ဒေါက်တာမောင်သင်း
မြန်မာတွေ ကျွန်ဘဝမှလွတ်ကင်းပြီး သခင်ဘဝကို ပြန်လည်ရောက်ရှိခဲ့ကြသည်မှာ စိန်ရတုခရီးပင် ရှိခဲ့ပါပြီ။ လွတ်လပ်ရေးရယူစဉ်တုန်းက ကြိုးပမ်းခဲ့ကြသူတိုင်းတွင် တစ်စိတ်တည်း၊ တစ်ဆန္ဒတည်း ဖြင့် လွတ်လပ်ရေးကိုအရယူမည်ဟု သန္နိဋ္ဌာန်ချခဲ့ကြပေသည်။ မျိုးဆက်သာပြောင်းခဲ့သည်။ ထိုပြင်းပြသည့် မွန်မြတ်စိတ်ထားသည် မပြောင်းလဲခဲ့ပေ။
အစောဆုံး မျိုးချစ်သူရဲကောင်းများဖြစ်ကြသည့် ဝန်းသိုစော်ဘွားကြီး၊ ဗိုလ်ကြွန့်ဘိစ်၊ ဗိုလ်ချိုနှင့် ဗိုလ်လရောင်စသည်တို့မှသည် ဦးဥတ္တမ၊ ဦးဝိစာရ၊ ဆရာစံ၊ ဗိုလ်အောင်ကျော်၊ သခင်ဘိုး လှကြီးတို့အလယ်၊ သခင်ကိုယ်တော်မှိုင်း၊ သခင် ဘသောင်း၊ သခင်ဗဟိန်း၊ ဗိုလ်တေဇ(သခင် အောင်ဆန်း)နှင့် ရဲဘော်သုံးကျိပ်၊ ဦးနုတို့အထိ “လွတ်လပ်ရေးသာ ပထမ၊ လွတ်လပ်ရေးသာ အဓိက” ဟူသည့် ဆန္ဒာအဓိပတိဖြင့် ကြိုးပမ်းခဲ့ကြသည်။ အသက်သွေးချွေးစတေးခဲ့ကြသည်။ ထိုဆန္ဒဦးစီးပြီးရအောင်ယူခဲ့ကြ၍သာ ယနေ့အသက် (၇၅) နှစ်တန်းရှိ မြန်မာများမွေးကတည်းက ကျွန်ဘဝကင်းကာ သခင်ဘဝရခဲ့ကြသည်။ သူတို့ မိဘ၊ ဘိုးဘွားများက ကျွန်ဖြစ်ခဲ့သည့်အတွက် ကျွန်ဘဝ၏ ခါးသီးလှသည့် ဘဝများစွာကို သူတို့၏ သားစဉ်မြေးဆက် လုံးဝမခံစားစေချင်သော မွန်မြတ်စိတ်ထားမှ ပေါက်ဖွားလာသည့် “နောက် မျိုးဆက်များ သခင်ဘဝရပ်တည်ရေး” ဟူသော ပြင်းပြသည့်ဆန္ဒ၏ အသီးအပွင့်များပါ။ ထိုအသီးအပွင့်သည် စိန်ရတုသက်တမ်းရှိခဲ့ပါပြီ။
ပြင်းပြသည့် ဆန္ဒကို အကောင်အထည်ဖော်ရာ တွင်လည်း စည်းလုံးညီညွတ်မှု၏ တန်ဖိုးကို သိခဲ့၊ အသုံးချခဲ့ကြပါသည်။ လွတ်လပ်ရေးဆုံးရှုံးခဲ့ရခြင်း၏ အကြောင်းရင်းခံကလည်း “နန်းတွင်းမှာ မင်းညီမင်းသားများ မညီညွတ်ခြင်းကြောင့် ဖြစ်ခဲ့ရကြောင်း” သတိပြုမိခဲ့ကြသည်။ နွားကွဲ၍ကျားကိုက်ခံရသည့်အဖြစ်ဆိုးကို သင်ခန်းစာယူခဲ့ကြသည်။ ကြိုးပမ်းစဉ်က အရင်းရှင်ဆိုရှယ်လစ်၊ ကွန်မြူနစ်ဝါဒဟူသည့် ဝါဒအသွေးအရောင်တို့ကို လွတ်လပ်ရေးဟူသည့် သခင်သွေး အရောင်အောက်မှာ ညီညွတ်ခဲ့၊ စည်းလုံးခဲ့ကြသည်။
ကျောင်းသား၊ လူငယ်၊ ရဟန်းရှင်လူ၊ လယ်သမား၊ အလုပ်သမားနှင့် ဝန်ထမ်းအားလုံး၏ စည်းလုံးမှု မြန်မာ့အားကို အထွေထွေသပိတ်ကြီး (General Strike) ဖြင့် သမိုင်းမှတ်တိုင်ထူခဲ့ကြသည်။ ရှေးပဝေသဏီကပင် ဤမြေမှာ ဤရေသောက်ပြီး ဥမကွဲသိုက်မပျက် နေထိုင်ကြီးပြင်းလာခဲ့ကြသည့် ရှမ်း၊ ချင်း၊ ကရင်၊ မွန်၊ ရခိုင်၊ ကချင်၊ ကယား၊ ဗမာမှသည် မြန်မာဟူသည့် တစ်အူထုံ့ဆင်း မောင်ရင်းနှမ သားချင်းစိတ်ထားဖြင့် ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲခဲ့သည်။ ပင်လုံကတိစာချုပ်ဖြင့် ဗြိတိသျှတို့အားတုန်လှုပ်စေအောင် သက်သေပြခဲ့ကြသည်။ မျိုးစုံသွေးခွဲမှုကို တွန်းလှန်ခဲ့ကြသည်။ နောက်ဆုံးတွင် ဘက်ပေါင်းစုံစည်းလုံးမှုစွမ်းအားက လွတ်လပ်ရေးကို နောက်မျိုးဆက်များအတွက် ရယူပေးခဲ့ကြသည်။
နိုင်ငံသားတိုင်း၏ မွေးရာပါ သမိုင်းပေးတာဝန်
သူ့ကျွန်အဖြစ် မွေးဖွားလာခဲ့ကြသည့် မိမိတို့၏ ဘိုးဘွားများက သူ့ကျွန်ဘဝနှင့် ဆိုင်သည့်သမိုင်း ပေးတာဝန်ကို ပခုံးပေါ်ထမ်းရင်း မွေးဖွားလာခဲ့ကြ ပါသည်။ ယင်းမှာ “သူ့ကျွန်ဘဝတွင် ပျော်မွေ့မနေ ရန်နှင့်သူ့ကျွန်ဘဝကလွတ်မြောက်ရေးကို ကြိုးပမ်းနေကြရန်” ပင်ဖြစ်ပါသည်။ နိုင်ငံသား တစ်ဦးချင်းစီ၏ မွေးရာပါတာဝန်ပါ။ မိမိတို့ဘိုးဘွားများသမိုင်းက သူတို့ပခုံးပေါ်ကို တင်ပေးလိုက်သည့် သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြ၍သာ ၁၈၂၄ ခုနှစ်မှ ၁၉၄၈ ခုနှစ် နှစ်ဆန်းအထိနှစ်တစ်ရာကျော် ထီးသုဉ်း၊ နန်းသုဉ်းတစ်ပါး သူ့ကျွန်ဘဝမှ မြန်မာတွေ လွတ်မြောက်ခဲ့ကြသည်။ အလကားတော့မဟုတ်ပေ။ အသက်သွေး၊ ချွေးပေါင်းမြောက်မြားစွာဖြင့် အလဲအထပ်လုပ်ခဲ့ရသည်။ မြင့်မြတ်သည့် သခင်ဘဝကို ကျွန်တော်တို့ခံစား၊ စံစားခဲ့ရတာ (၇၅) နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ စိန်ရတုကို အလွယ်တကူ ရောက်ခဲ့သည်တော့ မဟုတ်ပါ။ သခင်ဘဝတွင် သခင်စိတ်ဖြင့် မွေးဖွားလာသည့် မြန်မာများ သူတို့ခေတ်၊ သူတို့မွေးရာပါ သမိုင်းပေးတာဝန်ဖြစ်သည့် လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်တာဝန်ကို ကျေပွန်ခဲ့သည်။
ထိုသို့ထိန်းသိမ်းရာမှာ ပြည်ထောင်စုမပြိုကွဲရန်အတွက် တိုင်းရင်းသားညီအစ်ကို မောင်နှမချင်း တစ်အူထုံ့ဆင်း စိတ်ထားခိုင်မြဲအောင် ဆက်လက်ကြိုးပမ်းခဲ့ကြ၍သာ လွတ်လပ်သည့် အချုပ်အခြာ အာဏာရှိသည့်နိုင်ငံအဖြစ် ဆက်၍ရပ်တည်နိုင်ခဲ့သည်။ လွတ်လပ်ရေးမရမီနှင့် ရပြီးကာလတို့တွင် ခေတ်သစ်ကိုလိုနီ ဝါဒမှိုင်းအစုံတိုက်ပြီးမှ လွတ်လပ်ရေးကိုပေးခဲ့သည့်အတွက် ရောင်စုံလက်နက်ကိုင် အဖွဲ့အစည်းများပေါ်ပေါက်ခဲ့သည်။ မွေးကင်းစ လွတ်လပ်ရေးသူငယ်ကို ပျက်စီးအောင် နည်းမျိုးစုံ သုံးကာဖျက်ခဲ့ကြသည်။ သို့သော်ငြားလည်း ကျွန်ဘဝ၏ ဆိုးမွေကိုဆက်မခံလိုသည့် မိမိတို့၏ မိဘဘိုးဘွားများနှင့် မိမိတို့မျိုးဆက်များက အချုပ်အခြာအာဏာတည်တံ့အောင် ရပြီးသားလွတ်လပ်ရေးမဆုံးရှုံးရလေအောင် “ဘယ်သူ ခွဲခွဲ၊ တို့မကွဲ၊ အမြဲစည်းလုံးမည်” ဟူသည့် တိုင်းရင်းသားမောင်နှမများ လက်တွဲညီညီကာကွယ်၊ ထိန်းသိမ်းခဲ့ကြ၍သာ (၇၅) နှစ်တိုင်ခဲ့ခြင်းပါ။ လွတ်လပ်ရေးကြိုးပမ်း စဉ်ကာလကဲ့သို့ပင် စည်းလုံးညီညွတ်ခဲ့ကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ အသက်သွေး၊ ချွေးတို့ဖြင့် ဆက်လက်ပေးဆပ်၍ ထိန်းသိမ်း ခဲ့ကြရပါသည်။
“ဟန်ပြလွတ်လပ်သည့် ကျွန်အစစ်ဘဝ” မရောက်ရေး
သမိုင်းကပြခဲ့သည့် သက်သေပါ။ ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးကြိုးပမ်းရန်အတွက် မြန်မာတို့ ဂျပန်နှင့် အဆက်အသွယ်ရခဲ့သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီက ဂျပန်ဝန်ကြီးချုပ် ဂျင်နရယ်တိုဂျို၏ “အာရှတိုက်သား သာတူညီမျှ ကောင်းစားရေးဝါဒ” ကြွေးကြော်သံကို မြန်မာ များ၏နားတွင် ပျားသကာသို့ ချိုလှသောအချိန်ပါ။ အင်္ဂလိပ်လက်အောက်က လွတ်မြောက်လို၍ ဂျပန်ကိုဖိတ်ခေါ်ခဲ့သည်။ ကြိုဆိုခဲ့သည်။ မော်လမြိုင်၊ ထားဝယ်၊ မြိတ် စစ်ကြောင်းများဖြင့် ချီတက်ခဲ့သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ဖွဲ့စည်းစဉ်က မြန်မာပြည်တွင်းသို့ ချင်းနင်းဝင်ရောက်လျှင် လွတ်လပ်ရေး ကြေညာပေးမည်ဟု လှည့်ဖြားခဲ့သည်။ ရန်ကုန်ကို ၁၉၄၂ ခုနှစ် မတ်လတွင် သိမ်းပိုက်ခဲ့သည်။ မြန်မာကိုလွတ်လပ်ရေးပေးအသံပျောက်ခဲ့သည်။ ၁၉၄၃ ခုနှစ် ဩဂုတ်လကျမှသာ လွတ်လပ်ရေးကြေညာပေးခဲ့သည်။ သို့သော် ဂျပန်တို့ မြန်မာပြည်တွင် ရှိနေဆဲ၊ အုပ်စိုးဆဲ၊ ပြည်တော် မပြန်ခဲ့ပါ။ သို့ပါ၍ “ရွှေရည်စိမ်လွတ်လပ်ရေး” ဟု သမိုင်းတွင်ခဲ့သည်။
အာရှတိုက်သား သာတူညီမျှကောင်းစားရေး ဂျပန်ကြွေးကြော်သံပျောက်ကွယ်ခဲ့ကာ ဖက်ဆစ် ဝါဒလွှမ်းမိုးရက်စက်ခဲ့သည်။ ဘုရားမှတ်၍ကိုးကွယ်ခဲ့ရာ ဖွတ်ထွက်မှတောင်ပို့မှန်းသိခဲ့ရသည်။ မြန်မာ့သမိုင်းတစ်လျှောက် နယ်ချဲ့စနစ်၏ အဆိုးရွားဆုံးကာလမှာ ဂျပန်ခေတ်ဖြစ်ခဲ့သည်။ လွတ်လပ်သည်ဆိုသော်လည်း ကျွန်ဘဝစစ်စစ်၏ အနှိပ်စက်ခံရဆုံး ကာလဖြစ်ခဲ့ပေသည်။ မြန်မာတို့ “ဟန်ပြလွတ်လပ်သည့် ကျွန်စစ်စစ်ဘဝ” ရောက်ခဲ့ရသည့် ကာလများပါ။ ထို့အတူ တချို့နိုင်ငံများတွင် တိုင်းတစ်ပါးသားတို့ ကျူးကျော်လာရောက် အုပ်စိုးခြင်းမရှိသော်လည်း “ရုပ်ပြဘုရင်” သဘောထားကာ သူတို့ဘက်က အသာစီးစာချုပ်များ ချုပ်ဆိုပြီး ၎င်းတို့ စိတ်တိုင်းကျ အဝေးမှထိန်းချုပ်ခံရသည့် နိုင်ငံများလည်း ကမ္ဘာပေါ်မှာ အများကြီးပါ။ ယနေ့ခေတ်သစ် နယ်ချဲ့ဝါဒီများက သူတို့လက်ကိုင်တုတ်ကို နိုင်ငံအကြီးအကဲတင်နိုင်အောင် အဖွဲ့အစည်းမျိုးစုံက နည်းမျိုးစုံဖြင့် ဝိုင်းဝန်းပံ့ပိုးပြီးကြိုးဆွဲကခိုင်းခဲ့သည့် နိုင်ငံပေါင်းများစွာ ဒုတိယကမ္ဘာစစ် အပြီးမှသည် ယနေ့အထိရှိနေဆဲပါ။
ထိုလက်ကိုင်တုတ်များမှတစ်ဆင့် နိုင်ငံပြိုကွဲအောင်စီမံခဲ့ကြသည်။ အချုပ်အခြာအာဏာ ပျက်ပြားအောင် ဝိုင်းဝန်းကြိုးပမ်းသည်။ မိမိတို့နိုင်ငံသည်လည်း ထိုသဘောမျိုးဖြင့် နိုင်ငံပြိုကွဲ အောင်၊ ပျက်စီးအောင်၊ စည်းလုံးမှုပျက်ပြားအောင်၊ အချုပ်အခြာအာဏာ သူတို့ လက်ထဲရောက်အောင် ကြံစည်ကြိုးပမ်းမှုကို မကြာသေးမီကာလတွင် ကြုံခဲ့သည်ဟု မြင်မိပါသည်။ သို့သော်လည်း အမြော်အမြင်ကြီးကြသူ ခေါင်းဆောင်များက “ဟန်ပြ လွတ်လပ်သည့် ကျွန်အစစ်ဘဝမျိုး” မိမိတို့နိုင်ငံ လုံးဝမရောက်ရန် သတိကြီးကြီးထားလျက် ထိန်းသိမ်းကာကွယ်ခဲ့၍သာ ယနေ့အထိလွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ကမ္ဘာ့ အလယ် တင့်တယ်စွာတည်မြဲခဲ့ခြင်းပါ။ နိုင်ငံနှင့် လူမျိုးဖျက်မည့်ရန်နှင့်အကြံကို ပညာမျက်စိဖြင့် မြင်အောင်ကြည့်တတ်၍ ကာကွယ်ခဲ့သည့် ရလဒ်ပင်ဖြစ်ပေသည်။
သို့ဖြစ်၍ သခင်အဖြစ်မွေးဖွားလာသူ ယနေ့ မြန်မာမျိုးဆက်သစ်များအနေဖြင့် မွေးရာပါတာဝန်မှာ “လွတ်လပ်သည့် အချုပ်အခြာအာဏာတည်တံ့သည့်နိုင်ငံ” အဖြစ် ထာဝရဆက်လက်တည်ရှိအောင် ထိန်းသိမ်းရန်ဖြစ်ပါသည်။ လိုအပ်လျှင် အသက်၊ သွေး၊ ချွေးတို့ဖြင့်ရင်း၍ကာကွယ် ထိန်းသိမ်းရပါလိမ့်မည်။
လွတ်လပ်ရေးကို ခေတ်သစ်နယ်ချဲ့ဝါဒီတို့၏ မှိုင်းလုံးများဖြစ်သည့် “ဒီမိုကရေစီ” “လူ့အခွင့် အရေး” “လစ်ဘရယ်” “ဖက်ဒရယ်” ဟူသည့် သည်းခြေကြိုက်စကားလုံးများဖြင့် သွေးဆောင်မှုကို ပညာမျက်စိဖြင့် ကြည့်တတ်၊ မြင်တတ်ရပေမည်။ အဆိုပါ “လွတ်လပ်သည့် အချုပ်အခြာပိုင် နိုင်ငံ တစ်နိုင်ငံဘဝ”ကို ပြိုကွဲအောင်လုပ်နေသည့် အဆိပ်မှိုင်းများကိုလည်း မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များနှင့် လွတ်လပ်ရေးကိုထိန်းသိမ်းလိုစိတ်အရင်းတည်ကာ သတိပြု တွန်းလှန်ကာကွယ်နိုင်ပါမှ သခင်အဖြစ်မွေးဖွားလာသူ မြန်မာနိုင်ငံသားတို့၏ မွေးရာပါ တာဝန်ကျေပွန်သည့် ဘဝရောက်ကြမှာပါ။ ထို့အတူလွတ်လပ်ရေးကို အရယူပေးခဲ့သည့် ဘိုးဘွားများနှင့် (၇၅)နှစ်တိုင်အောင် ထိန်းသိမ်းခဲ့သည့် မိဘများ၏ အမျိုးစစ်၊ အမျိုးမှန်ပီသသည့် မြန်မာနိုင်ငံသားစစ်စစ်ဘဝကို ရောက်ပေလိမ့်မည်။
အမျိုးစစ်၊ အမျိုးမှန် ပီသရုံနှင့်လည်း မပြီးသေးပါ။ ဘိုးဘွားမိဘတို့၏ “လွတ်လပ်သည့် အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆက်လက်တည်တံ့ခိုင်မြဲမှု ရှိရေး” ဟူသည့် သန္နိဋ္ဌာန်ကို မိမိတို့ကိုယ်တိုင်စွဲမြဲ ယုံကြည်စွာ လက်ခံကျင့်သုံးရန် လိုအပ်သကဲ့သို့ နောက်မျိုးဆက်များသို့လည်း လက်ဆင့်ကမ်းပေးရန်တာဝန်ကို မဖြစ်မနေကျေပွန်ရန်လိုအပ်ပါ သည်။ သို့မှသာ “မြန်မာ့လွတ်လပ်ရေးနေ့များသည် စိန်ရတုမှသည် ကမ္ဘာတည်သရွေ့ တည်တံ့နေပေလိမ့်မည်” ဟုယုံကြည်မိပါကြောင်း ရေးသားလိုက်ရပါသည်။
No comments:
Post a Comment