၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာနိုင်ငံ၏သမိုင်းတွင် ထူးခြားလေးနက်မှုကိုဆောင်သည့် လွတ်လပ်ရေးနေ့ဖြစ်ပေသည်။ ယခုနှစ်တွင် ပိုမို၍ထူးခြားလေးနက်မှု ဝိသေသလက္ခဏာများကို ဆောင်ကြဉ်းနေသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခါသမယဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ သဘောထားကွဲလွဲမှုများကြောင့် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။
လူတို့၏ဘဝသက်တမ်းတစ်ခုစာမျှ ကြာမြင့်နေပြီဖြစ်သည့် မငြိမ်းချမ်းသောအခြေအနေများကြောင့် လွတ်လပ်ရေးအသီးအပွင့်များအား တိုင်းရင်းသားပြည်သူအားလုံး တန်းတူညီမျှ ခံစားနိုင်ခွင့်မရှိကြသေးသည်ကို တွေ့ရမည်ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများဖြင့် တည်ငြိမ်အေးချမ်းမှုမရှိသောကြောင့် ပဋိပက္ခဖြစ်ပွားနေသောဒေသများရှိ တိုင်းရင်းသားပြည်သူများမှာ ဒုက္ခဆင်းရဲအပေါင်းတို့ကို ခံစားနေကြရသည့်အပြင် ပြည်ထောင်စုကြီးသည်လည်း အခြားသောနိုင်ငံများနှင့် တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်သည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် နောက်ကျကျန်နေသည့် အခြေအနေများကို တွေ့ရမည်ဖြစ်သည်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနိုင်မှသာလျှင် လွတ်လပ်ရေး၏ အသီးအပွင့်များကို တန်းတူညီမျှခံစားနိုင်ပြီး နိုင်ငံလည်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပိုမိုတိုးမြှင့်ဖော်ဆောင်နိုင်ရေး၊ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှစတင်၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ လေးနှစ်ကျော်ကာလကြာအောင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း (၂၁)ကြိမ် ထုတ်ပြန်ပေးခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်ဆိုင်းပေးခဲ့သည်။
ယခုအခါ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့်အညီ နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းထမ်းဆောင်ခဲ့သည်မှာ တစ်နှစ်နှင့် ၁၁ လ ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး ရှေ့လုပ်ငန်းစဉ်၏ စတုတ္ထအချက်ဖြစ်သည့် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ပါသဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်”ဟူသော လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် မိဘပြည်သူများသို့ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးကိစ္စရပ်များကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်အတွက်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် ကိုယ်တိုင်တွေ့ဆုံ၍ ရိုးသား ပွင့်လင်းစွာဆွေးနွေးနိုင်ရေးဖိတ်ခေါ်ခဲ့သည်။ ထိုသို့ဖိတ်ခေါ်ခဲ့ရာတွင် ယနေ့အထိ NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် DKBA၊ KNU-KNLA/PC၊ PNLO၊ NMSP၊ ALP၊ RCSS (SSA)၊ LDU စသည့် အဖွဲ့ခုနစ်ဖွဲ့နှင့် လက်မှတ်ရေးထိုးခြင်းမပြုရသေးသည့် UWSA၊ NDAA၊ SSPP(SSA) စသည့် အဖွဲ့သုံးဖွဲ့ စုစုပေါင်းအဖွဲ့ ၁၀ ဖွဲ့တို့မှ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် နှစ်ကြိမ်တိုင်တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး အပြုသဘော ဆောင်သည့်ဆွေးနွေးမှုရလဒ်များကို ဖော်ဆောင်နိုင်ခဲ့သည်။
ယခုအခါ တပ်မတော်၏စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ရပ်စဲလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီဖြစ်ရာ တိုင်းရင်းသားပြည်သူအားလုံး၏ လိုအင်ဆန္ဒဖြစ်သည့် ပြည်ထောင်စုကြီးငြိမ်းချမ်းသာယာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ထာဝရငြိမ်းချမ်းရေးပန်းတိုင်ကိုဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဟူသည့် ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ လျှောက်လှမ်းကြပြီး တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်စဲပေးထားသည့်ကာလအတွင်း ပြည်ထောင်စုကြီးအကျိုးကိုရှေးရှု၍ ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပြည်ထောင်စုစိတ်ဓာတ်အရင်းခံဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်
No comments:
Post a Comment