ဒေါက်တာမြတ်မိုး
အကျပ်အတည်းတွေ၊ ဒုက္ခတွေ၊ အနိဋ္ဌာရုံတွေ၊ ဖိစီးမှုတွေ၊ သံသယတွေ၊ မလုံခြုံမှုတွေ၊ မျှော်လင့်ချက်မဲ့မှုတွေ၊ သောကတွေနဲ့ ကမ္ဘာကြီးက မငြိမ်းချမ်း။ မငြိမ်းချမ်းမှုရဲ့ မူလအစက ရောဂါကပ်၊ နေရာအနှံ့မှာဖြစ်နေတဲ့ ကန့်သတ်စစ်။ ရောဂါနဲ့စစ်ပွဲနဲ့ပေါင်းမိတော့ စီးပွားပျက်။ စီးပွားကပ်ရဲ့အကျိုးဆက်က ဆင်းရဲမှုနဲ့အငတ်ဘေး။ အလှုပ်အယမ်းကြမ်းလွန်းတဲ့ ဗဟိဒ္ဓကမ္ဘာကြီးက အနေအထားအရ ငြိမ်းချမ်းဖို့လမ်းစ တော်တော်နဲ့မမြင်၊ မိမိအဇ္ဈတ္တအတွင်းသဏ္ဌာန်မှာ ငြိမ်းချမ်းဖို့သာအဓိကဖြစ်လာတဲ့အခါ မိမိစိတ်လေးငြိမ်းချမ်းမှုရဲ့ လမ်းစကိုသာ ရှာနေမိတော့တယ်။ တစ်ကျော့ပြန်ကိုဗစ်နဲ့ မုန်တိုင်းနှင်းထူကြားမှာ နောက်ထပ် မမြင်ချင်၊ မကြားချင်လောက်တဲ့ အနိဋ္ဌာရုံတွေကို စိတ်မချမ်းမသာဖြစ်နေသူတွေ၊ အလွန်အကျွံတွေးနေမိသူတွေ၊ စိတ်ဓာတ်ကျနေသူတွေအတွက်....
ဆောင်တရား၊
ရှောင်တရား
ကမ္ဘာကြီးငြိမ်းချမ်းဖို့ဆိုတဲ့အတွေးက
ဝေးပါသေးတယ်။ တောင်းဆိုဖို့လည်းခက်ပါတယ်။ မိမိစိတ်ကိုငြိမ်းချမ်းအောင်သာ ဘယ်လိုကြိုးစားမလဲဆိုတဲ့အချက်က
ပိုအရေးကြီးပါတယ်။ တစ်ဦးချင်းငြိမ်းချမ်းမှ အများငြိမ်းချမ်းမှုကိုရမှာကိုး။ အများငြိမ်းချမ်းမှကမ္ဘာကြီးငြိမ်းချမ်းမယ်။
ကမ္ဘာကြီးအတွက် တစ်ဦးချင်းဆီကစလိုက်ရင် အဆင်ပြေပါတယ်။ အရေးကြီးတာက ကိုယ့်စိတ်ကိုယ်
ဦးစွာငြိမ်းချမ်းအောင်လုပ်ဖို့ပါပဲ၊၊ ဘယ်လိုလုပ်နိုင်ပါ့မလဲ...။
ဆရာတော်ကြီးများက တစ်ဦးချင်းငြိမ်းချမ်းမှ
ကမ္ဘာကြီးငြိမ်းချမ်းမယ်။ ဒါကြောင့် တစ်ဦးချင်း ငြိမ်းချမ်းအောင်ပွားများအားထုတ်ရမယ့်
နည်းလမ်းများနဲ့တကွ ဟောကြားခဲ့တဲ့တရားတော်များစွာရှိပါတယ်။ ဆရာတော်ကြီးများရဲ့ တန်ဖိုးကြီး
ဓမ္မဒေသနာများထဲက ငြိမ်းချမ်းမှုရှေးရှုတဲ့အချက်ကို အနှစ်ထုတ်ပြီးပြန်လည်တင်ပြရရင်
ပယ်ရမယ့်တရားနဲ့ သယ်ရမယ့်တရား၊ ရှောင်ရမယ့်တရားနဲ့ ဆောင်ရမယ့်တရား ထိုနှစ်ပါးသာလျှင်
ပဓာနဖြစ်ပါတယ်။
သမ္မပဒါန်လေးပါးဖြင့်
ငြိမ်းချမ်းရေးကိုရှေးရှု
အပယ်တရားနဲ့ ရှောင်ရမယ့်တရားက အကုသိုလ်၊
သယ်ယူပြီးဆောင်ရမယ့် တရားကကုသိုလ်ပါ။ ဆရာတော်ကြီးများဟောကြားချက်အရတော့ သမ္မပဒါန်လေးပါးဆိုပါတော့။
သမ္မပဒါန်ဟူသည် အားကြီးသောဝီရိယပါတဲ့။ အားကြီးသောဝီရိယနဲ့အားထုတ်ရမယ့် ဤလေးပါးသောတရားဆိုတာက
မဖြစ်သေးတဲ့အကုသိုလ်တွေ မဖြစ်အောင်ကြိုးစားခြင်း၊ ဖြစ်ပြီးတဲ့အကုသိုလ်တွေကို ပယ်နိုင်အောင်ကြိုးစားခြင်း၊
မဖြစ်သေးတဲ့ကုသိုလ်တွေကို ဖြစ်လာအောင်ကြိုးစားခြင်းနဲ့ ဖြစ်ပြီးတဲ့ကုသိုလ်တွေကို တိုးပွားအောင်ကြိုးစားခြင်းပါပဲ။
တစ်ဦးချင်းတစ်ဦးချင်း ကြိုးစားရမယ့်အရာတွေပါပဲ။
ဆောင်ရမှာကုသိုလ်၊ ရှောင်ရမှာအကုသိုလ်
ဆိုတော့ ဘယ်အရာက အကုသိုလ်၊ ဘယ်အရာက ကုသိုလ်ဆိုတာသိဖို့ လိုလာပြန်ပြီပေါ့။ ဘယ်အရာက ကုသိုလ်၊
ဘယ်အရာက အကုသိုလ်မှ မသိဘဲ ဘာကိုရှောင်၊ ဘာကိုဆောင်ကြမလဲဆိုတာ အရေးကြီးလာပါတယ်၊၊ အကုသိုလ်ကိုအကုသိုလ်မှန်းသိမှ၊
ခွဲခြားသိမှဘယ်လိုကုစားရမှန်းသိပါမယ်။ ကုစားပြီးရင်လည်း နောင်ထပ်မဖြစ်အောင် ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမလဲသိနေမှသာ
ကြိုးစား အားထုတ်ဖြစ်ပါမယ်။ တစ်နေ့တစ်နေ့ကုသိုလ်တိုးပြီး အကုသိုလ်လျော့ဖို့ကသာလျှင်
အဓိက မဟုတ်ပါလား...။
အာရုံနဲ့ဒွါရ
ဘာကိုထိန်းချုပ်မလဲ
ပယ်ရမှာအကုသိုလ်ဆိုတာ အားလုံးကလည်းသိကြတယ်။
လောဘ၊ ဒေါသ၊ မောဟ စသဖြင့်ပေါ့။ ဒါပေမယ့် ဘာလုပ်မိရင်၊ ဘာကိုတွေးရင် ဘယ်လိုပြောလိုက်ရင်
ဘယ်လို လောဘ၊ ဘယ်လို ဒေါသ ဖြစ်သွားတယ်ဆိုတာကျတော့ နှလုံးသွင်းပုံချင်းမတူကြတော့ပြန်ဘူး။
စိတ်ကိုဖြူစင်အောင်ထား၊ မကောင်းမှုရှောင်၊ ကောင်းမှုကိုဆောင်ပါလို့ မြတ်စွာဘုရားက ဆုံးမပြီးသားပါ။
ဘုရားအဆုံးအမကိုခံယူပါတယ်ဆိုတဲ့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေက သာလိုက်နာဖို့သာ ခက်နေကြတာ။
ပုထုဇဉ်တွေပီပီ အမြင်၊ အကြား၊ အနံ့ ၊
အရသာ၊ အထိအတွေ့၊ အတွေးဆိုတဲ့ အာရုံခြောက်ပါးကို အစအဆုံးလိုက်ခံစား၊ ထိန်းချုပ်ဖို့ကြတော့
ခက်နေကြပြန်တယ်။ အာရုံကတော့ ၃၆၀ ဒီဂရီက လာနေမှာပဲ။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါး
မရှောင်၊ အတွင်းရောအပြင်ကပါလာနေမှာ။ ဒါကြောင့် တဏှာအစစ် တစ်ရာ့ရှစ်လို့ခေါ်တာကိုး။
အကျယ်ကတော့ ကိလေသာတစ်ထောင့်ငါးရာတဲ့။ များမှများတဲ့ကိလေသာတွေ၊ သူ့အာရုံနဲ့သူ ဝင်ရမယ့်တာဝန်ရှိတဲ့အတိုင်း
ဝင်မှာကသူ့တာဝန်၊ စိစစ်ထိန်းချုပ်ရမှာကကိုယ့်တာဝန်၊ အာရုံဘယ်ကလာလာ ထိန်းချုပ်ရမှာကကိုယ့်ရဲ့မျက်စိ၊
နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့အာရုံနဲ့ထိတွေ့တဲ့ဖြစ်ရတဲ့ ခြောက်ခုသော ဒွါရများ...။
အာရုံနဲ့ဒွါရတိုက်တိုက်ချင်း ကနဦးဖြစ်တဲ့စိတ်လေးကအဖြူထည်ပါ။
ဘာအရောင်မှမပါဘူး၊ အဲဒီဖြူနေတဲ့စိတ်လေးကို ကောင်းအောင်၊ ဆိုးအောင် ခြယ်လှယ်သမှုပြုလိုက်တာက
စေတသိက်ဆိုတဲ့ နာမ်တရားတွေသာဖြစ်ပါတယ်။ စိတ်နဲ့အတူဖြစ်၊ အတူချုပ်ပြီး မှီရာလည်းတူပြီးစိတ်နဲ့လည်းအာရုံတူကြတယ်လို့
ဆိုပါတယ်။ သူ့တာဝန်နဲ့သူ သူ့အလုပ်နဲ့သူထမ်းဆောင်နေကြတဲ့သဘောပါပဲ။ ငါ့သဘော၊ သူ့သဘောတွေမပါပါဘူး။
နှလုံးသွင်းမှုအပေါ်မှာတော့မူတည်တာပေါ့။ နှလုံးသွင်းမှန်ရင် ကုသိုလ်၊ မမှန်ရင်အကုသိုလ်
ဖြစ်ပြန်လေတော့..နှလုံးသွင်းမှန်မမှန်ဆိုတာကလည်း သူခံစားရတဲ့ အာရုံတွေဟာ ကောင်းတယ်၊
မကောင်းဘူး အတိတ်ကမှတ်သားထားတဲ့ သညာသိအပေါ်မူတည်နေတယ်လို့ သိထားပါတယ်။ ကောင်းတာကိုမကောင်းဘူး၊
မမှန်တာကိုမှန်တယ်လို့မှတ်ထား မိတဲ့အခါမှာတော့ အဝိဇ္ဇာအမှောင်ဖုံးပြီပေါ့။
လောဘဒိဋ္ဌိမာနဆိုတဲ့သဘော
အကုသိုလ်နဲ့ကုသိုလ်ကို ပြန်ဆက်ကြည့်ရအောင်ပါ၊၊
အာရုံမှာငြိကပ်တပ်မက်လွန်းပြီး ဖြစ်ချင်တာကများ၊ လိုချင်တဲ့လောဘများလွန်းလို့လည်း မငြိမ်းချမ်းမှုဖြစ်ရတယ်၊၊
ကိုယ့်လောဘကမှန်တယ်ချည်းထင်နေတာကိုး။ မှန်တယ်ထင်တာက အာရုံရဲ့အမှန်သဘောကိုမသိလို့။ အမှန်မသိအောင်လည်းဖုံးထားတာက
မောဟ၊ နှလုံးသွင်း မှားတယ်ဆိုတာ အာရုံရဲ့အမှန်သဘောကိုမသိလို့မှားကြတာပါ။ မသိမှတော့
မိစ္ဆာဒိဋ္ဌိပေါ့၊ ကုသိုလ်ဆိုတာမရှိ၊ ကုသိုလ်လုပ်လည်း ဘာအကျိုးရှိမှာလဲ၊ အကုသိုလ်ဆိုတာမရှိ၊
အကုသိုလ်လုပ်လည်းအကုသိုလ်မဖြစ်။ ဒါကမိစ္ဆာဒိဋ္ဌိရဲ့သဘော၊ မသိမှုရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့
နှလုံးသွင်းမှန်စွာသိမှုကသာဉာဏ်ပါတဲ့ သဘောဖြစ်ပါတယ်၊၊ ထောင်လွှားတက်ကြွ မောက်မာတဲ့သဘောကလည်း
အမှန်ကိုမသိသေးလို့ပါပဲ။ မာနပေါ့။ ကိုယ်ကပဲမြတ်တယ်၊ ကိုယ်ကချည်းသာတယ်လို့ထင်နေပြီး
“မှန်ကင်းတစ်လှည့်ထင်းတစ်လှည့်” ဆိုတဲ့ သဘောအမှန်ကိုမသိခဲ့ရင် မာနဟာ ကိုယ့်အတွက်တော့အရှုံးဖြစ်သွားနိုင်ပါတယ်။
ဒေါသအမြစ်တွယ်ခဲ့ရင်
လောဘကအားကြီးလာတဲ့အခါ လိုချင်တာမရရင်ဒေါသဖြစ်ရပြန်တယ်။
ဒေါသဆိုတဲ့တရားက ကြမ်းတမ်းခက်ထန်တဲ့သဘောသာဆောင်လေတော့ မိမိရောသူတစ်ပါးပါပျက်စီးရတယ်၊
သူ့အပူမပေးမိခင် ကိုယ်အရင်လောင်တဲ့သဘောပါပဲ။ စိတ်ကြမ်းတာ၊ ညှိုးနွမ်းတာ၊အားငယ်တာ၊ ကြောက်လန့်တာ
အားလုံးဒေါသချည်းပဲ။ ဒေါသထက်ဆိုးတာရှိပါသေးတယ်။ သူတစ်ပါးကိုဒုက္ခ ရောက်စေချင်၊ ပျက်စီးစေချင်၊
သေစေချင်တာ၊ သူကအကျိုးပေးပိုဆိုးပါတယ်။
လောဘဒေါသအမြစ်က အတ္တကိုစေ့ဆော်တော့ အတ္တအချင်းချင်းထိပ်တိုက်တွေ့၊
အတ္တကြီးသူချင်းကအင်အားကြီးတွေပဲဆိုရင်တော့ လောကကြီးကျွမ်းထိုးမှောက်ခုံဖြစ်ဖို့ မနှေးဧကန်ပါပဲ။
Ego ဆိုတဲ့ အတ္တနဲ့မာနကမငြိမ်းချမ်းခြင်းရဲ့ တကယ့်တရားခံပါ၊ လူတွေ မငြိမ်းချမ်းရင်
ကမ္ဘာကြီးလည်းမငြိမ်းချမ်းနိုင်ပါဘူး။ မငြိမ်းချမ်းမှုတွေကြားထဲ ego-trip လို့ခေါ်တဲ့
လူအချင်းချင်းအမြတ်ထုတ်ချင်၊ အသာရချင်တဲ့လူစုလူဝေးကလည်းရှိသေးတယ်။ ငွေ၊ အာဏာ၊ ကျော်ကြားချင်မှုတစ်ခုခုကြောင့်ပေါ့။
သူတို့ကြောင့် ဆင်းရဲသူတွေပိုဆင်းရဲရတယ်၊ နစ်နာနေသူတွေပိုနစ်နာရတယ်ဆိုတာပြန်ကြည့်ဖို့
သူတို့လိုလူတွေအတွက် ခက်ခဲနေတတ်တယ်၊၊
မနာလိုဝန်တိုမှု၊
ပြန်တွေး တွေဝေငေးငိုင်နေတတ်တဲ့ တရားဆိုးတွေ
လောဘ ဒေါသက သူ့ချည်းမလာပါဘူး။ တစ်ခါတစ်ရံ
ဣဿာနဲ့ မစ္ဆရိယ တစ်နည်း မနာလိုဝန်တိုမှု ကိုပါတွဲခေါ်လာတတ်ပါတယ်။ သူတစ်ပါးစည်းစိမ်ပညာကို
ငြူစူမရှုစိမ့်၊ ကိုယ့်စည်းစိမ်ဥစ္စာပညာကိုတော့မပေးချင်၊ လျှို့ဝှက်တတ်တဲ့သဘောတွေဟာ
ဆိုးတဲ့တရားတွေထဲပါပါတယ်။ နောက်တစ်ခုက ကိုယ်လုပ်လိုက်မိတဲ့ ဒုစရိုက်၊ ကိုယ်မလုပ်လိုက်မိတဲ့
ကုသိုလ်တစ်ခုခုကိုလုပ်မိလေခြင်း၊ မလုပ်မိလေခြင်း စသဖြင့် တွေးတွေးပြီး ပူပန်စိုးရိမ်နေတတ်တာ၊
နောင်တရနေတဲ့သဘောဟာလည်း တရားဆိုးတစ်ခုပါပဲ။
အထက်မှာဆိုခဲ့သလို ကိုယ်ပြုမိတဲ့အကုသိုလ်ကိုပယ်နိုင်အောင်
ကြိုးစားပါဆိုတဲ့ သမ္မပဒါန်က ဒီသဘောပါပဲ။ ပြန်တွေးပူပန်နေခြင်းက ကုက္ကုစ္စ အကုသိုလ်သဘောဖြစ်လို့
အလုပ်မဖြစ်ပါဘူး။ ဆင်ခြင်ပြီးနောင်မဖြစ်အောင် ဝီရိယထားကြိုးစားမှသာ ကုသိုလ်ဖြစ်မှာပါ။
မှန်မှန်ကန်ကန် အားထုတ်တဲ့ဝီရိယမျိုးရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ထိုင်းမှိုင်းခြင်းနဲ့တွေဝေငေးငိုင်မှုဆိုတဲ့
တရားဆိုး တွေလည်းရှိပါသေးတယ်။ ချုပ်လိုက်ရင်တော့ ဖြူစင်နေတဲ့စိတ်ကိုခြယ်လှယ်နေတာ ထိုထိုစေတသိက်အကုသိုလ်တွေပါလားဆိုတာ
သိသွားရတာပါပဲ။ ဒီလိုသိရတဲ့အခါ ထိုဖြစ်စဉ်လေးတွေဖြစ်လာတိုင်း ပေါ်လာတိုင်း ပယ်နိုင်အောင်
ရှောင်နိုင်အောင် ကြိုးစားချင်စိတ်ရှိဖို့သာ လိုရင်းဖြစ်ပါတယ်။
ကိုယ့်စိတ်ကိုယ်သိနေဖို့လို
ကိုယ့်စိတ်ကိုယ်သိနေဖို့သာလိုတာပါ။ အာရုံတွေဝင်လာတိုင်း
ကိုယ့်စိတ်ကကုသိုလ်ဖြစ်နေလား၊ အကုသိုလ်ဖြစ်နေလားပေါ့၊၊ ကုသိုလ်ဖြစ်ဖို့ဆိုရင် အာရုံနဲ့ဒွါရတိုက်လို့
ဖြစ်လာတဲ့စိတ်နဲ့ယှဉ်တဲ့ ကုသိုလ်စေတသိက်တွေကြောင့်ဆိုတာ လေ့လာနိုင်ပါတယ်။ ဒီနာမ်တရားတွေက
ကိလေသာ အညစ်အကြေးတွေကို ကင်းဝေးစင်ကြယ်စေလို့ ဖြစ်ပါတယ်။ ဘုရား၊ တရား၊ သံဃာ ရတနာ မြတ်သုံးပါးကိုယုံကြည်တာ၊
ကံ ကံ၏အကျိုးကို ယုံကြည်တာ၊ ထိုတရားတွေဟာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ တရားအနှစ်ပါပဲ။
ဘုရားဆိုတဲ့ အာရုံ၊ တရားဆိုတဲ့အာရုံ၊
သံဃာ ဆိုတဲ့အာရုံတွေအပေါ်မှာ ကြည်ညိုတယ်။ ကြည်ညိုတော့ မိမိရဲ့နာမ်တရားတွေလည်း ကြည်လင်လာတယ်ဆိုတဲ့
ယုံကြည်မှုသဒ္ဓါတရားဟာ သဒ္ဓါအစစ် လို့ဆိုထိုက်ပါတယ်။ ယုံကြည်မှုရှိလာရင် ထိုကောင်းတဲ့အာရုံတွေအပေါ်မှာ
ထပ်ခါထပ်ခါအောက်မေ့ခြင်း၊ ပွားများခြင်းသည် သတိဆိုတဲ့တရားရှိမှသာဖြစ်နိုင်တဲ့အတွက်
ဒီနေရာမှာ သဒ္ဓါနဲ့သတိဆိုတဲ့ တရားနှစ်ခုကို ထပ်ဖြည့်ချင်ပါတယ်။
ကောင်းမြတ်အကျင့်မကျင့်သမျှ
အလှမ်းဝေးနေဦးမည့် ငြိမ်းချမ်းရေး
ယနေ့ကာလအကုသိုလ်တွေ တိုးပွားများပြားလာခြင်းရဲ့
အကြောင်းတရားတစ်ခုမှာ အရှက် အကြောက်နည်းလာတာလည်းပါတယ်။ မကောင်းတာလုပ်မိလို့အရှက်အကြောက်မရှိ၊
ကောင်းတာလုပ်ဖို့ဆိုရင်တော့ ရှက်တတ်ကြောက်တတ်ကြတာ သတိထားမိတယ်၊ အားလုံး ကပြောင်းကပြန်ချည်းပဲ။
မကောင်းတာလုပ်မိရင် ရှက်တတ်ကြောက်တတ်တဲ့သဘောဟာ အကုသိုလ်ရဲ့လားရာကို သိနေသူတွေအတွက်သာဖြစ်ပါတော့တယ်။
အကုသိုလ်လောဘရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အလောဘရှိသူတွေသာလျှင် စွန့်ကြဲပေးကမ်းလှူဒါန်းမှုမှာပြီးပြည့်စုံတဲ့
ဒါနအရာမြောက်တတ်ကြပါတယ်။ အလောဘရှိသလို အဒေါသဆိုတဲ့ မေတ္တာတရားလည်း ရှိပြန်တယ်။ သူတစ်ပါးအကျိုးစီးပွားချမ်းသာခြင်းကိုမလိုလား၊
သူ့ပစ္စည်း၊ သူ့ဥစ္စာသာ အလိုကြီးတပ်မက်လိုချင်နေကြသရွေ့ ပဋိပက္ခသံသရာကဆုံးမှာမဟုတ်ပါဘူး၊၊
ကိုယ့်ထက် အားနည်းသူ၊ ကိုယ့်လောက်မရှိသူကိုအကြင်နာကင်းပြီး သနားညှာတာမှုမရှိ၊ သူတစ်ပါးချမ်းသာ
တိုးတက်နေရင် ဝမ်းမြောက်ခြင်းလည်းမရှိ၊ ချမ်းသာခြင်း/ ဆင်းရဲခြင်းလည်းမဖြစ်၊ ကံ ကံ၏အကျိုးပေးပါလားဆိုပြီး
အလယ်အလတ်သဘောနဲ့ဥပေက္ခာပြုနိုင်တဲ့ သဘောထားလည်းမရှိ၊ ထို မရှိ၊ မရှိဆိုတဲ့ ဆန့်ကျင်ဘက်သဘောဆောင်တဲ့
လက္ခဏာတွေရှိနေသမျှ ငြိမ်းချမ်းမှုနဲ့လည်းအလှမ်းဝေးနေကြဦးမှာ ဖြစ်ပါတယ်။
အထက်ပါအဆိုးတရားအားလုံးရဲ့ဆန့်ကျင်ဘက်
အတွေးအကြံ၊ အပြောအဆို၊ အပြုအမူတို့ သာလျှင် ငြိမ်းချမ်းရေးအတွက် ကောင်းမြတ်တဲ့အကျင့်တွေဖြစ်တဲ့အတွက်
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာသဘောတွေကို မိမိလက်တွေ့ဘဝမှာ ချိန်ဆကျင့်ကြံခြင်းသာလျှင်
ငြိမ်းချမ်းရေးအတွက် စစ်မှန်တဲ့အာမခံချက်တွေ ဖြစ်လာပါလိမ့်မယ်။
ကုသိုလ်/အကုသိုလ် ခွဲခြားသိလာရင်ကို ငြိမ်းချမ်းခြင်းအတွက်အောင်မြေတစ်ဝက်နင်းပါပြီ။
အကုသိုလ်ရဲ့အပြစ်က အခုဘဝ နောင်ဘဝ တိုက်ဆိုင်ရင်အကျိုးပေးပါတယ်။ ကံ ကံ၏အကျိုးကို အချိန်သိပ်မစောင့်ရဘဲ
လက်ငင်းအကျိုးပေးတတ်တယ်ဆိုတာသိထားရင် ရှောင်ရန်ဆောင်ရန် မခက်ပါဘူး။ မြင်တတ်ကြည့်တတ်ဖို့က
သတိတစ်လုံးပါပဲ။ အဆင်မပြေတာတွေ၊ မနှစ်မြို့စရာတွေ၊ အတားအဆီးတွေများတဲ့အခါ သတိထားစေချင်တာက
ကိုယ်သာအနာခံပြီး စိတ်မနာမိစေဖို့အရေးကြီးပါတယ်။
မပြီးနိုင်မဆုံးနိုင်စိတ်နာခြင်းက အကုသိုလ်ကို
အဖန်တလဲလဲတိုးစေတတ်တာ သတိထားမိလာပြီ။ ချစ်ခြင်းမုန်းခြင်း၊ ဖိစီးခြင်း၊ ပျော်ရွှင်ခြင်းစတာတွေအားလုံး
ကိုယ့်အတွင်းစိတ်ကပဲလာတာပဲဆိုတာသိလာပြီဆိုရင် ဆင်းရဲချမ်းသာတာနဲ့မပျော်ရွှင်မှု၊ ပျော်ရွှင်မှုဟာဆက်စပ်မှုမရှိ၊
ဆင်းရဲပေမယ့်စိတ်ချမ်းသာနေသူတွေ၊ ချမ်းသာပေမယ့် ပူနေရသူတွေတစ်ပုံကြီးရှိနေတာပဲလို့
သိနိုင်လာပါလိမ့်မယ်။ ဒါကြောင့် ပြောချင်တာက ဆင်းရဲပေမယ့် ကိုယ့်အတွင်းစိတ်ကိုကြံ့ခိုင်အောင်လုပ်ပါ။
ခွင့်လွှတ်ပေးပြီးပျော်ပျော်နေပါ။ ဒေါသနဲ့အမုန်းဖယ်ပြီး ကိုယ့်ကိုယ်ကိုယ်ကျေနပ်အောင်နေပါ။
စိတ်ကြောင့်အသက်တိုစေတဲ့ ဒီရုပ်ဒီခန္ဓာကြီးကို ဖိစီးနှိပ်စက်မခံပါနဲ့လို့သာ ဆိုလိုက်ပါရစေ။
အကြောက်တရားနဲ့ ငြိမ်းချမ်းတာထက်သူများကို
ဒုက္ခမရောက်စေတဲ့နည်းလမ်း၊ ကိုယ်လည်း အများကြီးမခံစားရတဲ့ နည်းလမ်းမျိုးနဲ့ ငြိမ်းချမ်းအောင်နေဖို့ကြိုးစားကြည့်စေချင်ပါတယ်။
အကြောက်တရားတို့၊ ခြိမ်းခြောက်တာတို့က တာရှည်မခံပါဘူး။ စေတနာထားတတ်မှုနဲ့ သူ့အကျိုး၊
ကိုယ့်အကျိုးရိုသေလေးစားမှုပြနိုင်ရင်ကို ငြိမ်းချမ်းပါတယ်။ ငြိမ်းချမ်းရေးတကယ်လိုချင်ရင်လည်း
တစ်ဦးချင်းအကျိုးစီးပွားထက် အများရဲ့ အကျိုးစီးပွားကိုလည်း ငဲ့စောင်းကြည့်ပေးဖို့သာ
အဓိကဖြစ်ပါလိမ့်မယ်။ အရေးကြီးဆုံးကတော့ ခံစားချက်တွေဦးစားမပေးဘဲ ချစ်တတ်ဖို့၊ ဂရုစိုက်ပေးဖို့၊
ကရုဏာတရားနဲ့ စာနာပေးနိုင်ဖို့သာပါ။
သို့မှသာ အကြွေးဟောင်းလည်းဆပ်ပြီး၊ အကြွေးသစ်လည်းအတင်မခံရတဲ့အခြေအနေ
ကောင်းတစ်ခုကို ရရှိနိုင်ပါလိမ့်မယ်။ ။
No comments:
Post a Comment