဖြစ်ပါသည်။
နှစ်ပေါင်းထောင်ချီ၍ ကြာရှည်တည်တံ့လာခဲ့သော မြန်မာ့သမိုင်းသည်
မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ ဝံသာနုရက္ခိတတရား ရှိကြသူများ၏ သမိုင်းသာဖြစ်ပါသည်။
အနော်ရထာအစ၊ ဘုရင့်နောင် အလယ်၊ အလောင်းဘုရားအဆုံး မြန်မာ့သမိုင်းကို လက်ရုံးရည်၊ နှလုံး
ရည်တို့ဖြင့် ဖန်တီးတည်ဆောက်နိုင်ခဲ့ကြသူတို့သည် မျိုးချစ်စိတ်ဓာတ်၊ ဝံသာနုရက္ခိတတရားကို
နှလုံးသွင်း ကျင့်ကြံဆောင်ရွက်ခဲ့ကြသူများပင် ဖြစ်ပါသည်။ ထိုခေါင်းဆောင်ကြီးများသည်
ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် အမျိုး၊ ဘာသာ၊ သာသနာတို့ကို ထိန်းသိမ်းမြှင့်တင်
ကာကွယ်စောင့်ရှောက်ခဲ့ကြပါသည်။
သူ့ကျွန်အဖြစ် နွံနစ်ခဲ့ရသည့် ဘဝမှာ ၁၂၄ နှစ်ကြာ
သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍
ကုန်းဘောင်နေမီး၊ မထိန်ညီးက
တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင်
ထီးသုဉ်း နန်းသုဉ်း၊
မြို့သုဉ်းသုည၊ သုဉ်းဘဝဖြင့်
ကြုံရပြန်လစ်၊ သုညခေတ်ဝယ်
ဖြစ်လာရလေ၊ တို့တစ်တွေသည်
သေသော်မှတည့်၊ ဪ-ကောင်း၏။ ……
ဟူ၍ ကျေးဇူးတော်ရှင် မျိုးချစ်ရဟန်းစာဆိုတော် ဆရာတော် “ဆီးဘန်းနီဆရာတော် အရှင်နရိန္ဒ”က တိုင်းတစ်ပါးသား နိုင်ငံခြားအစိုးရ၏ ကိုလိုနီသူ့ကျွန်ဘဝသို့ ရောက်ရှိခဲ့ရခြင်းသည် အသက်ရှင် လျက်သေသည်နှင့် လုံးဝမခြား အားလုံးဆုံးရှုံးခဲ့ရသည်ဟု ခံစားရေးဖွဲ့ တင်ပြတော်မူခဲ့သည်။
အင်္ဂလိပ်နယ်ချဲ့ကျူးကျော်သိမ်းပိုက်ရေး ကျွန်ပြုစစ်ပွဲသည် ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ၊ ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ၊ ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲတို့ဖြင့် စစ်ပွဲသုံးကြိမ်ဆင်နွှဲကာ မြန်မာပြည် ပိုင်နက်နယ်မြေများကို သုံးကြိမ်ခွဲ၍ အဓမ္မကျူးကျော်တိုက်ခိုက် သိမ်းပိုက် ခဲ့ကြသည်။
အမိမြန်မာပြည်ကြီး ကျွန်ဖြစ်ခဲ့ရသည့်သက်တမ်း ၁၂၄ နှစ်တွင် အင်္ဂလိပ်နယ်ချဲ့က ၁၂၁ နှစ်၊ ဂျပန်နယ်ချဲ့ဖက်ဆစ်က သုံးနှစ်ကြာမြင့်ခဲ့သည်။
ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ၁၈၂၄ ခုနှစ်နှင့် ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ ၁၈၅၂ ခုနှစ်တို့၏ ကြားကာလတွင် ၂၈ နှစ် ကြာမြင့်ခဲ့သည်။ အလားတူ ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ ၁၈၅၂ ခုနှစ်နှင့် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ၁၈၈၅ ခုနှစ်တို့၏ ကြားကာလတွင်လည်း ၃၃ နှစ် ကြာမြင့်ခဲ့သည်။ အင်္ဂလိပ်-မြန်မာ ပထမအကြိမ်စစ်ပွဲ၊ ဒုတိယ အကြိမ်စစ်ပွဲအပြီးကာလတို့မှစ၍ အင်္ဂလိပ်-မြန်မာ တတိယအကြိမ် စစ်ပွဲမဖြစ်မီအထိ နှစ်ပေါင်း ၆၁ နှစ်ပင် အချိန်ရရှိခဲ့ရာ ထိုအချိန် ထိုကာလများတွင် ဥစ္စာရင်လို ဥစ္စာရင်ခဲဖြစ်အောင် မြန်မာခေါင်းဆောင်များက အမျိုးသားကာကွယ်ရေးစွမ်းရည် စွမ်းပကားတို့ကို ခိုင်ခိုင်မာမာ တောင့်တောင့်တင်းတင်း ပြန်လည်တည်ဆောက်နိုင်ခဲ့မည် ဆိုပါက အင်္ဂလိပ်နယ်ချဲ့၏ တတိယအကြိမ် ကျူးကျော်စစ်ကို အောင်မြင် စွာ ပြန်လည်ခုခံတွန်းလှန်တိုက်ခိုက် ချေမှုန်းနိုင်ခဲ့မည် မဟုတ်ပါလား။
တကယ်တော့ ထိုစဉ်က မြန်မာနိုင်ငံသည် ၁၈၅၅ ခုနှစ် ကတည်း က မြန်မာလူငယ်လူရွယ်များကို လေ့ကျင့်ပျိုးထောင်ကာ နိုင်ငံခြား တိုင်းပြည်များသို့ စက်မှုပညာတော်သင်များအဖြစ် စေလွှတ်ထားနိုင်ခဲ့ သည်။ ထိုစဉ်က ဂျပန်နိုင်ငံသည် ၁၈၆၈ ခုနှစ်သို့ ရောက်ရှိမှသာ စက်မှုခေတ်သို့ ကူးပြောင်းနိုင်ခဲ့သဖြင့် မြန်မာနိုင်ငံထက် ၁၃ နှစ် နောက်ကျခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ သို့သော် ခေတ်မီနိုင်ငံ တည်ဆောက်ရေးနှင့် ကာကွယ်ရေးခေါင်းဆောင်ကောင်းတစ်ဦး ဖြစ် သည့် အိမ်ရှေ့စံ ကနောင်မင်းသားကြီးမှာ ပြည်ပပယောဂများနှင့်အတူ အကြမ်းဖက်သမား မြင်ကွန်းနှင့် မြင်းခုံတိုင် မင်းသားညီနောင်တို့၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့ရသောကြောင့် မြန်မာ့ခေတ်မီဖွံ့ဖြိုးရေးပန်းတိုင်မှာ လှေလှော်ရင်း တက်ကျိုးသွားခဲ့ရသည့်ပမာ ဖြစ်ခဲ့ရသည်။
ထို့ကြောင့် မြန်မာ့လွတ်လပ်ရေးဆုံးရှုံးခဲ့ရခြင်း၏ အကြောင်းရင်း များထဲတွင် အမျိုးသားကာကွယ်ရေးစွမ်းရည်စွမ်းပကားများနှင့် ခေတ်မီလက်နက်များ စွမ်းအားပြည့် ထုတ်လုပ်နိုင်စွမ်း ရှိပါလျက်နှင့် လှေလှော်ရင်း တက်ကျိုးခဲ့ရသည့်ပမာ ရိုက်ချိုးခံခဲ့ရသည့် အချက် တစ်ချက် ပါဝင်ခဲ့သည်ကို မြန်မာ့သမိုင်းက သင်ခန်းစာပေးခဲ့ကြောင်း ထင်ရှားစွာတွေ့မြင်ကြရမည် ဖြစ်ပါသည်။ အိမ်ရှေ့စံ ကနောင်မင်းသား ကြီးသည် အမျိုးသားကာကွယ်ရေးစွမ်းရည်စွမ်းအားကို ရေမြှုပ်ဗုံး ထုတ်လုပ်နိုင်ခဲ့သည်အထိ စွမ်းအားပြည့် ကြိုးပမ်းဆောင်ရွက်နေချိန်မှာပင် အင်္ဂလိပ်က သွေးခွဲသပ်လျှိုပေးခဲ့ခြင်းကြောင့် ကနောင်မင်းသား ကြီး လုပ်ကြံခံခဲ့ရခြင်းပင် ဖြစ်သည်။
ကျွန်၏လက်အောက် ကျွန်သဘောက်ဘဝသို့ပါ ရောက်ခဲ့ရသည်
၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံကို ဗြိတိသျှပိုင်နက် အင်ပါယာအတွင်းသို့ သွတ်သွင်းလိုက်ပြီဟု အိန္ဒိယဘုရင်ခံချုပ် “လော့ဒ်ဒပ်ဖရင့်” (Lord Dufferin) က အင်္ဂလိပ်ဘုရင်မကြီး “ဝိတိုရိယ” ကိုယ်စား ကြေညာချက်ထုတ်ခဲ့သည်။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးနောက် အင်္ဂလိပ်နယ်ချဲ့အစိုးရသည် မြန်မာနိုင်ငံအား အင်္ဂလိပ်နယ်ချဲ့၏ ကိုလိုနီနိုင်ငံတစ်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ၏ လက်အောက်၌ ပြည်နယ်တစ်နယ်အဖြစ် သွတ်သွင်းလိုက်တော့သည်။ ထို့ကြောင့် သူ့ကျွန်ဖြစ်ရခြင်းအတူတူ ကျွန်ထက် နိမ့်ကျလှသည့် ကျွန်သဘောက်ဘဝသို့ လျှောကျသက်ဆင်း သွားခဲ့ရခြင်းမှာ အလွန် ရင်နာစရာကောင်းလွန်းလှသည်။
အမျိုးဘာသာ၊ သာသနာနှင့် ဇာတိသွေး၊ ဇာတိမာန်
အင်္ဂလိပ်နယ်ချဲ့အစိုးရသည် “သွေးခွဲအုပ်ချုပ်ရေးဝါဒ (Divide and Rule Policy) ကို လက်တွေ့ကျင့်သုံးပြီး တောင်တန်းဒေသများတွင် နေထိုင်ကြသူများနှင့် မကူးလူးမဆက်ဆံရ၊ မသွားရမလာရ”ဟု နယ်ခြားဖြတ်ကျော်မှု ချုပ်ကိုင်ရေးဥပဒေကို ပြဋ္ဌာန်းကာ ကန့်သတ် ချုပ်ချယ် ခွဲခြားထားခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့သည် မြန်မာနိုင်ငံအား နှစ်ပေါင်း ၁၀၀ ကျော် ကျွန်ပြုအုပ်ချုပ်ခဲ့စဉ်အတွင်း မြန်မာပြည်ဖွား မြန်မာနိုင်ငံသား မှန်သမျှကို “လူခွန် ကောက်ခံခဲ့ခြင်းကြောင့် ရွှေကိုယူ သည်၊ ငွေကိုယူသည် ပြီးတော့ လူကိုပါ ယူသည်၊ အမျိုးပျောက်မှာ စိုးကြောက်လှပါသည်”
ဘဝရောက်အောင် အမြတ်ထုတ်ကုပ်သွေးစုပ် အုပ်ချုပ်ခဲ့ကြသည်။
အင်္ဂလိပ်နယ်ချဲ့အစိုးရသည် တောင်သူလယ်သမားထုတစ်ရပ်လုံးအပေါ် အမျိုးမျိုးစီးပွားရေး အမြတ်ထုတ် ဖိနှိပ်ချုပ်ချယ်ခဲ့ခြင်းကြောင့် ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တောင်သူလယ်သမား ခေါင်းဆောင်ကြီး ဆရာစံသည် တောင်သူလယ်သမားများကို ဦးဆောင် ၍ အင်္ဂလိပ်နယ်ချဲ့အစိုးရကို လက်နက်ကိုင်တိုက်ပွဲဆင်နွှဲခဲ့သည်။ လက်နက်အင်အားချင်းမမျှ၍ ဆရာစံ ဖမ်းဆီးခံရကာ ဆရာစံနှင့် တော်လှန်ရေးရဲဘော်များကို ကြိုးမိန့်ပြစ်ဒဏ်ချ၍ သေဒဏ်ပေးခဲ့သည်။ တောင်သူလယ်သမားအရေးတော်ပုံ ခေါင်းဆောင်ကြီး ဆရာစံသည် ကြိုးစင်ပေါ်သို့တက်ရာ၌ အကျဉ်းထောင်ဝန်ထမ်းများ၏ တွဲခေါ် ခြင်း ကို လုံးဝမခံဘဲ မတုန်မလှုပ်တက်ရောက်ကာ “ကျွန်ုပ်ဟာ အမျိုး၊ ဘာသာ၊ သာသနာကို ကြီးပွားတိုးတက်ဖို့ မျှော်မှန်းပြီး အင်္ဂလိပ်နယ်ချဲ့ကို လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့လို့ အခုလိုကြိုးပေးခံရတာပါ။ ကျွန်ုပ်လုံးဝမမှုပါဘူး၊ နောင်ဖြစ်လေရာဘဝမှာ အင်္ဂလိပ်နယ်ချဲ့ ရန်သူကို အောင်မြင်စွာ နှိမ်နင်းနိုင်ရပါလို၏” ဟု ဆုတောင်းစကား ပြောကြား သွားခဲ့သည့် အထောက်အထားကို တောင်သူလယ်သမားအရေးတော်ပုံ စာအုပ်တွင် လေ့လာတွေ့ရှိရာ ကြက်သီးမွေးညှင်း ထလောက်အောင် ဇာတိသွေး၊ ဇာတိမာန်များ တက်ကြွခဲ့ရသည်။
တို့ပြည်ကြီးမို့ ကာကွယ်မလေ
“အားကြိုးတင်းတင်း
လူအချင်းချင်းကို
ဘယ်မင်းဖက်ပြိုင်
ဘယ်တပ်ဆိုင်အံ့
သူ့နိုင်ငံသား
သံမှုန်စားမှ
တို့ဓားတုံးမည်
မှတ်တော်တည်လော့”
ဟူ၍ မြန်မာတို့၏ သူရသတ္တိကို စာဆိုတော်အမတ်ကြီး လက်ဝဲသုန္ဒရက နန္ဒီသေနပျို့တွင် ပြောင်မြောက်စွာ ရေးစပ်ဖွဲ့ဆိုပြခဲ့သည်။
တောင်သူလယ်သမားအရေးတော်ပုံ ခေါင်းဆောင်ကြီး ဆရာစံဦးဆောင်ခဲ့သည့် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ ပြီးဆုံးသွားပြီးနောက် အလုပ်သမားထုတစ်ရပ်လုံး၏ ၁၃၀၀ ပြည့် ရေနံမြေအရေးတော်ပုံကြီး ထပ်မံပေါ်ပေါက်လာကာ လူထုနည်းဖြင့် အင်္ဂလိပ်နယ်ချဲ့ကို နိုင်ငံရေး တိုက်ပွဲဆင်နွှဲခဲ့ကြသည်။
ဆုံးရှုံးသွားခဲ့သော မြန်မာ့လွတ်လပ်ရေးကို ပြန်လည်ရရှိနိုင်ရန်၊ အင်္ဂလိပ်နယ်ချဲ့ကို လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရန် မဖြစ်မနေ လိုအပ်သဖြင့် သခင်အောင်ဆန်း ဦးဆောင်သည့် မျိုးချစ်သခင် လူငယ် ၃၀ တို့သည် ၁၉၄၁ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ စွန့်စွန့်စားစား သွားရောက် ၍ စစ်ပညာသင်ကြားခဲ့ကြသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ “ဗမာ့လွတ်လပ်ရေးတပ်မတော်” (BIA: Burma Independence Army) ကို ဖွဲ့စည်းခဲ့သည်။
ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) သည် စစ်ကြောင်းကြီးများ ဖွဲ့စည်း၍ အင်္ဂလိပ်နယ်ချဲ့အား လက်နက်ကိုင်တိုက်ပွဲများ ဆင်နွှဲခဲ့ရာ အင်္ဂလိပ်နယ်ချဲ့အစိုးရမှာအိန္ဒိယနိုင်ငံသို့ စစ်ပြေးအစိုးရဘဝဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ သို့ရာတွင် အင်္ဂလိပ်နယ်ချဲ့တို့အား လက်နက်ကိုင်တိုက်ပွဲ ဝင်ခဲ့စဉ်ကပင် ဂျပန်ဖက်ဆစ်တို့သည် မြန်မာနိုင်ငံကို သိမ်းပိုက်ထားလိုသဖြင့် လွတ်လပ်ရေး အတုအယောင်ကို ပေးလာခဲ့သည်။ ထိုမျှမက ဂျပန်ဖက်ဆစ်တို့၏ နိုင်ငံရေးကတိမတည်မှု၊ ပြည်သူတို့အပေါ် နှိပ်စက်ညှဉ်းပန်းမှုတို့ကြောင့် တပ်မတော်နှင့် တိုင်းရင်းသားပြည်သူတို့က ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲခဲ့ရခြင်းပင် ဖြစ်သည်။
ဆက်လက်၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလအဖွဲ့ချုပ်သည် ပြည်မရော ပြည်နယ်ပါမကျန် တစ်နိုင်ငံလုံး လွတ်လပ်ရေးရရှိရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ထိုစဉ်ကဗြိတိန်ဝန်ကြီးချုပ် “အက်တလီ” က ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို လန်ဒန်မြို့သို့ ဖိတ်ကြားကာ မြန်မာ့လွတ်လပ်ရေးအတွက် ဆွေးနွေးခဲ့သည်။
ထိုအချိန်မှာပင် အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ သွေးထိုးပေးမှုကြောင့် ရှမ်းပြည်နယ်မှ စော်ဘွားအချို့က လန်ဒန်မြို့သို့ ရောက်ရှိနေသည့် ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်ကို ကိုယ်စားပြုသူမဟုတ်ဟု ကြေးနန်းစာပေးပို့ခဲ့သည်။ သို့ရာတွင် ဒေသခံရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ်က ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး လွတ်လပ်ရေးရရှိရန် တက်ရောက်လာသည့် ခေါင်းဆောင် ဖြစ်ကြောင်း ဗြိတိသျှအစိုးရထံ ကြေးနန်းစာ ပြန်လည်ပေးပို့ အကြောင်း ကြားခဲ့ခြင်းကြောင့် မြန်မာ့လွတ်လပ်ရေးအတွက် အောင်ဆန်း - အက်တလီစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ခြင်းပင်ဖြစ်သည်။
ဆက်လက်၍ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့၌ ပင်လုံစာချုပ်ကို တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ခြင်း ကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ ကိုလိုနီလက်အောက်ခံနိုင်ငံဘဝမှ လုံးဝလွတ်မြောက်ပြီး လွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဖြစ် ရပ်တည်လာခဲ့ရခြင်းပင် ဖြစ်သည်။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာပင် ရန်ကုန်မြို့ဆူးလေစေတီတော်မြတ်ကြီးအနီး မဟာဗန္ဓုလပန်းခြံအတွင်း၌ မြန်မာ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကျောက်တိုင်ကို အုတ်မြစ်ချခဲ့သည်။ ထိုကျောက်တိုင်ကြီးတွင်-
“ဂြီ သက္ကရာဇ် တစ်ထောင့်သုံးရာကိုးနှစ်
ပြာသိုလဆုတ် ၉ ရက် တနင်္ဂနွေနေ့တွင်
ဤငါတို့ မြန်မာပြည်သည်
လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင်
ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးအဖြစ်
ကောင်းစွာရောက်သတည်း” ဟု ကမ္ပည်းကျောက်စာရေးထိုး နိုင်ခဲ့သည်။
အချုပ်ဆိုရပါလျှင်နှစ်ပေါင်း ၁၂၄ နှစ်တိုင်အောင် ဆုံးရှုံးသွားခဲ့ရ သည့် မြန်မာ့လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည်ရရှိ အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာတွင် တိုင်းတစ်ပါးသား နယ်ချဲ့တို့ ထံမှ ကလေးမုန့်ဖိုး လက်ဖြန့်တောင်းသကဲ့သို့ မြန်မာ့လွတ်လပ်ရေး ကို လွယ်လွယ်ကူကူ ပြန်လည်ရရှိခဲ့ခြင်း လုံးဝမဟုတ်ပါ။ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်၊ ဝံသာနုရက္ခိတစိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်ရှိကြသည့် တိုင်းရင်းသားများအပါအဝင် တပ်မတော်က နယ်ချဲ့ဆန့်ကျင်တော်လှန်ရေးကို အသက်သွေးချွေးပေါင်းများစွာ စတေးခံ၍ တစ်နည်း၊ အမျိုးသားနိုင်ငံရေးနည်းများဖြင့် တစ်သွယ်အတူလက်တွဲဆင်နွှဲခဲ့ခြင်းကြောင့် မြန်မာ့လွတ်လပ်ရေးနှင့် အချုပ် အခြာအာဏာကို ပြန်လည်ရရှိခဲ့ခြင်းပင် ဖြစ်ပါသည်။
မြန်မာ့လွတ်လပ်ရေးရခဲ့ပြီးချိန်မှ အစပြုပေါ်ပေါက်လာခဲ့သည့်
ပြည်တွင်းပြည်ပ အန္တရာယ်အသွယ်သွယ်ကို တပ်မတော်အနေဖြင့် အသက်စွန့် ကာကွယ်ကယ်တင် စောင့်ရှောက်နေခြင်းကြောင့်
အမိမြန်မာပြည်ကြီး စိန်ရတုကာလတိုင် ထာဝရကြာရှည် ရပ်တည်နေနိုင်ခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့်
အမိမြန်မာပြည် ကမ္ဘာတည်သရွေ့ ထာဝရကြာရှည်တည်တံ့ခိုင်မြဲနေအောင် ထာဝရငြိမ်းချမ်းရေးကို
မဖြစ်မနေ အခိုင်အမာတည်ဆောက်ပြီး နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး နိုင်ငံရေး၊
စီးပွားရေး၊ လူမှုရေးဘဝ ဖွံ့ဖြိုးတိုးတက် လာအောင် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရင်း
ပြည်သူများ လိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို
တည်ဆောက်ကြပါစို့ဟူ၍ အလေးထား လေးစား စွာဖြင့် ရေးသားတိုက်တွန်းရင်း (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
အကိုးအထောက်
၁။ နိုင်ငံတော်ဦးတည်ချက် (၁၂) ရပ်ပြခန်းမှ တင်ပြချက်များ (မြဝတီ စာတိုက်၊ ၁၉၉၆ ခုနှစ်)
၂။ “မြန်မာ” ဟူသော “မြန်မာစိတ်ဓာတ်” နှင့် အမျိုးသားနေ့ (မောင်သမ္မာဒိဋ္ဌိ၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ထုတ်
ကြေးမုံသတင်းစာ)
၃။ A History of Burma by Dr Htin Aung (Columbia university
Press, New York and Landon, 1967)
No comments:
Post a Comment