မင်းဘူး ဇန်နဝါရီ
၁၁
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီ ၁၀ ရက်၊ (ယမန်နေ့) နံနက် ၁၀ နာရီအချိန်က မင်းဘူး(စကု)မြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများ တက်ရောက် ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးပြီး မြို့နယ်သာသနာ့ဗိမ္မာန်နှင့် မွေးမြူရေးသိပ္ပံ ကျောင်းဆောက်လုပ်မည့် မြေနေရာများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများအဖွဲ့သည် မင်းဘူးမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းနှင့် စကုမြို့
အခြေခံပညာအထက်တန်းကျောင်းတို့တွင် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား
ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆုံးမဩဝါဒစကားပြောကြားရာ ကျောင်းသားကျောင်းသူများ
အနေဖြင့် ပညာသင်ကြားစဉ်ကာလအတွင်း ဗလငါးတန်းဖွံ့ဖြိုးတိုးတက်စေရေး ဆရာ/ဆရာမများ၏ သင်ကြားဆုံးမမှုများကို
နာခံ၍ လူတော်လူကောင်းများဖြစ်အောင် ကျောင်းစာကို ဂရုတစိုက်နဲ့ စနစ်တကျ သင်ကြားစေလိုကြောင်း၊
နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ခေတ်စနစ်များနှင့်အညီ
သင်ရိုးညွှန်းတမ်းများကို အဆင့်မြှင့်တင် သင်ကြားပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည်
ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး အဓိကစီးပွားရေးမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံကာ
နည်းပညာပေါင်းစုံဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခေတ်မီဖွံ့ဖြိုးတိုးတက်အောင်
အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထို့အတူ လာမည့်ပညာသင်နှစ်များတွင်
Grade-9 အောင်မြင်ပြီးသူများ အနေဖြင့်
Grade-10 ၊ Grade-11 နှင့် Grade-12 အတန်းများတွင် ကျောင်းစာအပြင် သက်မွေး ပညာရပ်များဖြစ်သော
စိုက်ပျိုးရေးဘာသာရပ်၊ မွေးမြူရေးဘာရပ်နှင့် စက်မှုပညာနှင့်ပတ်သက်သော ဘာသာရပ်များကို
ပညာသင်နှစ်အလိုက် ခေတ်မီနည်းစနစ်များဖြင့် ထည့်သွင်းသင်ကြားပေးမည်ဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့်
မိမိတို့စိတ်ဝင်စားသော သက်မွေးဘာသာရပ်များကို ကိုယ့်စိတ်ကြိုက် ရွေးချယ်တက်ရောက်ခွင့်
ရရှိနိုင်မည်ဖြစ်ပြီး ကျောင်းပြီးပါက သက်ဆိုင်ရာ ဌာနများတွင် အလုပ်အကိုင်အခွင့်အလမ်းများ
ရရှိနိုင်မည်ဖြစ်ကြောင်း စသည့်ဖြင့် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မင်းဘူး(စကု)မြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူနေမှုအား ကြည့်ရှုစစ်ဆေးရာ လူဦးရေ စာရင်းကောက်ယူရာတွင် စာရင်းဇယားနှင့်ကိန်းဂဏန်းအချက်များ ပြည့်စုံမှန်ကန်စေရေး အလေးထား ဆောင်ရွက်သွားရန်မှာကြားပြီး မင်းဘူးမြို့ နမ္မဒါဘိုးဘွားရိပ်သာ၌ ဘိုးဘွားများထားရှိရန် ပြင်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ ဘိုးဘွားရိပ်သာအတွင်း လိုအပ်သောပစ္စည်းများဝယ်ယူရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး မှာကြားဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်တာဝန်ရှိသူများက မင်းဘူးမြို့၌ သာသနာ့ဗိမ္မာန် ဆောက်လုပ်မည့်မြေနေရာနှင့် စကုမြို့၌ မွေးမြူရေးသိပ္ပံကျောင်း ဆောက်လုပ်မည့် မြေနေရာများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
.jpg)
.jpg)
.jpg)
.jpg)
No comments:
Post a Comment