နေပြည်တော် ဇန်နဝါရီ ၈
ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပသို့စားသုံးဆီတင်ပို့ရောင်းချနိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် နေကြာနှင့်ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်နှင့် စားသုံးဆီပိုလျှံလာစေရေးကို တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ နည်းပညာနှင့်လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေး အတွက်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက စီမံဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက နေကြာစိုက်တောင်သူများနှင့်တွေ့ဆုံစဉ် အသိပေးပြောကြားလိုက်သည်။
ဒုတိယဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် သပြေတန်းကျေးရွာအုပ်စု ဆောင်းနေကြာစိုက်ခင်း၌ နေကြာစိုက်တောင်သူများနှင့်
တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး နေကြာမျိုးသန့်များရွေးချယ်အသုံးပြုရေး၊ စိုက်ပျိုးထုတ်လုပ်သူများအတွက် တွက်ခြေကိုက်အကျိုးရှိစေမည့်အထွက်နှုန်းရရှိရေး၊ သွင်းအားစုဓာတ်မြေဩဇာများ အချိုးမှန်ကန်စွာသုံးစွဲရေး၊ ခေတ်မီလယ်ယာသုံးစက်ကိရိယာများ အသုံးပြုလုပ်ကိုင်နိုင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း
ဆွေးနွေးပြောကြားခဲ့သည်။
ထို့ပြင် တောင်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ်
ဦးစီးဌာနအလိုက် တာဝန်ရှိသူများက သဘာဝမြေဩဇာပြုလုပ်သုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေအလေအလွင့်မဖြစ်ပေါ်စေရေးအတွက်
ရေအသုံးချသူအဖွဲ့(WUG) တောင်သူများက စနစ်တကျပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနှင့်အတူ မွေးမြူရေးလုပ်ငန်းကို တွဲဖက်လုပ်ကိုင်နိုင်မည့်အခြေအနေများနှင့် လယ်ယာမြေဆိုင်ရာ
ဥပဒေစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းဆွေးနွေးကြပြီး တောင်သူများနှင့်အတူ နေကြာသီးနှံစိုက်ကွင်းအတွင်း
ပေါင်းလိုက်ခြင်း၊ ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးကြသည်။
နည်းပညာပြန့်ပွားရေး
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ရန်ကုန်-မန္တလေး
အမြန်လမ်း မိုင်တိုင် ၂၁၆ မိုင် ၅ ဖာလုံရှိ ပညာပေးရေးနှင့်သုတေသနလုပ်ငန်းများဆိုင်ရာ
နို့စားနွားမွေးမြူရေးခြံ (နေပြည်တော်)သို့ ရောက်ရှိပြီး သုတေသနလုပ်ငန်းများပံ့ပိုးမှုဆိုင်ရာ
နို့စားနွားမွေးမြူထားရှိမှုအခြေအနေ၊ နို့ပေါင်းစက်ရုံ၊ နို့စားနွားမွေးမြူထားရှိမှုနှင့်
နွားစာချဉ်ဖတ်ထုတ်လုပ်မှုများကို ကြည့်ရှုစစ်ဆေးကြပြီး နို့စားနွားမွေးမြူရေးဆိုင်ရာ
နည်းပညာပြန့်ပွားရေး၊ နို့စားနွားမွေးမြူရေးကို ဒေသတွင်းကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်နိုင်ရေး၊
နိုင်ငံတကာစံချိန်စံညွှန်းများနှင့်ညီညွတ်သည့် နို့နှင့်နို့ထွက်ပစ္စည်းများ တန်ဖိုးမြင့်ကုန်ချောထုတ်လုပ်မှုဖွံ့ဖြိုးလာရန်၊
ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရေးအတွက်အားပေး ဆောင်ရွက်ကြရန်တာဝန်ရှိသူများကို ဆွေးနွေးမှာကြားခဲ့သည်။
သတင်းစဉ်

No comments:
Post a Comment