Wednesday, January 11, 2023

ပူဇာစ ပူဇနေယျာနံ

ဘကြီးကောင်း

မောင်မြင့်အေးရေ . . .

၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့မှာ နိုင်ငံတော်က ဆက်ကပ်လှူဒါန်းအပ်နှင်းတဲ့ အဘိ ဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများထဲမှာ တစ်ခေတ်တစ်ခါက ထင်ရှားကျော်ကြားပြီး ဩဇာတိက္ကမကြီးတဲ့၊ ပျံလွန်တော်မူပြီးဖြစ်တဲ့ လယ်တီဆရာတော်ကြီး၊ တောင်မြို့မဟာဂန္ဓာရုံ ဆရာတော်ကြီး၊ မိုးကုတ်ဆရာတော်ကြီး၊ မဟာစည်ဆရာတော်ကြီးနဲ့ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ကဒေါက်တာ ဘဒ္ဒန္တသီလာနန္ဒာဘိဝံသ (ပါဠိ-ရိုမန်) ဆရာတော်ကြီးတွေလည်း ပါဝင်တာ တွေ့ရတော့ ဝမ်းမြောက်နုမော် သာဓုအကြိမ်ကြိမ် ခေါ်ဆိုမိတယ်ကွယ်။

ဖော်ပြပါ ဆရာတော်ကြီးများဟာ ပျံလွန်တော်မူခဲ့ကြပြီးဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ပရိယတ္တိ၊ ပရိ ပတ္တိသာသနာတော်မှာ နေလိုလလို ထင်ရှားကျော်ကြားခဲ့ရုံမက ဆရာတော်ကြီးများရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူများရဲ့ နှလုံးသားထဲမှာ အစဉ်ထာဝရ ကိန်းဝပ်တည်ရှိနေပြီး ရှိခိုးကော်ရော် ပူဇော်လျက်ရှိနေဆဲပါ။

ကျမ်းပေါင်းများစွာရေးသား

ကျေးဇူးရှင် လယ်တီဆရာတော်ကြီးဟာဆိုရင် ပရမတ္ထဒီပနီဋီကာသစ်၊ အလင်းကျမ်းဒီပနီ၊ ပဋ္ဌာနူဒ္ဒေသဒီပနီ၊ သဒ္ဒါကျမ်းအစရှိတဲ့ ပါဠိဘာသာအားဖြင့် စီရင်ရေးသားအပ်တဲ့ ကျမ်းပေါင်းများစွာ၊ ဥတ္တမပုရိသဒီပနီ၊ သာသနာ့ဝိသောဓနီ၊ အနတ္တဒီပနီ၊ ဘာဝနာဒီပနီ၊ ကမ္မဋ္ဌာနဒီပနီ၊ ဗောဓိပက္ခိယဒီပနီ၊ နိဗ္ဗာနဒီပနီ၊ သဒ္ဒသံခိပ်ကျမ်းများအစရှိတဲ့ မြန်မာဘာသာဖြင့် စီရင်အပ်သော ကျမ်းပေါင်းများစွာကို ရေးသားတော်မူခဲ့ပါတယ်။

ထိုမျှမက ကျမ်းပေါင်းများစွာ ပြုစုရေးသားတော်မူခဲ့တဲ့ လယ်တီဆရာတော်ကြီးဟာ ကျောင်းသားလူငယ် လေးတွေ “ဗုဒ္ဓဝင်”ကို နှုတ်တက်ဆောင်ရအောင် စုပေါင်းရွတ်ဆိုတဲ့အခါမှာ သာယာနာပျော်ဖွယ် အသံလေးနဲ့ ရွတ်ဆိုချင်လာအောင် “သုံးလူ့ရှင်ပင် ကျွန့်ထိပ်တင်သောင်းခွင်စကြဝဠာ” အစချီတဲ့ ဘယ်နေ့မှာ သန္ဓေယူတော်မူတယ်။ ဘယ်နေ့မှာဖွားမြင်တော်မူတယ်။ ဘယ်နေ့မှာ တောထွက်တော်မူတယ်။ ဘယ်နေ့မှာ ဘုရားစင်စစ် ဧကန်ဖြစ်တယ်။ ဘယ်နေ့မှာ ဓမ္မစကြာတရား ဟောတော်မူတယ်။ ဘယ်နေ့မှာ ပရိနိဗ္ဗာန် စံတော်မူတယ်။ ဘယ်နေ့မှာ တေဇောဓာတ်လောင်ကျွမ်းတော်မူတယ်ဆိုတဲ့ ရတုလေး ခုနစ်ပုဒ်၊ နောက်ဆုံး ဘုရားရှိခိုးတစ်ပုဒ်နဲ့ ရှစ်ပုဒ်ကို ရေးသားစပ်ဆိုတော်မူခဲ့ပါတယ်။ သည်ရတု စာကလေးတွေကို ကျက်လိုက်လို့ရှိရင် ကလေးတွေဟာ အာဂုံရသွားတာ များပါတယ်။

လယ်တီဆရာတော်ကြီးဟာ စာရေးခြင်းမှာ အဘယ်မျှ ဇွဲလုံ့လ ကြီးမားတော်မူသလဲဆိုရင် တစ်နေ့သောအခါ စင်္ကြံအနီး ရေချိုးအိမ်မှာ ရေချိုးနေလျက်က ရေးလက်စစာကို စဉ်းစားရင်းစိတ်ကူး တစ်ချက်ပေါ်လာတဲ့အတွက် တစ်ကိုယ်လုံးရေစိုရွှဲလျက် ရေသနုပ်မလဲဘဲ ရေးလက်စစာကိုဆက်ပြီး ရေးနေခဲ့ပါတယ်။

တပည့်များက မလျှောက်ဝံ့လို့ သီတင်းသည် အဖြစ်လာရောက်နေထိုင်တဲ့ ဓာတ်ဆရာကြီး ဦးမြို့အား လျှောက်ပေးဖို့ပြောလို့ သင်းပိုင်ရေစိုကြီးနဲ့စာရေးနေတဲ့ ဆရာတော်ကြီးအား သွားရောက် လျှောက်ထားတဲ့အခါ ဆရာတော်ကြီးက . . .

“ဟေ့ . . . မောင်မြို့ရေ။ ခန္ဓာကိုယ်ကြီး အလိုလိုက်နေရင် ကြံစည်ထားတဲ့စာ အဓိပ္ပာယ်တွေ ပျောက်ကုန်မှာပေါ့။ ခန္ဓာကိုယ်ကြီးဟာ ငါ့စာတစ်လုံးလောက် တန်ဖိုးမရှိပါဘူးကွာ”လို့ မိန့်တော်မူကာ ရေးလိုတဲ့စာရေးပြီးမှ ရေပြန်ချိုးတော်မူသတဲ့။

ဆရာတော်ကြီးဟာ စာရေးတဲ့အခါအများအားဖြင့် ညအခါမှာဖယောင်းတိုင်၊ ရေနံဆီမီးခွက်တွေနဲ့ ရေးရပါတယ်။ ခဲတံတစ်ရာ၊ နှစ်ရာချွန်ပေးထားရတယ်။ စက္ကူကိုလည်းဖြတ်ပြီး အထပ်လိုက် ပုံထားရတယ်။ တစ်ညမှာ စာရေးကောင်းနေတုန်း ညနှစ်နာရီ ခန့် ရေနံဆီကုန်လို့ ရပ်လိုက်ရတဲ့အတွက် မိုးလင်းတဲ့အခါ ကပ္ပိယကိုခေါ်ပြီး . . .

“မင်းတို့ဟာက မုဆိုးမအိမ်က မီးခွက်လိုကရော်ကမယ် တော်စွလျော်စွ ကလေးကစားသလိုလုပ်တာကိုး။ သံဖြူဆရာဆီသွား၊ ရေနံဆီလေးထောင့်ပုံးကြီး တစ်လုံးကို မီးခွက်လုပ်ခဲ့၊ မီးစာလည်းတစ်လနှစ်လ ခံအောင်တပ်။ ရေနံဆီလည်း အပြည့်ထည့်ပြီး ငါ့ခေါင်းရင်းမှာထား၊ ဒီလိုဆိုတော့ အခက်အခဲ မရှိတော့ဘူးပေါ့ကွယ်”လို့မိန့်တော်မူတယ်။ မိန့်ဆိုတဲ့အတိုင်း လုပ်ပေးရတယ်။ ဒါကြောင့်မို့လည်း သက်ရွယ်တော် ကြီးရင့်တဲ့အခါမှာ မျက်စိရောဂါဖြစ်ခဲ့ပါတယ်။

လယ်တီဆရာတော်ကြီးရဲ့ ထိုထိုသော ပရိယတ္တိအစွမ်းကြောင့် အင်္ဂလိပ်အစိုးရက ၁၂၇၃ ခုနှစ်မှာ “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့ကိုလည်းကောင်း၊ ၁၂၈၃ ခုနှစ်မှာ “ဒီ-လစ် ပိဋကတ္တယပါရဂူ” ဘွဲ့ကို လည်းကောင်း ဆက်ကပ်လှူဒါန်းခံခဲ့ရပါတယ်။ ဆရာတော်ကြီးကတော့ ထိုဘွဲ့ထူးကြီးတွေကို ကိုယ်တိုင်ကြွရောက်ပြီး ယူတော်မမူခဲ့ပါဘူး။

ကျော်ကြားထင်ရှား

လယ်တီဆရာတော်ကြီးဟာ ပရိယတ္တိအရာသာမက ပဋိပတ္တိအရာမှာလည်း ကျော်ကြားထင်ရှားပါပေတယ်။ ဆရာကြီး ဓမ္မာစရိယ ဦးဌေးလှိုင်က မြန်မာနိုင်ငံပဋိပတ္တိသာသနာဝင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများစာအုပ်မှာ “မြန်မာနိုင်ငံ ပဋိပတ္တိသာသနာဝင်ကိုရေးရာ၌ လယ်တီဆရာတော်အကြောင်းမပါဝင်လျှင် ပြည့်စုံသော သာသနာဝင် တစ်စောင်မဖြစ်နိုင်ပေ။ လွန်ခဲ့သောအနှစ်တစ်ရာကျော်က ‘လယ်တီဆရာတော်’ဟူ၍ မပေါ်ပေါက်ခဲ့ပါလျှင် ယနေ့မြန်မာနိုင်ငံ သာသနာဝင်သည် ယခုကဲ့သို့ရှိကောင်းမှရှိပေလိမ့်မည်။ ဆရာတော်၏ ပဋိပတ်လုပ်ငန်းမှာလည်း အံ့ဘနန်းရှိလှပေ၏။ ဤအတ္ထုပ္ပတ္တိကို ဖတ်ပြီးလျှင်မူ ပရိယတ္တိ မျှဖြင့် ထိတွေ့သိမီဖူးသူများပင် နောင်တဖြစ်ကောင်းဖြစ်ပေမည်” စသဖြင့် ရေးသားခဲ့ပါတယ်။

လယ်တီဆရာတော်ကြီးဟာ ရတနာသုံးပါးရဲ့ဝတ်ပဋိပတ်ကို ဖြည့်ရာမှာ အထူးခြားဆုံးဖြစ်တော်မူပါတယ်။ သံဃာပရိသတ်နဲ့နေတဲ့အခါ စာချ၊ စာရေးဟောပြောရုံသာမဟုတ်။ သံဃာတော်များအတွက် တစ်မြို့လုံး လှည့်လည် ဆွမ်းခံကျွေး ခြင်း၊ တံမြက်ဝတ်၊ ရေဝတ်များသာမက သံဃာများစားသောက်ပြီးတဲ့ ပန်းကန်များ ဆေးတဲ့အထိ ဆောင်တော်မူပါတယ်။ ကုဋီအိမ်နဲ့တကွ ရေအိုးမှန်သမျှနံနက်လေးနာရီဆို ရေတွင်းမှ ရေငင်ပြီး၊ လောင်းထည့်ပြီးဖြစ်တယ်။ တိုက်တွင်းရှိ သံဃာများအတွက်သာမက မုံရွာမြို့တွင်းရှိ သံဃာအများရှိရာ ကျောင်းတိုက်ကြီးများမှာလည်း ထိုနည်းတူ ကုဋီရေဖြည့်ခြင်း၊ ကနုတံဆေးခြင်း၊ ရေခပ်ခြင်း၊ တံမြက်လှည်းခြင်းများပြုပြီးမှ ဆွမ်းခံလေ့ရှိတယ်။ ထိုစေတိ ယင်္ဂဏဝတ်၊ သံဃာဝတ်ကို ပြင်းပြင်းထန်ထန် ဆောင်တော်မူတာ အနှစ်နှစ်ဆယ်လုံးလုံးဖြစ်ပါတယ်။

ဆရာတော်ကြီးကို ပင့်ပြီး တရားပွဲလုပ်

ဆရာတော်ကြီးဟာ ထိုထိုသော သီလ၊ ခန္တီ၊ မေတ္တာ၊ သစ္စာ၊ သမာဓိ၊ ပညာစွမ်းအားများဖြင့်လည်း သတ္တဝါတို့ရဲ့ အကျိုးစီးပွားကို ဆောင်ရွက် ပေးတော်မူခဲ့ပါတယ်။ ၁၂၆၈ ခုနှစ်အတွင်းက ဟင်္သာတနယ်မှာ နောက်မိုးမသိမ်းလို့ လယ်ဧကများစွာပျက်စီးရမယ့် ကပ်ကြီးဆိုက်နေစဉ် အင်္ဂလိပ်လူမျိုး ဧရာဝတီမင်းကြီး မက်ကဆွဲက ဆရာတော်ကြီးကိုပင့်ပြီး တရားပွဲလုပ်ဖို့ အမိန့်ချခဲ့ပါတယ်။

ဆရာတော်ကြီးဟာ လာရောက်ပင့်တဲ့အချိန်ကစပြီး အနှစ်နှစ်ဆယ်ကျော် ရေအလှူ နိဗဒ္ဓဝတ်ကြီးကို နေ့စဉ်ဆင်ခြင်ပြီးသစ္စာပြုကာ မေတ္တာပို့တော်မူပါတယ်။ သင်္ဘောနဲ့ကြွတော်မူရာ ကမ်းလုံးညွတ်မျှ ကြိုဆိုကြတယ်။ သင်္ဘောဆိုက်ကပ်မယ်ရှိစဉ်မှာပဲ ရုတ်တရက်မိုးဆင်ပြီး၊ တစ်နာရီခန့်ကြာအောင် ရွာသွန်းချလာလို့မြစ်လယ်မှာ သင်္ဘောကျောက်ချပြီး ဆိုင်းငံ့နေခဲ့ရပါတယ်။ လူတိုင်းအံ့ဩလို့မဆုံး၊ ဝမ်းသာမဆုံးဖြစ်ကြရတယ်။ ဆရာတော်ကြီးက “အနှစ်နှစ်ဆယ်ကျော် ရေဝတ်ကြီး၏ အစွမ်းကွယ့်”လို့ မိန့်တော်မူပါတယ်။ ဒါ့အပြင် လယ်တီဆရာတော် ကြီးဟာ ထိုခေတ် ထိုအခါက မကြာခဏဖြစ်ပွားလေ့ရှိတဲ့ ကာလဝမ်းရောဂါ၊ ပလိပ်ရောဂါ စတဲ့ ကပ်ရောဂါဘေးဆိုးကြီးတွေ ကင်းပျောက်ငြိမ်းအေး သွားစေဖို့ ရောဂါဖြစ်ပွားရာ ထိုထိုမြို့ရွာတွေကို ကြွရောက်ပြီးသတ္တဝါတွေရဲ့ အကျိုးစီးပွားအလို့ငှာ ဆောင်ရွက်ပေးတော်မူခဲ့ပါတယ်။

ကျမ်းပေါင်း ၆၀ ရေးသားပြုစု

၂၀ ရာစုရဲ့ အရှင်မဟာဗုဒ္ဓဃောသရယ်လို့ ပညာရှင်များက တင်စားခေါ်တော်မူရလောက်တဲ့ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်မဟာ ဇနကာဘိဝံသအရှင်မြတ်ကြီးကတော့ နှစ်ပေါင်း ၄၀ ခန့်အတွင်းမှာ ကျမ်းပေါင်း ၆၀ မျှ ရေးသားပြုစုတော်မူခဲ့ပါတယ်။

ဆရာတော်ကြီးရဲ့ကျမ်းစာတွေဟာ အခြေပြုသဒ္ဒါ၊ အခြေပြုသင်္ဂြိုဟ်၊ သင်္ဂြိုဟ်ဘာသာဋီကာ၊ ပါတိမောက်ဘာသာဋီကာစသဖြင့် သဒ္ဒါဘက်၊ အဘိ ဓမ္မာဘက်၊ ဝိနည်းဘက်တွေကစပြီး အဋ္ဌကထာ ဋီကာများဆိုင်ရာတိုင်အောင် ဘာသာစုံဖြစ်ခဲ့ပါတယ်။ ထိုကျမ်းစာတွေအားလုံးဟာပရိယတ်ကို အားထုတ်သင်ယူပို့ချပေးလျက်ရှိကြတဲ့ စာသင်စာချ ရဟန်းသာမဏေတို့အဖို့ အလွန်ကျေးဇူးများတဲ့ ကျမ်းစာတွေ ဖြစ်ခဲ့ပါတယ်။ စာသင်စာချ ပုဂ္ဂိုလ်တိုင်း လက်စွဲပြုခဲ့ကြရတဲ့ကျမ်းတွေ ဖြစ်ခဲ့ပါတယ်။

တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးဟာ ရဟန်းသာမဏေတွေအတွက်သာမက လူပုဂ္ဂိုလ်တွေ အတွက်လည်း ကျမ်းစာတွေကို ရေးသားပြုစုတော်မူခဲ့ပါတယ်။ ရတနာ့ဂုဏ်ရည်၊ ကိုယ်ကျင့်အဘိဓမ္မာ၊ အနာဂတ်သာသနာရေး၊ ဘာသာသွေးစတဲ့ ကျမ်းစာတွေက သာသနာရေးကို စိတ်ဝင်စားတဲ့ လူပုဂ္ဂိုလ် တွေအတွက် လွန်စွာကျေးဇူးများတဲ့ ကျမ်းစာတွေဖြစ်ပါတယ်။ ဆရာတော်ကြီးဟာ အသက်ထက်ဆုံး ကျမ်းပြုပုဂ္ဂိုလ်အဖြစ် အပြည့်အဝ ခံယူတော်မူခဲ့ပါပေတယ်။ နောက်ဆုံးပျံလွန်တော်မူသည့်နေ့ ၁၃၃၉ ခုနှစ် နတ်တော်လဆုတ် ၂ ရက် အင်္ဂါနေ့ (၁၉၇၇ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်)အထိ သုတ်ပါထေယျ ပါဠိအဋ္ဌကထာ ဘာသာဋီကာစာဝါကို ပို့ချတော်မူခဲ့ပါတယ်။

“အသက်မသေသေးရင် အလုပ်လုပ်ပြီးနေချင်တယ်။ အလုပ်မလုပ်နိုင်တော့ဘူးဆိုရင်လည်း သေပြီး အနားယူမယ်”လို့ အမြဲတစေ မိန့်ကြားတော်မူလေ့ရှိသလို “ငါတည်း တစ်ယောက်၊ ချမ်းသာရောက်ဘို့၊ ခုလောက်ကြိုးကုတ်၊ အားမထုတ်ဘူး၊ ဗုဒ္ဓမြတ်စွာ၊ သာသနာ၏၊ ရှေးခါဘိုးဘ၊ လက်ထက်ကလျှင်၊ ရသည့်တန်ခိုး၊ ထပ်မညှိုးဘို့၊ အားကြိုးမာန်တက်၊ ငါဆောင်ရွက်သည်၊ ဆက်လက်တည်တံ့ပါစေ သောဝ်”ဆိုသည့် ရေးထိုးခဲ့သော လင်္ကာမော်ကွန်းအတိုင်းလည်း အဂ္ဂမဟာပဏ္ဍိတဂန္ထကာရက ကျမ်းပြုအကျော်အမော် မဟာဂန္ဓာရုံဆရာတော် ကြီးဟာသာသနာနဲ့ နိုင်ငံတော်အတွက် သေအံ့ဆဲဆဲ အခါသမယအထိ အပြောနဲ့အလုပ် ညီညွတ်စွာလုပ်ပြသွားတော်မူခဲ့ပါပေတယ်။

မင်းကွန်းတိပိဋက ဆရာတော်ကြီးက “တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး ပျံလွန်တော်မူတာဟာ သာသနာတော်မှာ ခက်မကြီးငါးဖြာရှိတဲ့ သာသနာ့သစ်ပင်ကြီးက ကိုင်းကြီးတစ်ကိုင်းကျိုးကျသွားသလို ဆုံးရှုံးမှုကြီးပါပဲ”လို့ မိန့်ကြားတော်မူခဲ့ပါတယ်။

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသကလည်း “မြန်မာနိုင်ငံ၏ ဂုဏ်ယူ ဖွယ်ရာရတနာများ” တရားတော်မှာ ပါဠိပိဋကစာပေရတနာများရဲ့ တန်ဖိုးကိုဟောကြားရင်း တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးနဲ့ ဆက်စပ်ပြီး -

“မြန်မာနိုင်ငံမှာ ဘာသာဋီကာကျမ်းပေါင်းများစွာ ရေးသားသွားတဲ့ အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသဆိုလို့ရှိရင် မန္တလေးစာသင်နည်းနဲ့ အဘိဝံစာမေးပွဲအောင်ပြီးတဲ့အခါမှာ ပခုက္ကူစာသင်နည်းနဲ့ ကျမ်းကြီးဖောက်ဖောက်ခဲ့တာ။ နည်းနှစ်ခုစလုံးကို ကျွမ်းကျင်လိမ္မာတော်မူတဲ့ ဆရာတော်ကြီးဖြစ်တယ်။ ထိုဆရာတော်ကြီးမရှိတော့တာဟာ မြန်မာလူမျိုးတွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တယ်”လို့ မိန့်ကြားတော်မူခဲ့ပါတယ်။

နေလိုလလို ထင်ရှားတော်မူတဲ့ ဆရာတော်ကြီးများဖြစ်

မိုးကုတ်ဆရာတော်ကြီးနဲ့ မဟာစည်ဆရာတော်ကြီးတို့ကတော့ မြန်မာနိုင်ငံရဲ့ ပဋိပတ္တိသာသနာဝင်မှာ နေလို လလို ထင်ရှားတော်မူတဲ့ ဆရာတော်ကြီးတွေဖြစ်ပါပေတယ်။

မိုးကုတ်ဆရာတော်ကြီးဟာ လူတို့ရဲ့ စရိုက်အထာ သက္ကာယဒိဋ္ဌိကို များစွာပေါ်လွင်အောင်၊ အငြိအတွယ်တွေ ရှင်းလင်းအောင် ကြိုတင်ပြီး ခွာနိုင်သမျှ ခွာပေးတော်မူလေ့ရှိတယ်။ မည်မျှဂုဏ်သရေ ရှိသူကိုပင် မညှာ။ တင်းတင်းရင်းရင်း တိုက်ရိုက်ပင် ပြော၏။ လက်ညှိုးထိုး၍ ပြတော်မူပါတယ်။ “ပဋိစ္စ သမုပ္ပာဒ်တရားကို မိုးကုတ်ဆရာတော် တရားစာအုပ်ကြည့်မှပဲ နားလည်တော့တယ်”လို့ စာတတ်ပုဂ္ဂိုလ်ကြီးများပင် ချီးကျူးရလောက်အောင် ရှင်းလင်းစွာဟောကြားတော်မူခဲ့ပါတယ်။ ဆရာကြီးဓမ္မာစရိယဦးဌေးလှိုင်က ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ စာအုပ်မှာ “ဆန်းကြယ်သော တရားစကားအရာတွင် ဆရာတော်ကား ‘ဒီခေတ် မြန်မာနိုင်ငံ ရှင်ကုမာရကဿပ’ပင်ဖြစ်၍ သာလွန်သူကို မဆိုထားဘိ၊ အလားတူ ပေါ်ထွက်ရန်ပင် မလွယ်ကူပါချေ”ဆိုပြီး ရေးသားခဲ့ပါတယ်။

ထို့အတူ မဟာစည်ဆရာတော်ကြီးကိုလည်း ဆဋ္ဌသံဂါယနာတင်ပွဲရဲ့အကြီးအကဲ သံဃမဟာ နာယကဖြစ်တော်မူတဲ့ အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ကြီးက “မဟာစည်ဆရာတော်ဟာ သင်္ဂြိုဟ်ဆရာ- ဋီကာကျော်ဆရာတို့၊ အခြားကျမ်းပြုဆရာတို့ မမြင်တဲ့အမှားတွေကိုတောင် မြင်အောင်ကြည့်နိုင်တယ်။ ဒီကရှေ့ မဟာစည်ဆရာတော်ထက် သာသူကိုမပြောနဲ့၊ တန်းတူ ပုဂ္ဂိုလ်ကိုတောင် တွေ့ရဖို့မလွယ်ဘူး။ မဟာစည်ဆရာတော်ရဲ့ စွမ်းရည်သတ္တိကိုသိလို့လည်း ‘ဝိသုဒ္ဓိမဂ်၊ မဟာဋီကာကြီးနိဿယ’ ရေးဖို့တို့များက တိုက်တွန်းခဲ့တယ်” လို့ မိန့်တော်မူခဲ့ပါတယ်။

ပဋိပတ္တိအရာမှာလည်း မဟာစည်ဆရာတော် ကြီးဟာ ၁၄ ဝါအရကပင် စတင်ပြီးကမ္မဋ္ဌာန်းပြခဲ့ရာမှာ မြန်မာနိုင်ငံမှာသာမက ပြည်ပနိုင်ငံတကာမှာလည်း ဌာနခွဲပေါင်းများစွာဖွင့်လှစ်နိုင်ခဲ့ပါတယ်။ သိန်းသန်းချီတဲ့ ပြည်တွင်း ပြည်ပယောဂီပေါင်းများစွာကို ဝိပဿနာတရားအား ထုတ်ပွားများနိုင်အောင် သာသနာပြုတော် မူခဲ့ပါတယ်။

ဒေါက်တာဘဒ္ဒန္တသီလာနန္ဒာဘိဝံသ(ပါဠိ-ရိုမန်)ဆရာတော်ကြီးကတော့ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ရဲ့ ပထမပါမောက္ခချုပ် ဆရာတော်ကြီးဖြစ်ပါတယ်။

ဒုတိယမြောက် ပါမောက္ခချုပ်ဆရာတော်ဖြစ်တော်မူခဲ့တဲ့ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသက ပထမပါမောက္ခချုပ် ဆရာတော်ဖြစ်တော်မူခဲ့သည့် အရှင်သီလာနန္ဒာ ဘိဝံသဆရာတော်ကြီးနဲ့ပတ်သက်ပြီး “ဆရာတော် ဦးသီလာနန္ဒက အင်မတန်မှစေ့စပ်သေချာတယ်။ စာပေနဲ့ ပတ်သက်လို့ရှိရင်လည်း အလွန်စေ့စပ်တယ်။ အင်္ဂလိပ်စာလည်း ကောင်းတယ်။ သက္ကတလည်းတတ်တယ်။ ပါဠိလည်းတတ်တယ်။ ဖျတ်ခနဲကြည့်လိုက်တာနဲ့ ဒီစာအမှား၊ အမှန်ကို သူကချက်ချင်းစိစစ်တတ်တယ်။ နောက်ပိုင်းတော့ ဂျပန်တွေနဲ့အဆက်အသွယ်ရပြီး ဂျပန်ပြည်ကြွလိုက်သေးတယ်။ နောက်တော့ မဟာစည်ဆရာတော်ကြီးနဲ့ အမေရိကပါသွားရင်းက မဟာစည်ဆရာတော်ကြီး တာဝန်ပေးတာနဲ့ အမေရိကမှာ သာသနာပြုဖို့ နေခဲ့တာပေါ့။ အဲဒီနောက်အမေရိကမှာအနေများသွားတာ” စသဖြင့် မိန့်ကြားတော်မူခဲ့ပါတယ်။

မောင်မြင့်အေးရေ . . .

သို့ကလို ပူဇော်သင့်ပူဇော်ထိုက်တဲ့ ပညာရှိ သူတော်ကောင်းပုဂ္ဂိုလ်တွေကို နိုင်ငံတော်ကပူဇာစ ပူဇနေယျာနံ ဆိုတဲ့ (၃၈) ဖြာမင်္ဂလာတရားတော်နဲ့အညီ ဂုဏ်ပြုပူဇော်တာဟာ အလွန်သင့်လျော်ကောင်းမြတ်တဲ့ ချီးကျူးဂုဏ်ပြုမှုပဲကွဲ့။ နှစ်သစ်မင်္ဂလာမှာ မင်္ဂလာရှိပါပေတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတစ်ဦးဖြစ်တဲ့ ဘကြီးကောင်း  နေနဲ့လည်း ဝမ်းမြောက်နုမော် သာဓုခေါ်ပါတယ်ကွယ်။

သာဓု သာဓု သာဓု။ ။

ကျမ်းကိုး -    

အရှင်ကုသလ (ညောင်ရမ်း) ပြုစုသည့် “အရှင်ဇနကာဘိဝံသ၏ ဘဝစာပေနှင့် အနာဂတ်သာသနာ မျှော်မှန်းချက်များ”၊ ဓမ္မာစရိယ ဦးဌေးလှိုင်၏ “မြန်မာနိုင်ငံ ပဋိပတ္တိ သာသနာဝင်ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ” ၊ သုခ ၏ “ဓမ္မကထာ စာပဒေသာ”၊ မြသန်းစံ၏ “ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင် နန္ဒမာလာဘိဝံသ၏ “ဘဝခရီးနှင့် ဓမ္မဆီမီး”။

No comments:

Post a Comment